အစိုးရရုံးစိုက်ရာ နေပြည်တော် ဝန်ထမ်းအိမ်ရာတခုတွင် အသက် ၅၆ နှစ်အရွယ် အမျိုးသမီးတဦး ကြိုးဆွဲချ ပုံစံဖြင့် သေဆုံးနေမှု ဖြစ်ပွားခဲ့ကြောင်း ဇမ္ဗူသီရိမြို့နယ် အမှတ် ၇ နယ်မြေရဲစခန်းက ပြောသည်။
ဒီဇင်ဘာလ ၂၆ ရက်က ဇမ္ဗူသီရိမြို့နယ်၊ ဉာဏသိဒ္ဓိရပ်ကွက်ရှိ စုပေါင်းဝန်ထမ်းအိမ်ရာ၊ တိုက် ၃၃၇၆၊ အခန်း ၁၅ တွင် နေထိုင်သူ ဆောက်လုပ်ရေးဝန်ကြီးဌာန အမျိုးသမီးဝန်ထမ်းတဦး၏ မိခင်ဖြစ်သူ ဒေါ်စိန်နုမှာ သမီးဖြစ်သူ ရုံးသွားနေစဉ် ကြိုးဆွဲချပုံစံဖြင့် သေဆုံးနေခြင်း ဖြစ်သည်။
အမှတ် ၇ နယ်မြေ ရဲစခန်း စခန်းမှူး ရဲအုပ်တင်သိန်းက “ညနေ ၅ နာရီ ရုံးဆင်းမှ သူ့အမေ ကြိုးဆွဲချသေနေတာကို တွေ့တာ။ ဓမ္မတာအတိုင်း သေတာ ဟုတ်၊ မဟုတ် စစ်ဆေးနေတယ်။ ပြီးတော့မှ တရားစွဲတင်ပေးရမှာပါ။ အခုလောလောဆယ်တော့ မနက်က ရင်ခွဲတယ်။ ရင်ခွဲရုံမှာ ဓာတ်ပုံမှတ်တမ်းတွေ သွားရိုက်တယ်။ ဆေးစာရမှ ဘယ်လိုဆိုတာ မှတ်ချက်ပြုနိုင်မှာ” ဟု ဧရာဝတီကို ပြောသည်။
သေဆုံးသူ အမျိုးသမီးမှာ တိုက်ခန်းအတွင်းရှိ အိမ်သာခန်းနံရံတွင် တပ်ဆင်ထားသည့် လေထွက်ပေါက်ပန်ကာတွင် လည်ပင်းကြိုးစွပ်လျက် အနေအထားဖြင့် သေဆုံးနေခြင်း ဖြစ်သည်ဟု ရဲစခန်းထံမှ သိရသည်။
အဆိုပါ အမျိုးသမီးမှာ သမီးဖြစ်သူနေထိုင်သည့် ဝန်ထမ်းအိမ်ရာသို့ ၂၀၁၅ ခုနှစ်က ရန်ကုန်မှ ပြောင်းရွှေ့လာသူဖြစ်သူဖြစ်ပြီး မိသားစုနှင့် နေထိုင်စဉ်အတွင်း ကျန်းမာရေးဆိုင်ရာ ပြဿနာကြောင့် စိတ်ထိခိုက်နေသူဟုလည်း သိရသည်။
ပျဉ်းမနား မြို့မရဲစခန်းမှ ဒုရဲအုပ် သက်နိုင်ဦးက “ဒီလို ကြိးဆွဲချသေတယ်ဆိုတာ အမြင့်ကနေ ခုံချမှ သေတာမဟုတ်ဘူး။ ဘယ်လိုနေရာဖြစ်ဖြစ် လည်ပင်းကြိုးစွပ်လိုက်တာနဲ့ ဇလုပ်ပြုတ်တာနဲ့ သေတာပဲ။ အများစုက ဒီလိုဖြစ်စဉ်မျိုးတွေက အိမ်တွင်းရေး အဆင်မပြေတာ၊ ကျန်းမာရေးချို့တဲ့တာ၊ စီးပွားရေးကျပ်တည်းတာမျိုးတွေ အများဆုံးဖြစ်လေ့ ရှိတယ်” ဟုပြောသည်။
လက်ရှိတွင် ဒေါ်စိန်နု သေဆုံးမှုနှင့် ပတ်သက်၍ ဇမ္ဗူသီရိမြို့နယ် အမှတ် ၇ နယ်မြေရဲစန်းတွင် သေမှုသေခင်း ဖွင့်လှစ်ကာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် သိရှိရန်အတွက် နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံသို့ ဆေးစာပေးပို့ စစ်ဆေးလျက် ရှိသည်။