ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ရှိ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနကို အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန လက်အောက်သို့ ပြောင်း ရွေ့ ခြင်းသည် နိုင်ငံရေးအရ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ကွပ်ကဲမှုအောက်မှ လွတ်မြောက်ရန် ဆိုသော ရည်ရွယ်ချက်မျိုး ဖြင့် ပြုလုပ်မည် ဆိုပါက တိုင်းပြည်အတွက် မကောင်းကြောင်း အတိုက်အခံ ကြံ့ခိုင်ရေးပါတီက ပြောသည်။
လက်ရှိ အတိုက်အခံအဖြစ် ရပ်တည်နေရသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ နန္ဒာလှမြင့် က ဒီဇင်ဘာ ၂၆ ရက်နေ့က နေပြည်တော်တွင် ဧရာဝတီနှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ဒေါက်တာ နန္ဒာလှမြင့် က “နိုင်ငံရေးအရ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ကွပ်ကဲမှုအောက်က လွတ်အောင်လုပ်တာမျိုး တလွဲဆံပင်ကောင်း ရည်ရွယ် ချက်မျိုးနဲ့ အတင်းစွတ်လုပ်မယ်ဆိုရင်တော့ အန္တရာယ်ရှိတယ်လို့ ပြောချင်တယ်။ နောက်တခုက နိုင်ငံရေး ရည်မှန်းချက်အရ တချို့ တွေလည်း ပြောကြပါတယ်။ ဒီလို ဆောင်ရွက်တာက ၂၀၂၀ မှာ လက်ရှိ အစိုးရ အနေနဲ့ အနိုင်ရအောင် ကြိုတင်ပြင်ဆင်တာတို့ ဘာတို့ ဝေဖန်မှုတွေ ရှိတယ်”ဟု ပြောသည်။
ထိုသို့သော ရည်ရွယ်ချက်မျိုးဖြင့် ပြုလုပ်ပါက တိုင်းပြည်အတွက် မကောင်းဘဲ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ ဆောင်ရွက် ရသည့် လုပ်ငန်းစဉ်များအရ ပြည်ထဲရေးဝန်ကြီးဌာနအောက်တွင် ရှိနေခြင်းက အလုပ်များ ပိုချောမွေ့ စေလိမ့်မည်ဟု သုံးသပ်တွေ့ ရှိ ရကြောင်း ကြံ့ခိုင်ရေးပါတီက ပြောသည်။
ကြံ့ခိုင်ရေးပါတီ အာဏာရှိစဉ် သမ္မတ ဦးသိန်းစိန် လက်ထက်ကလည်း ထွေ/အုပ်ကို သမ္မတရုံး ဝန်ကြီးဌာနအောက်သို့ ပြောင်းရွေ့ ရန် ကြိုးစားခဲ့ဖူးပြီး လက်တွေ့ ဆောင်ရွက်နိုင်ရေး စဉ်းစားရာတွင် ပြည်ထဲရေး ဝန်ကြီးဌာနအောက်ရှိ လုပ်ငန်းများမှာ ဆက်စပ်နေ သဖြင့် တိုင်းပြည်အတွက် အခက်အခဲ ရှိနိုင်သည်ဟုဆိုကာ မလုပ်ခဲ့ကြကြောင်း ဒေါက်တာ နန္ဒာလှမြင့်က ပြောသည်။
“ဒါကြောင့် ဒီဟာသည် အခုချိန်မှာတော့ မှားတယ်၊ မှန်တယ်လို့တော့ ကျနော်တို့က ပြောဖို့ ခက်တယ်။ ရည်ရွယ်ချက် ကောင်းဖို့ တော့ လိုတယ်။ ခုနကလို လွဲမှားတဲ့ ရည်ရွယ်ချက်နဲ့ ဆိုရင်တော့ တိုင်းပြည်အတွက် မကောင်းဘူး။ ကောင်းခြင်း မကောင်းခြင်း က တော့ ခုနကလို လုပ်ငန်းတွေ ဆောင်ရွက်လာတဲ့ အပေါ်မှာ ရရှိလာတဲ့ ရလဒ်အပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ အဖြေထွက်လာ လိမ့်မယ်”ဟု ၎င်းက သုံးသပ်သည်။
အုပ်ချုပ်ရေးဟု ပြောသော်လည်း ပြည်ထဲရေး၊ နယ်စပ်ရေးရာနှင့် ကာကွယ်ရေး ဝန်ကြီးဌာနတို့မှာ အခြေခံ ဥပဒေအရ ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်သည့် တပ်မတော်သားများ ဖြစ်နေကြောင်း၊ ပြည်ထဲရေးအောက်တွင် SB (အထူးရဲ)၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ စ သုံးလုံးနှင့် အကျဉ်းဦးစီးဌာနတို့ ရှိနေပြီးဖြစ်ရာ ထွေ/အုပ်မှာလည်း သမ္မတရုံးအောက်တွင် မရှိသည့်အခါ ဆောင်ရွက်ရသည့် လုပ်ငန်း များ အခက်အခဲ ရှိကြောင်း မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က မနေ့က မဇ္ဈိမ သတင်းဌာနနှင့် တွေ့ဆုံခန်းတခု တွင် ပြောသည်။
NLD ပါတီ ဒုတိယ ဥက္ကဋ္ဌလည်း ဖြစ်သူ ဒေါက်တာ ဇော်မြင့်မောင် က “ဒီအုပ်ချုပ်ရေးပိုင်း Frame Work ကြီးတခုက နေရာတကာ အကုန်ပါတာဗျ။ မြို့နယ် စည်း/ကမ်း ဆိုရင်လည်း အုပ်ချုပ်ရေးမှူးက ဥက္ကဋ္ဌ။ လယ်မြေ စစ်ဆေးရေး ဆိုရင်လည်း အုပ်ချုပ်ရေးပိုင်း ဥက္ကဋ္ဌ၊ ဒီ အုပ်ချုပ်ရေးပိုင်းကောင်းမှ ဖြစ်မှာလေ။ အဲဒီ အုပ်ချုပ်ရေးပိုင်း က သမ္မတရဲ့ လက်အောက်မှာ ရှိမှ ဝန်ကြီးချုပ် လက်အောက်မှာ ရှိမှာ။ ဝန်ကြီးချုပ် လက်အောက်မှာ ရှိမှ ကျနော်က ဆုပေးဒဏ်ပေး စနစ် လုပ်လို့ ရမှာပေါ့” ဟု ပြောသည်။
၎င်းက ဆက်၍ “ဒီဟာက သမ္မတရုံးအောက်ကို ရောက်လာတာ လုပ်ငန်းကိုင်ငန်း ပိုအဆင်ပြေ ချောမွေ့ လာမလားလို့ ကျနော် အဲလိုတော့ ထင်ထားတယ်ဗျ”ဟု ပြောသည်။
လက်ရှိတွင် ထွေ/အုပ် ဌာန အပြောင်းအရွေ့မှာ လမ်းညွှန်ချက်၊ မူဝါဒ ကျပြီး ဖြစ်ကြောင်း၊ ဦးမင်းသူကို အစိုးရ အဖွဲ့ ရုံး ဝန်ကြီး ခန့် အပ်ခြင်းသည် ယခု ကိစ္စကို အကောင်အထည်ဖော်ရန် အတွက်ဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက ဒီဇင်ဘာ လ ၂၁ ရက်နေ့က နေပြည်တော်တွင် ပြောဆိုခဲ့သည်။ ထို့ပြင် ပြောင်းရွေ့ မှုကိုလည်း အမြန်ဆုံးဆောင်ရွက်နေသည်ဟု ဆိုသည်။
ကြံ့ခိုင်ရေး ပြောခွင့်ရသူ ဒေါက်တာ နန္ဒာလှမြင့် က “Conflict of Procedure ၊ Conflict of Law ဥပဒေအရ ရှုပ်ထွေးမှုတွေ၊ လုပ် ငန်းစဉ်အရ ရှုပ်ထွေးမှုတွေ ဖြစ်လာနိုင်တဲ့ အနေအထားကိုလည်း သုံးသပ်ဖို့ လိုတယ်။ နောက်တခုက ကျတော့ တကယ့်ကို တိုင်း ပြည်အတွက် အကျိုးရှိဖို့ အစိုးရရဲ့ လုပ်ငန်းစဉ်တွေ ကောင်းမွန်ပြီးတော့ ပိုပြီးတော့ အုပ်ချုပ်မှု ယန္တရားတွေ သန့်ရှင်းလာဖို့ မှန်ကန် လာဖို့ ဖြောင့်မတ်တာမျိုး လုပ်တာမျိုး ဆိုရင်တော့ ကျနော်တို့ အနေနဲ့ ပြောစရာ မရှိဘူး”ဟု ဆိုသည်။
အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသည့် ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်သို့ ရောက်နေသည်မှာ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ တွင် နှစ် ၃၀ ပြည့်ခဲ့ပြီ ဖြစ်သည်။ ၎င်း၏ အဓိက လုပ်ငန်းတာဝန်မှာ နိုင်ငံတော် သမ္မတရုံးနှင့် ပြည်ထောင်စု အစိုးရအဖွဲ့ က ချမှတ် ပေးလိုက်သည့် လုပ်ငန်းတာဝန်များကို အကောင်အထည် ဖော်ပေးရန်ဟု ပြည်ထဲရေး ဝန်ကြီးဌာန၏ ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထား သည်။