ဧရာဝတီတိုင်း အစိုးရအဖွဲ့က မြေဧက ၅၅၀ အား ပုဂ္ဂလိက ကုမ္ပဏီတခုကို နှစ် ၃၀ ဂရန်ဖြင့် ဆက်လက် လုပ်ပိုင်ခွင့် ပေးရန် ဆုံးဖြတ်မှုအပေါ် မအူပင်မြို့နယ် မလက်တို ကျေးရွာ တောင်သူများက ဆန္ဒ ထုတ်ဖော်ကြသည်။
ပုဂ္ဂလိကပိုင် ကုမ္ပဏီတခုဖြစ်သည့် အော့ချက်(ဒ်) က မလက်တိုအုပ်စု၊ ပလောင်ကျေးရွာရှိ တောင်သူများပိုင် အဆိုပါ မြေဧက ၅၅၀ ပေါ်တွင် ၂၀၃၇ ခုနှစ်အထိ လုပ်ပိုင်ခွင့် ရရှိထားသည်။
ထိုမြေများပေါ်တွင် တောင်သူများက ဝင်ရောက် စိုက်ပျိုးနေသည့် အတွက် ယင်းဂရန် ချထားမှုကို တိုင်းအစိုးရအဖွဲ့ က ထပ်မံ အတည်ပြုကြောင်း ဆုံးဖြတ်ပေးလိုက်၍ ဒီဇင်ဘာ ၂၆ ရက် က ဆန္ဒထုတ်ဖော်ခြင်း ဖြစ်ကြောင်း ဆန္ဒပြပွဲတွင် ပါဝင်သည့် တောင်သူများက ပြောသည်။
ဆန္ဒပြပွဲ ဦးဆောင်သူ မလက်တို အုပ်စု ပလောင် ကျေးရွာမှ လယ်သမား ကိုငြိမ်းမောင်က“ကျနော်တို့ လယ်သမားတွေ က ၂၀၁၃ ခုနှစ်မှာ ကိုယ့်မြေတွေကို ပြန်ယူပြီး လယ်ယာမြေဖော်ထုတ်ပြီး ထွန်ယက်စိုက်ပျိုးခဲ့ကြတယ်။ အခုကျတော့ အဲဒီလယ်မြေတွေကို ဧရာဝတီတိုင်းအစိုးရက အော့ချက်(ဒ်) ကုမ္ပဏီပိုင်ရှင် ဒေါက်တာမြင့်စိန်ကို ဆက်လက် လုပ်ကိုင် ခွင့် ပြုဖို့ ဆုံးဖြတ်ခဲ့တဲ့အတွက် ကန့်ကွက်ဆန္ဒပြတာ ဖြစ်ပါတယ်”ဟု ဧရာဝတီကို ပြောသည်။
ဆန္ဒထုတ်ဖော်မှုကို မလက်တိုကျေးရွာ အုပ်စုတွင်းရှိ ပလောင်၊ အဒိတ်၊ ကွန်တိုင်းလေးကျေးရွာတို့မှ တောင်သူ ၁၀၀ ကျော်ဖြင့် ပြုလုပ်ခြင်း ဖြစ်ပြီး “တိုင်းအစိုးရ၏ တဖက်သတ် ဆုံးဖြတ်ချက် ပြင်ဆင်ပေး”၊ “လယ်သိမ်း အော့ချက်(ဒ်) ကုမ္ပဏီ အလိုမရှိ”၊ “အဂတိ ကင်းရှင်းသောအစိုးရ ပေါ်ပေါက်ရေး”၊ “သိမ်းဆည်းခံလယ်ယာမြေများ ပြန်လည် ရရှိရေး” စသည့် ကြွေးကြော်ကာ နံနက် ၉ နာရီမှစကာ နေ့လယ် ၁၂ နာရီအထိ ဆန္ဒထုတ်ဖော်ခြင်း ဖြစ်သည်။
မလက်တိုကျေးရွာ အုပ်စု ပလောင်ကျေးရွာရှိ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဧက ၅၅၀ ကို စစ်အစိုးရ လက်ထက် ၁၉၉၉ ခုနှစ်တွင် မြေအောက်ရတနာ ဖော်ထုတ်ရေးစီမံချက်ဖြင့် အော့ချက် (ဒ်) ကုမ္ပဏီအား လုပ်ပိုင်ခွင့် ချထားပေးခြင်း ဖြစ်ကာ ကုမ္ပဏီက ၂၀၀၄၊ ၂၀၀၅ ခုနှစ်တွင် ငါးကန်များ တူးဖော် လုပ်ကိုင်ခဲ့ကြောင်း သိရသည်။
ယင်းနောက် ၂၀၀၇ ခုနှစ်တွင် အစိုးရက နောက်ထပ် နှစ် ၃၀ ဂရန် ထပ်မံချထား ပေးသဖြင့် ၂၀၃၇ ခုနှစ်အထိ လုပ်ပိုင် ခွင့် ရထားခြင်း ဖြစ်သည်ဟု ဆိုသည်။
အဆိုပါမြေများကို မြေအစားပေးခြင်း၊ လျော်ကြေးပေးခြင်း မရှိဘဲ သိမ်းယူခြင်းဖြစ်ကာ ၁၀ နှစ်ကြာသည်အထိ စီမံကိန်း မဆောင်ရွက်သည့် အတွက် မြေသိမ်းခံ တောင်သူများက ၂၀၁၃ ခုနှစ်မှစကာ ယင်းလယ်မြေများ အတွင်း ဝင်ရောက် ထွန်ယက် စိုက်ပျိုးမှု ပြန်လည် ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ ပြုလုပ်စဉ် ရဲတပ်ဖွဲ့က အင်အားသုံး ဖြိုခွဲရာ အဓိကရုဏ်း အတွင်း ရဲတပ်ဖွဲ့ဝင်တဦး သေဆုံးခဲ့ပြီး ဒေသခံ တောင် သူ ၂၈ ဦး ဒဏ်ရာရရှိသည်အထိ ဖြစ်ခဲ့ပြီး ရဲတပ်သား သေဆုံးမှုအတွက် ဒေသခံ ၉ ဦး ဖမ်းဆီးခံရကာ ထောင် ဒဏ် ၅ နှစ်၊ ၃ နှစ်၊ ၂ နှစ် စသည်ဖြင့် ပြစ်ဒဏ် ချမှတ်ထားသည်။
လူသတ်မှုဖြင့် ထောင်ကျခံနေရသည့် ၉ ဦးအား အော့ချက်(ဒ်) ကုမ္ပဏီက ထပ်မံ တရားစွဲဆိုသည့် အတွက် ၂ ဦးမှာ မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဥပဒေဖြင့် ထောင်ဒဏ် ၂ နှစ် ထပ်မံ ကျခံခဲ့ရသည်။
အဓိကရုဏ်း ဖြစ်ပြီးနောက် ပလောင်၊ အဒိတ်နှင့် ကွန်တိုင်လေး ကျေးရွာမှ မြေသိမ်းခံ တောင်သူနှင့် မြေယာမဲ့ တောင် သူ များက ယင်းမြေ ၅၅၀ ဧကတွင်း ဝင်ရောက်ကာ မိသားစု တစုလျှင် ၃ ဧကနှုန်းဖြင့် မိသားစု ၁၂၀ က လယ်ယာမြေ ဖော်ထုတ်ကာ ဝင်ရောက်စိုက်ပျိုးလျက် ရှိသည်။
ထိုသို့ ဝင်ရောက်စိုက်ပျိုးနေမှုကို ဖြေရှင်းပေးရန်အတွက် ကုမ္ပဏီဘက်က ယခင် ဧရာဝတီတိုင်း အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ တာဝန်ယူခဲ့သူ သူရဦးရွှေမန်း ဦးဆောင်သည့် ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာ နှင့် အထူးကိစ္စရပ်များ ဆန်းစစ်လေ့လာ သုံးသပ်ရေး ကော်မရှင်နှင့် ကာကွယ်ရေး ဝန်ကြီးဌာနထံ တိုင်ကြားခဲ့သည်။
ကော်မရှင်နှင့် ကာကွယ်ရေး ဝန်ကြီးဌာနက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနထံ အဆိုပါကိစ္စအား ဆောင်ရွက်စေခဲ့ရာ ၂၀၁၈ ခုနှစ် မတ်လ ၂၃ ရက်တွင် ဧရာဝတီတိုင်း အစိုးရထံ ထပ်မံ ညွှန်ကြားခဲ့ရာ ပြီးခဲ့သည့် အောက်တိုဘာလက ပြုလုပ်သည့် တိုင်းအစိုးရအဖွဲ့ အစည်းအဝေးတွင် ကုမ္ပဏီအား ခွင့်ပြုပြီး နှစ် ၃၀ ဂရန်ကို ထပ်မံ အတည်ပြု၍ ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။
အော့ချက်(ဒ်) ကုမ္ပဏီ စီမံခန့်ခွဲမှု ဒါရိုက်တာ ဒေါက်တာ မြင့်စိန်က“ကျနော် အမှန်တကယ် လုပ်ကိုင်ခွင့်ရရှိတာက ဧက ၁၀၀၀ ဖြစ်တယ်။ အဲဒီမှာ ကျူးတဲ့လူတွေက ၄၀၅ ဧက ရှိတယ်။ အဲဒီလူတွေကို တနေရာတည်းစုပေးပြီး မြေ ၄၅ ဧက တောင် အပိုထည့်ပေးပြီးတော့ ဧက ၄၅၀ ကို သူတို့ကို ပေးလိုက်တယ်။ ကျန်တဲ့ ဧက ၅၅၀ ကို ကျနော် မြောင်းတူးပြီး ပေါင်ဖို့ခဲ့တယ်။ ပြီးတော့ မိုးရေနဲ့ပဲ ငါးမွေးခဲ့တယ်။ ၂၀၁၃ ကျတော့မှ အရေးအခင်းစဖြစ်ပြီး အဲဒီမြေတွေ သူတို့ ဝင်လု သွားလို့ ဒီကနေ့ထက်ထိ လက်လွှတ် ဆုံးရှုံးနေရတယ်”ဟု ဧရာဝတီကို ပြောသည်။
၎င်းက ဆက်လက်ပြီး ငါးကန်လုပ်ငန်း ကန်ခွန်အတွက် လက်ရှိအချိန်အထိ အခွန်ဆောင်နေဆဲ ဖြစ်သည်ဟုလည်း ပြော ဆိုသည်။
သို့သော် အော့ချက်(ဒ်) ကုမ္ပဏီဘက်မှ ရှင်းလင်းချက်သည် မဟုတ်မှန်ကြောင်းနှင့် ငါးမွေးမြူခြင်း မရှိဘဲ မြက်ရိုင်း တော အဖြစ် ပစ်ထားခဲ့ကြောင်း ပလောင်ကျေးရွာ ဒေသခံများထံမှ သိရသည်။
ပလောင်ကျေးရွာ ဒေသခံ ဒေါ်ပြုံးစိန်က“ဒေါက်တာမြင့်စိန်က မြေဧက ၄၅၀ လျော်ကြေးပေးတယ်ဆိုတာ လုံး၀ မဟုတ် ပါ ဘူး။ အဲဒီဧက ၄၅၀ ထဲက လယ်သမားတွေက ငါတို့လယ်ကိုသိမ်းရင် အသက်ချင်းလဲပစ်မယ်ဆိုလို့ သူတို့မယူရဲဘဲ ဒီအတိုင်း ထားလိုက်တဲ့မြေတွေပါ။ ဧက ၅၅၀ ကိုလည်း ကန် တာပေါင်ပတ်ပြီး ၁၀ နှစ်လုံးလုံး ဒီအတိုင်း ပစ်ထားခဲ့လို့ အဲဒီကန်ထဲမှာ တောကြီးဖြစ်ပြီး မြွေပွေး၊ မြွေဟောက်တွေပေါက်လို့ ကျမတို့ဒေသက လူတွေ သေတာ မနည်းပါဘူး” ဟု တုံ့ပြန်သည်။
လက်ရှိ ယင်းမြေနေရာတွင် ကျူးကျော်ဝင်ရောက် ဖျက်ဆီးသည်ဟု ဆိုကာ အော့ချက်(ဒ်) ကုမ္ပဏီက ပလောင် ကျေးရွာ လယ်သမား ၃၈ ဦးကို မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေ ပုဒ်မများဖြင့် မအူပင်မြို့နယ် တရားရုံးတွင် ၂၀၁၇ ခုနှစ် အတွင်းက တရားစွဲဆိုထားပြီး စစ်ဆေးဆဲ ဖြစ်သည်ဟု သိရသည်။