အခြေခံပညာအဆင့် သင်ရိုးညွှန်းတမ်း တခုတွင် လူမျိုးနှင့် ကိုးကွယ်ရာ ဘာသာကို ခွဲခြားမှုရှိသည့် အကြောင်းအရာ များ ထည့်သွင်း သင်ကြားနေမှုကို ပြန်လည်သုံးသပ်ရန် အရပ်ဘက် အဖွဲ့ ၁၅၀ ကျော်က ပညာရေး ဝန်ကြီးဌာန အပါ အဝင် နိုင်ငံတော် သမ္မတနှင့် အတိုင်ပင်ခံ ပုဂ္ဂိုလ်ထံ ဒီဇင်ဘာ ၂၆ ရက်က အိတ်ဖွင့်ပေးစာ ပို့သည်။
အိပ်ဖွင့်ပေးစာပါ အချက်အလက်အရ အခြေခံပညာ အဆင့် စတုတ္ထတန်းတွင် သင်ကြားနေသည့် စာရိတ္တနှင့် ပြည်သူ့ နီတိ သင်ခန်းစာတွင် ပါရှိသည့် “ဝံသာနုစိတ်ဓာတ်” ကဗျာတွင် “သွေးနှောခြင်းကို ငါတို့မုန်း၊ လူမျိုး အညွန့်တုန်း” ဟူ သော စကားရပ် ပါဝင်နေ၍ ကန့်ကွက်သည့် အနေဖြင့် စာပို့ခြင်း ဖြစ်ကြောင်း သိရသည်။
ပညာရေး ဝန်ကြီးဌာနက ပြဋ္ဌာန်းထားသည့် အခြေခံပညာအဆင့် သင်ရိုးညွှန်းတမ်းများတွင် ထိုသို့ အသားအရောင်၊ လူမျိုး နှင့် ကိုးကွယ်ရာ ဘာသာ ခွဲခြားမှု ပါဝင်နေသည် ဆိုပါက ပြန်လည် စိစစ်မှုများ ပြုလုပ်မည်ဟု ပညာရေး ဝန်ကြီး ဌာန ဒုဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောသည်။
ပညာရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးဝင်းမော်ထွန်းက“ပညာရေးဝန်ကြီးဌာနက Gender (ကျား/မ) အရရော၊ ဘာသာ အရ ရော၊ အသားအရောင် အရရော ဘာမှ ခွဲခြားမှု မရှိပါဘူး။ ဒီဟာက ဘယ်လို အဓိပ္ပာယ်ရလဲ။ ဘယ်လောက်ထိ ဖြစ်လဲဆိုတာ အမျိုးသား သင်ရိုးညွှန်းတမ်း ကော်မတီကနေ စပြန်စိစစ်ဖို့ ကျနော်တို့ အကူအညီ ပြန်တောင်းရမှာပါ။ အကုန်လုံး စိစစ်ပြီးတော့မှ ဆောင်ရွက်မှာပါ။ ဌာနရဲ့ Concept (ခံယူချက်) ကတော့ No discrimination (ခွဲခြားမှု မရှိခြင်း) ပဲ”ဟု ဧရာဝတီကို ပြောသည်။
အရပ်ဘက် အဖွဲ့အစည်းများက ပေးပို့သည့် စာများကို လက်ခံရရှိခြင်း မရှိသေးသော်လည်း ယခု ဖြစ်ပေါ်လာသည့် အချက်အလက်များ အပေါ် စိစစ်မှုများ ပြုလုပ်သွားမည်ဟုလည်း ဆိုသည်။
ဒုဝန်ကြီး ဦးဝင်းမော်ထွန်းက“စိစစ်ရမှာပေါ့။ ဒါ အန္တရာယ် ဟုတ်နေရင်တော့ စိစစ်ရမှာ။ မှားနေရင် ပြန်ပြင်ရမှာပေါ့” ဟု ပြောသည်။
စာရိတ္တနှင့် ပြည်သူ့နီတိသည် ကျောင်းသားများအား သင်ကြားသည့် အဓိက သင်ရိုးညွန်းတမ်း မဟုတ်ဘဲ အပိုဆောင်း ညွှန်တမ်း (Extra Curriculum) သာ ဖြစ်ကြောင်း၊ ပြုစုသည့်အဖွဲ့က ၎င်းတို့ အားသန်ရာ အကြောင်းအရာများကို ထည့် သွင်းလာသည်များအပေါ် ဝန်ကြီးဌာနအနေဖြင့် အလုံးစုံ ကျွမ်းကျင်သိမြင်ရန် ခက်ခဲသည့် အတွက် အမျိုးသား သင်ရိုး ညွှန်းတမ်း ကော်မတီ၊ သင်ရိုးပြုစုရေး ဌာနမှတဆင့် အဆင့်ဆင့် ပို့ပြီးမှသာ ဝန်ကြီးရုံးသို့ ရောက်ရှိခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းကဗျာပါ သင်ရိုးညွှန်းတမ်းကို အစိုးရ အခြေခံပညာကျောင်းများအပါအဝင် ပုဂ္ဂလိကျောင်များတွင်လည်း သင်ကြား မှု များ ရှိနေကြောင်း အရပ်ဘက်အဖွဲ့အစည်းများ၏ အိပ်ဖွင့်ပေးစာ၌ ဖော်ပြထားပြီး ကဗျာပါ သင်ရိုးညွှန်းတမ်းမှာ ဆရာကိုင်သာ ဖြစ်ပြီး ကျောင်းသားများ အတွက် ထုတ်ဝေထားခြင်း မရှိကြောင်းလည်း ဧရာဝတီက စုံစမ်းသိရှိရသည်။
ထို သင်ရိုးညွှန်းတမ်းကို ကလေးများအား သင်ကြားပေးနေသည်မှာ ၁၊ ၂ နှစ် မကကြောင်း၊ အဆိုပါကဗျာကို ၎င်း၏ သား သမီးများလည်း သင်ယူ ကျက်မှတ်မှုများ လုပ်နေကြကြောင်း ကျောင်းသား ၃ ဦး၏ မိခင်ဖြစ်သူက ဧရာဝတီကို ထုတ်ဖော် ပြောဆိုသည်။
၎င်းက“ကိုယ့်ကလေးတွေ သင်ရမှ သတိထားမိတာမို့ ဘယ်အချိန်ကတည်းက စသင်နေတယ် ဆိုတာ မသိပါ”ဟု ပြော သည်။
အရပ်ဘက်အဖွဲ့အစည်းများ၏ အိတ်ဖွင့်ပေးစာတွင် ယင်းသို့ ခွဲခြားဆက်ဆံမှုများအား စနစ်တကျ ဖြန့်ဖြူးနေသည့် ပညာ သင်ကြားမှု ပုံစံသည် အစိုးရ၏ အခြေခံမူများဖြစ်သော ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ တိုင်းရင်းသား စည်းလုံး ညွီညွတ်ရေး၊ တန်းတူညီမျှရေးနှင့် ဆန့်ကျင်နေကြောင်း၊ အနာဂတ်တွင်လည်း နိုင်ငံသားအချင်းချင်း အထင် အမြင် လွဲမှားကာ အမုန်းတရားအခြေခံသည့် ပဋိပက္ခများ ဖြစ်ပေါ်စေရန် သွပ်သွင်းမှုအဖြစ် ရှုမြင်ကြောင်း ဖော်ပြထား သည်။
အဆိုပါ အိတ်ဖွင့်ပေးစာကို ညီမျှခြင်းမြန်မာ (Equality Myanmar)၊ Metta Campaign၊ အင်ကြင်းမေ ဟိန္ဒူ အမျိုးသမီး ကွန်ရက်၊ မေတ္တာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း အပါအဝင် အရပ်ဘက် အဖွဲ့အစည်းအပေါင်း ၁၅၇ ဖွဲ့နှင့် တသီး ပုဂ္ဂလ ၁၀ ဦးတို့က ရေးသား ပေးပို့ထားခြင်း ဖြစ်သည်။
အိတ်ဖွင့်ပေးစာ ပေးပို့ရာတွင် ပါဝင်သူ အင်ကြင်းမေ ဟိန္ဒူအမျိုးသမီးကွန်ရက်မှ ဒေါ်ကတ်သလင်းသိန်းက“ဒီစာ ကြောင်း လေး တကြောင်းဟာ ဘယ်လောက်ထိ တာသွားနိုင်လဲဆို တော်တော်လေး တင်းမာနိုင်တယ်။ ကလေးငယ် လေးတွေရဲ့ စိတ်ထဲမှာ အသားအရောင်မတူ၊ ဘာသာမတူဘူးဆိုရင် ငါတို့ မုန်းတီးရမယ်ဆိုတာ ဖြစ်သွားရင် မကောင်း ဘူး။ လူတိုင်းကတော့ ကိုယ့်ဘာသာအတွက် ထိန်းသိမ်းရမယ်။ မျိုးချစ်စိတ် ရှိရမယ်ဆိုတာ လက်ခံပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးကို ဦးတည်တဲ့ စကားလုံးမျိုးလေးတွေ ထည့်ပြီးပြောရရင် ပိုမကောင်းဘူးလား”ဟု ပြောဆိုသည်။