မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရှိ ကျင်စန်းကျော့ဂိတ် ပိတ်လိုက်သည့်အတွက် တရုတ်သို့ တင်ပို့ မည့် ဖရဲ၊ သခွားတင် ကုန်ကား ၁၆၀၀ ပိတ်မိနေကြောင်း သစ်သီးဒိုင်လုပ်ငန်းရှင်များက ဧရာဝတီကို ပြောသည်။
ယနေ့ (ဒီဇင်ဘာလ ၂၆ ရက်) နံနက်ပိုင်းက လုံခြုံရေးအတွက်ဟုဆိုကာ မြန်မာစစ်တပ်ဘက်မှ ပိတ် လိုက်ခြင်းဖြစ်ပြီး ယင်းဂိတ်ပေါက်သည် တရုတ်နိုင်ငံ ဝမ်တိန်ကုန်ချကွင်းသို့ သွားရောက်ရန်အတွက် အဓိက ဂိတ်ပေါက်လည်း ဖြစ်သည်။
မူဆယ်သို့ ဖရဲ၊ သခွားတင်ပို့နေသည့် ပဲခူးတိုင်းမှ တောင်သူ ကိုနိုင်လင်းထက်က “နိုင်ငံတော် လုံခြုံရေး အရ မြန်မာဘက်က ဂိတ်ကို ပိတ်လိုက်တယ်ဆိုတော့ တောင်သူတွေ ထိုင်ငိုရုံမှအပ ဘာမှမရှိဘူး။ ဖရဲ၊ သခွား ကုန်တင်ကားအစီးရေ ၁၆၀၀ ကျော်လောက် ပိတ်မိနေတာ” ဟု ဧရာဝတီကို ပြောသည်။
အဆိုပါ ပိတ်မိနေသည့် ကားများမှာ မူဆယ် ၁၀၅ မိုင်နှင့် ကျင်စန်းကျော့ကြားတွင် ကားအစီးရေ ၅၀၀ ကျော်၊ ကားဝန်းအတွင်း အစီးရေ ၆၀၀ ကျော်၊ လမ်းမများပေါ်တွင် ကုန်တင်နေဆဲ ကားအစီးရေ ၅၀၀ ကျော်တို့ ဖြစ်သည်။
“ကုန်သွယ်ရေးဦးစီးဌာနက ပိတ်တာလည်း မဟုတ်ဘူး။ အဲဒီနေရာက ကျနော်တို့ သိသလောက်က အမှောင်နေရာ ဖြစ်နေတယ်။ အညိုရောင်အဆင့် သတ်မှတ်ထားတယ်။ စစ်တပ်က ပိတ်တယ်ဆိုပြီး တော့ တပ်ရင်းမှူးတယောက်က ဖုန်းဆက်လာတယ်။ အထက်အမိန့်အရ ပေးမသွားဘူးဆိုတာပဲ သတင်းက ရှိသေးတယ်။ တပ်က စာတော့ မထွက်သေးဘူး” ဟု မူဆယ် သစ်သီးဝလံကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးအောင်သက်ဦးက ဆိုသည်။
ကျင်စမ်းကျော့ဂိတ်မှာ ပုပ်သိုးလွယ်ကုန်မျာဖြစ်သည့် သစ်သီးဝလံနှင့် အေးခဲငါးများ အဓိက ရောင်း ဝယ်တင်ပို့သည့် ဂိတ်ပေါက်ဖြစ်သည့်အတွက် ပိတ်မိနေသည့် သစ်သီးတင်ကားများကိစ္စ ဖြေရှင်းပေး ရန်အတွက် ကုန်သွယ်ရေးဦးစီးဌာနသို့ တင်ပြထားကြောင်းလည်း သစ်သီးဝလံဒိုင်များထံမှ သိရသည်။
ယခင်က ကုန်သွယ်ရေးဂိတ်ပေါက်များကို တရုတ်ဘက်မှ အကြောင်းအမျိုးမျိုးပြ ပိတ်လေ့ရှိကာ ယခုကဲ့သို့ မြန်မာဘက်မှ ပိတ်ခြင်းမှာ ပထမဆုံး ဖြစ်ပြီး နယ်စပ်ဂိတ် ပိတ်ထားမှု ကြာမြင့်မည်ဆိုပါက လုပ်ငန်းရှင်များအတွက် ဆုံးရှုံးမှု ပိုများနိုင်ကြောင်း သိရသည်။
“စောရန်နိုင်” မန္တလေး-မူဆယ်အဝေးပြေးကုန်စည်ပို့ဆောင်ရေး ဂိတ်မှူး ကိုဇော်မြင့်ဦးက “နှစ်နိုင်ငံ ကုန်စည်စီးဆင်းမှုမှာ ဒီလောက် အရေးပါတဲ့ဂိတ်တခုကို ကိုယ့်နိုင်ငံဘက်က ပိတ်လိုက်တာဆိုတော့ ကိုယ့်လူမျိုးကို သတ်လိုက်တာနဲ့ အတူတူပါ ပဲ။ ဒါကို အစိုးရအနေနဲ့ အမြန်ဆုံးချောမွေ့အောင် ဖြေရှင်းပေးသင့်ပါတယ်” ဟု ပြောသည်။
ကျင်စန်းကျော့ဂိတ် ပိတ်ရခြင်းမှာ မူဆယ်မြို့နယ် မူဆယ်-မန္တလေးကားတွင် ရှိသည့် ကျောက်တောင်မှ ကျောက်ထုတ် လုပ်ခြင်းကို အစိုးရမှ သဘာဝပတ်ဝန်းကျင် ပျက်စီးထိခိုက်သည်ဆိုကာ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်က လုပ်ပိုင်ခွင့်ပါမစ်များ ဖျက်သိမ်းခဲ့သော်လည်း တရားမဝင် လမ်းကြောင်းမှတဆင့် ဆက်လက်တင်ပို့မှုများ ရှိနေသည့်အတွက် ယင်းသို့ ပိတ်ဆို့ ခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်မှုများ ရှိသည်။
မူဆယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းမြင့်လွင်က “စနေနေ့ (ဒီဇင်ဘာ ၂၂ရက်) က ကျောက်ကားကို ဖမ်းတယ်။ ဖမ်းတာ ကားလေး၊ ငါးစီးလောက်လို့ ကြားတာပဲ။ သစ်သီးပွဲရုံတန်း ထွက်တဲ့ လမ်းကြောနဲ့က တူတူပဲ။ ကိုယ်ပျောက်ကားတွေလားတော့ မသိဘူး၊ ခိုးထွက်တာ။ အရင်ကတော့ မပိတ်ဘူး။ ခိုးထွက်တာများလို့ ခဏ ပိတ်ထားတယ်လို့ မြင်တယ်” ဟု ဆိုသည်။
လတ်တလောတွင် ကျင်စန်းကျော့ဂိတ် ပိတ်မှုကြောင့် မူဆယ် သစ်သီးဒိုင်များတွင် ရက်အကန့်အသတ် မရှိ အရောင်း အဝယ် ယာယီရပ်ဆိုင်ထားပြီး ပိတ်မိနေသည့် ကုန်ကားများမှာလည်း အခက်တွေ့နေကြ ကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။
ကိုဇော်မြင့်ဦးက “အချိန်ပိုကြာရင်တော့ အားလုံး ဒေဝါလီခံသွားနိုင်တယ်။ ကျနော်တို့ ကားသမားတွေ လည်း ကားခ ရချင်မှရမယ်။ ကုန်စိမ်းရာသီချိန်မှာ ဒီလိုကြီး လုပ်ချလိုက်တော့ အားလုံးဒုက္ခရောက်ကြ ရပြီ” ဟု ပြောသည်။
မည်သည့်အချိန်အထိ ဂိတ်ပိတ်ထားမည်ဆိုသည်နှင့် ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေး ဝန်ကြီးဌာနထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိဘဲ ကုန်သွယ်ရေး ဦးစီးဌာနကမူ လမ်းပန်းဆက်သွယ်ရေး ပြေလည်အောင်အတွက် လုပ်ဆောင်ပေးနေသည်ဟု မူဆယ် သစ်သီးဝလံကုန်စည်ဒိုင်များထံမှ သိရသည်။
မူဆယ်မြို့မှ တရုတ်သို့ တရားဝင် အဝင်အထွက် ဂိတ်ပေါက် ၄ ခုရှိရာ ဆင်ဖြူဂိတ်မှာ ခရီးသွား ယာဉ် ငယ်နှင့် ခရီးသည် သီးသန့် ဖြတ်သန်းခွင့် ပေးထားပြီး ပန်ဆိုင်း၊ ကျင်စန်းကျော့နှင့် မန့်ဝိန်း ဂိတ်မှာ ကုန်စည်ပို့ဆောင်ရေးအတွက် အသုံးပြုပြီး ပန်ဆိုင်းဂိတ်ကိုမူ တရုတ်ပြည်ဘက်က ပိတ်ထားသည်။
ပန်ဆိုင်းဂိတ် ပိတ်ထားခြင်းမှာ ဂိတ်ပေါက်၀ မုခ်ဦး ပြင်ဆင်နေသည့်အတွက် ဖြစ်ကာ လတ်တလော ပိတ်မိနေသည့် ကုန်တင်ကားများ ဝင်ရောက်နိုင်ရန်အတွက် တရုတ်ဘက်က စီစဉ်နေသည်ဟုလည်း သိရသည်။
ခွာညိုသစ်သီးပွဲရုံမှ ကိုစိုင်းမင်းသူနိုင်က “မနက်ဖြန် (ဒီဇင်ဘာ ၂၈) မှာတော့ လက်ရှိကားတွေကို ပေးဝင်မယ်။ ကျနော်တို့ ပန်ဆိုင်းကနေ ဝင်မယ်။ ပိတ်တာတော့ ကျနော်တို့ဘက်က ပိတ်တာ သူတို့ (တရုတ်) ဘက်က ပိတ်တာ မဟုတ်ဘူး။ သူတို့ဘက်က ဆောက်နေတဲ့ ငြမ်းကို ညတွင်းချင်း ဖြိုပေးမယ်လို့ ပြောတယ်။ အရင်က မုခ်ဦးပြင်နေလို့ ဆိုပြီး ပေးမဝင်ဘူး။ ကျင်စန်းကျော့ပဲ ပေးဝင်တာ” ဟု ဧရာဝတီကို ပြောသည်။
(မျိုးပပစန်းနှင့် မြတ်ပြည့်ဖြိုးတို့ ပူးပေါင်းရေးသားသည်။)