ရှမ်းပြည်နယ် တောင်ပိုင်း၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့တောင်ဘက်ခြမ်းတွင် အခြေပြုလှုပ်ရှားသည့် စစ်ကြောင်းကို ရှမ်းပြည် ပြည်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) က ဝင်ရောက်တိုက်ခိုက်၍ စစ်သည်အချို့ကျဆုံး၊ ဒဏ်ရာရရှိကြောင်း တပ်မတော် က ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
မိုင်းပန်မြို့နယ်အတွင်းရှိ မိုင်းပန်-နောင်လေ-ပန်ပိ (ပန်ပီး) ဆက်သွယ်ထားသည့် လမ်းကြောင်းတွင် အခြေပြုလျက်ရှိသည့် တပ်မတော် စစ်ကြောင်းအား RCSS အဖွဲ့များ က ဒီဇင်ဘာလ ၂၇ ရက် နံနက်ပိုင်းတွင် လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ ကားလမ်း မြောက်ဘက်သို့ ဆုတ်ခွာသွားသည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး က “လာရောက်ပစ်ခတ်မှုကြောင့် မိမိတပ်မတော်မှ စစ်သည်အချို့ ကျဆုံး၊ ဒဏ်ရာ ရရှိခဲ့သဖြင့် မိုင်းပန်မြို့နယ်ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက် ရှိသည်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
တပ်မတော်က ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆွေးနွေးမှု ပြုလုပ်နိုင်ရန် ဒီဇင်ဘာလ ၂၁ ရက်မှ ၂၀၁၉ ခုနှစ် ဧပြီလ ၃၀ ရက်အထိ စစ်ဆင်ရေး နယ်မြေအလိုက် စစ်ရေးလှုပ်ရှားမှု ရပ်ဆိုင်းထားပြီး ဖြစ်သည်ဟု လည်း ဖော်ပြထားသည်။
RCSS ဘက်မှ တိုက်ခိုက်မှုကြောင့် ကျဆုံးနှင့် ထိခိုက်ဒဏ်ရာရ စစ်သည်အရေအတွက်ကိုမူ ထည့်သွင်း ဖော်ပြထားခြင်း မရှိပေ။
ယင်းတိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ တပ်မတော်ဘက်မှ ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်သူ ကာကွယ်ရေးဝန်ကြီးဌာန၊ စိတ်ဓါတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းထံ ဆက်သွယ်ခဲ့သော်လည်း လက်ခံ ဖြေကြားခြင်း မရှိပါ။
တပ်မတော်ဘက်မှ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ တပ်မတော်စစ်ကြောင်းအား သွားရောက်ပစ်ခတ်ခြင်း မရှိခဲ့ကြောင်းနှင့် အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်ကိုယ်တိုင် တပ်မတော်အား တိုက်ခိုက်ခြင်းမပြုရန် အောက်ခြေတပ်များအား ဒီဇင်ဘာလ ၂၇ က ညွှန်ကြားထားကြောင်း RCSS/SSA ဘက်မှ တုံ့ပြန်သည်။
RCSS/SSA ပြောခွင့်ရပုဂ္ဂိုလ် ဒုဗိုလ်မှူးကြီး စိုင်းမိဏ်း က “ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ မဟုတ်ဘူးဗျ။ သူတို့ကို သွားပစ်ခတ် တယ်ဆိုတာ မဟုတ်ဘူး၊ မရှိဘူး။ ကျနော်တို့ ဥက္ကဋ္ဌကြီးက တပ်ဖွဲ့ဝင်တွေကို တိုက်ပွဲမဖြစ်ဖို့ပေါ့နော်၊ ကြိုးစားပြီးတော့ ရှောင်ရှားပေးဖို့ မှာကြားထားတာ ရှိပါတယ်။ ဒါပေမယ့် မလွဲမသွေလို့ ကျနော်တို့ကို လာတိုက်ခိုက်တယ်ဆိုရင်တော့ ကာကွယ်ခွင့်တော့ ရှိတာပေါ့။ ကျနော်တို့အနေနဲ့စတင်ပြီး တိုက်ခိုက်ဖို့ အခြေအနေမျိုးကို လုံးဝမှ မပေးထားဘူး၊ အမိန့်မပေးထားဘူး” ဟု ပြောသည်။
RCSS အဖွဲ့များအနေဖြင့် ၎င်းဒေသသို့ နယ်မြေကျော်လွန်ဝင်ရောက် လာခဲ့ခြင်းဖြစ်သည့်အပြင် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်တွင် ပန်ပိကျေးရွာဘုန်းတော်ကြီးကျောင်းအတွက် ဟိုပုန်းကိုရင်လေး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် ဒေသခံပြည်သူများမှ လှူဒါန်းသောပစ္စည်းများ ပို့ဆောင်သည့် ယာဉ်တန်းအား ၎င်းအဖွဲ့က တားမြစ်၍ လမ်းကြောင်းပိတ်ဆို့ဟန့်တားမှုများ ပြုလုပ်ခဲ့သဖြင့် တပ်မတော်စစ်ကြောင်းက ကူညီဆောင်ရွက်ပေးရန် သွားရောက်ရာ၌လည်း နှောင့်ယှက်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း တပ်မတော်ဘက်က ဆိုထားသည်။
ထို့အပြင် RCSS ၏ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက် ရက်စွဲပါ ထုတ်ပြန်ကြေညာချက်တွင်လည်း တပ်မတော်နှင့် PNLO/PNLA အဖွဲ့တို့ ပူးပေါင်း၍ ၎င်းတို့အား ထိုးစစ် ဆင်တိုက်ခိုက်မှုများ ဆောင်ရွက်နေသည့် အသွင်ဖြင့်မဟုတ်မမှန် လုပ်ကြံရေးသားထားသည်ကို တွေ့ရကြောင်း ဖော်ပြထားသည်။
လတ်တလောတွင် RCSS နှင့် တပ်မတော်ကြား ဖြစ်ပွားနေသည့် စစ်ရေးကိစ္စရပ်များအပြင် ဆက်ဆံရေး အသုံးပြုရေး၊ Bilateral သဘောတူစာချုပ်ပါ အချက်များအပေါ် နားလည်မှု လွဲနေသည့် ကိစ္စရပ်များအတွက် လာမည့် ၂၀၁၉ ခုနှစ် ဇန်နဝါလလယ်ပိုင်း၌ တွေ့ဆုံဆွေးနွေးနိုင်ရန် နှစ်ဖက်စလုံးက ကြိုးစားနေသည်ဟု သိရသည်။