သတင်း

တိုင်းရင်းသား လက်နက်ကိုင်များ ငြိမ်းချမ်းရေး ဆောင်ရွက်ရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြော

Want create site? Find Free WordPress Themes and plugins.

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနေဖြင့် ဒီမိုကရေစီနှင့် တိုင်းပြည် စည်းလုံးညီညွတ်စွာဖြင့် ဖွံ့ဖြိုးတိုးတက်သည်ကို လိုလားသည်ဆိုလျှင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း တပ်မတော် ကာကွယ် ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောသည်။

ရန်ကုန်မြို့ရှိ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) စစ်ရေးပြကွင်း၌ ဒီဇင်ဘာ ၂၆ ရက်နေ့က ပြုလုပ်သော အမျိုးသမီး ဗိုလ်လောင်း သင်တန်း အမှတ်စဉ် ၅ သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနား မိန့်ခွန်းတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ထည့်သွင်း ပြောဆိုသွားခြင်း ဖြစ်သည်။

တပ်ချုပ် က“ယခုအခါတွင် ၂၀၁၉ ခုနှစ် ဧပြီလ ၃၀ ရက်နေ့အထိ တပ်မတော်မှ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများအားလုံး ရပ် ဆိုင်း ပေးထားပြီး ဖြစ်သဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနေဖြင့် ဒီမိုကရေစီကို လိုလားလက်ခံသည်၊ တိုင်းပြည် စည်းလုံး ညီညွတ်စွာဖြင့် ဖွံ့ဖြိုးတိုးတက်သည်ကို လိုလားသည်ဆိုလျှင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆောင် ရွက် ကြရန် လိုအပ်မည်”ဟု ဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အနေဖြင့် ယင်းသို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် အတွက် လိုအပ် သည် များကို တပ်မတော် အနေဖြင့် ကူညီဖြေရှင်း ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းလည်း ကတိပြုသည်။

တပ်မတော်အနေဖြင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) မရေးထိုးရသေးသော တိုင်းရင်း သား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် အတွက်ဟုဆိုကာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၁၉ ခုနှစ် ဧပြီ လ ၃၀ ရက်အထိ စစ်ဆင်ရေးနယ်မြေ အလိုက် စစ်တိုင်း ၅ ခုကို စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ အားလုံး ရပ်ဆိုင်း ပေးမည် ဖြစ်ကြောင်း ယခုလ ၂၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာထားသည်။

ထိုစစ်တိုင်း ၅ ခုမှာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေ၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေနှင့် တြိဂံ ဒေသတိုင်း စစ်ဌာနချုပ်နယ်မြေများ ဖြစ်ပြီး NCA လက်မှတ် ရေးထိုးရန် ကျန်ရှိသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးနှင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး အတွက် အဖွဲ့တဖွဲ့ချင်းအလိုက် ညှိနှိုင်း ဆွေးနွေးသွားရန် လိုအပ်မည်ဟုလည်း ဆိုထားသည်။

မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခများကြောင့် တည်ငြိမ်အေးချမ်းမှု မရှိသဖြင့် ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်ပြီး အပြည့် အဝ ဆောင်ရွက်နိုင်ခြင်း မရှိသေးဘဲ အာဆီယံ အသိုက်အဝန်းမှာပင် နောက်ကျ ကျန်နေလျက်ရှိသည်ကို တွေ့မြင် ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အခြားနိုင်ငံများကို အမီလိုက်နိုင်ရန် လိုအပ်ကြောင်း ထောက်ပြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဒေသ၊ လူမျိုး၊ ဘာသာ ခွဲခြားမှုမရှိဘဲ “မြန်မာစိတ်” မွေးပြီး မိမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ကြိုးစားလုပ်ကိုင်သွားရန် လိုအပ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက် ရေးနှင့် ငြိမ်းချမ်းရေးကို ကြိုးပမ်းဖော်ဆောင် နေသည့် ယနေ့အချိန်အခါတွင် မိမိတို့အနေဖြင့် တတပ်တစ်အား ပါဝင် ကြိုးပမ်း သွားကြ ရမည်ဟု ဆိုသည်။

လက်ရှိအချိန်တွင် အပစ်မရပ်ရသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံ ဆွေးနွေးညှိနှိုင်းရန် ဆောင် ရွက် မှုများ ပြုလုပ်နေသည်ကို တွေ့ရသော်လည်း အပစ်ရပ်ထားသော ၁၀ ဖွဲ့နှင့် တရားဝင် ဆွေးနွေးပွဲများ ရပ်ဆိုင်း လျက် ရှိသည်ကို တွေ့ရသည်။

NCA ထိုးထားသည့် အဖွဲ့များမှာ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်အမျိုးသား အစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် (DKBA)၊ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP)၊ မွန်ပြည်သစ် ပါတီ(NMSP)၊ လားဟူ ဒီမိုရက်တစ် အစည်းအရုံး (LDU) တို့ဖြစ် သည်။

NCA မရေးထိုးရသေးသော အဖွဲ့များမှာ “ဝ”ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်(NDAA)၊ ရှမ်း ပြည် တိုးတက်ရေး ပါတီ(SSPP/SSA)၊ ကချင် လွတ်လပ်ရေး တပ်မတော်(KIA)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက် ရေး တပ်မတော်(TNLA)၊ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်(MNDAA)၊ ရက္ခိုင့် တပ်မတော်(AA)၊ နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ-ကပ္ပလန်(NSCN-K)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP)၊ ရခိုင် အမျိုးသား ကောင်စီ(ANC) တို့ ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading