ကနေဒါနိုင်ငံသားတဦးကို တရုတ်တရားရုံးတရုံးက စနေနေ့တွင် မူးယစ်ဆေးပြစ်မှုဖြင့် စွဲချက်တင် ရန်ကြိုးစားနေကြောင်း အစိုးရအာဘော်သတင်းတရပ်က ဆိုသည်။ ယင်းအမှုသည် တရုတ်နှင့် ကနေဒါတို့အကြား ဆက်ဆံရေးမပြေလည်မှုကို နောက်ထပ်အကဲစမ်းခြင်းလည်း ဖြစ်နိုင်ချေရှိသည်။
လျောင်နင်းပြည်နယ် အရှေ့မြောက်ပိုင်းရှိ တရားရုံးက ကနေဒါနိုင်ငံသား ရောဘတ်လွိုင် ဆဲလန်ဘတ် ဆိုသူကို မူးယစ် မှောင်ခိုမှုဖြင့် ဒါလီယန်တွင် စွဲချက်တင်ရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဗုဒ္ဓဟူး နေ့က ပြောကြားသည်။
နိုင်ငံတော်လုံခြုံရေးအန္တရာယ် အတွက် မသင်္ကာမှုဖြင့် ကနေဒါနိုင်ငံသားနှစ်ဦးကို တရုတ်အစိုးရက ဖမ်းဆီးခဲ့ရာ နှစ်နိုင်ငံ ကြားတွင် အပြန်အလှန်စွပ်စွဲအပြစ်တင်ခဲ့ကြသည်။
အမေရိကန်၏တောင်းဆိုချက်ကြောင့် ကနေဒါအစိုးရက တရုတ်ထိပ် တန်း စီးပွားရေးသမားတဦးကို ဖမ်းဆီးပေးခဲ့ရာက ယင်းသို့ မကျေလည်မှုစတင်ခဲ့ခြင်းဖြစ်သည်။
ဒါလီယန် ဒေသအာဏာပိုင်တို့၏ အဆိုအရ ရောဘတ်လွိုင် ဆဲလန်ဘတ်ကို စစ်ဆေးတွင် ၎င်းသည် ကနေဒါနိုင်ငံသား တဦး ဖြစ်ကြောင်း၊ ၎င်းသည် တရုတ်နိုင်ငံအတွင်းသို့ မူးယစ်ဆေး အမြောက်အမြား မှောင်ခိုတင်သွင်းခဲ့မှု စစ်ဆေးတွေ့ ရှိရပြီး နောက် အယူခံကြားနာခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံတွင် မူးယစ်ဆေးအမှုများကို ပြင်းပြင်းထန်ထန် ပြစ်ဒဏ် ချမှတ်လေ့ရှိပြီး ကနေဒါအစိုးရ ထံမှ ယင်းဖြစ်စဉ်နှင့် စပ်လျဉ်း၍ လတ်တလော တုံ့ပြန်ချက် မထွက်ပေါ်လာသေးပေ။
၂၀၀၉ ခုနှစ်က ဘိန်းဖြူများဖြင့် ဖမ်းမိသည့် ဗြိတိန်နိုင်ငံသားတဦးကို တရုတ်က အပြစ်ပေးခဲ့ရာ ယင်းအပြစ်ပေးမှုသည် မည်သည့် စိတ်ကျန်းမာရေး စိစစ်ခြင်းမှ မရှိဘဲ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ဗြိတိန်က ကန့်ကွက်ပြောဆိုခဲ့သည်။
တရုတ်က ယခင်ဖမ်းဆီးထားသည့် ကနေဒါနိုင်ငံသား၃ဦး ပြန်လွှတ်ပေးရေးအတွက် ကနေဒါအစိုးရ အနေဖြင့် ယခုလ အစောပိုင်းက ဖိအားပေးခဲ့ပြီးဖြစ်သည်။
ကနေဒါရဲက ဟွာဝေးနည်းပညာကုမ္ပဏီလီတက်၏ဘဏ္ဍာရေးအရာရှိချုပ်ဖြစ်သူ မုန်ဝမ်ကျိုဝူကို ဒီဇင်ဘာလ ၁ ရက်တွင် ဖမ်းဆီးလိုက်ပြီးနောက် အဆိုပါကနေဒါနိုင်ငံသားနှစ်ဦးကို တရုတ်က တုံ့ပြန်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ယင်းအမှုကိစ္စများနှင့် စပ်လျဉ်း၍ နှစ်နိုင်ငံစလုံးက တိုက်ရိုက် ပြောဆိုကြခြင်းမရှိပေ။
တရုတ်အစိုးရက မုန်ဝမ်ကျိုဝူကို ပြန်လွှတ်ပေးရန် တောင်းဆိုထားပြီး ၎င်းသည် အမေရိကန်သို့ တရားခံလွှဲပြောင်းပေးမှုဖြင့် ရင်ဆိုင်နေရဆဲဖြစ်သည်။
တရုတ်နှင့်အမေရိကန်တို့ ကုန်သွယ်ရေးစစ် စေ့စပ်ညှိနှိုင်းနေသည့်အချိန်မှာပင် ကနေဒါအစိုးရက မုန်ဝမ်ကျိုဝူကို အမေရိကန်တောင်းဆိုချက်အရ ဖမ်းဆီးပေးခဲ့ခြင်းဖြစ်သည်။ ၎င်းသည် အမေရိကန်သို့ တရားခံလွှဲပြောင်းပေးခြင်းခံရပြီး လိမ်လည်မှုစွဲချက်များဖြင့် တရားဆိုင်ရန် ရှိသည်။ ယင်းစွဲချက်အရ အမြင့်ဆုံးပြစ်ဒဏ်ချမှတ်ခံရလျှင် တမှုစီအတွက် ထောင်ဒဏ်နှစ် ၃၀ ချမှတ်နိုင်သည်။
ဆက်စပ်ဖတ်ရှု့ရန်
Huawei အမှုစစ်ဆေးစဉ် ကနေဒါ သံတမန်ဟောင်း တရုတ်တွင် အဖမ်းခံရ
ကနေဒါနိုင်ငံသား နောက်တဦး တရုတ်ထပ်မံဖမ်းဆီး
တတိယမြောက်ကနေဒါနိုင်ငံသား တရုတ်ဖမ်းဆီးပြန်