မန္တလေးတွင် မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးစစ်ဆေးခံနေရသည့် အဆိုတော် ရသ (ရဲမင်းသိန်း) အပါအဝင် သုံးဦးကို မန္တလေးခရိုင်တရားရုံးက အလုပ်နှင့် ထောင်ဒဏ် ၁၁ နှစ်စီ ချမှတ်လိုက်သည်။
မန္တလေးခရိုင်တရားသူကြီး ဦးကျော်ကျော်ဦးက “အပြီးသတ်လျှောက်လဲချက်ကို ပြီးခဲ့တဲ့ရုံးချိန်းက စစ်ခဲ့ပြီး ဒီနေ့ အပြီးသတ် အမိန့်ချခဲ့တာပါ။ တရားလိုပြ သက်သေကလည်း နည်းတယ်။ တပတ် တခါလည်း ပုံမှန်စစ်နိုင်တယ်ဆိုတော့ အမှုပြီးတာ မြန်တယ်” ဟု ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၄ ရက်က မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်ရှိ နန်းထိုက်ပန် ဧည့်ရိပ်မွန်တွင် သတင်းအရ ရှာဖွေဖမ်းဆီးရာ အဆိုတော် ရသ (ရဲမင်းသိန်း) နှင့် မျိုးတင့်၊ ခေမီ (ခေါ်) ဗျာတာမီးတို့အား စိတ်ကြွမူးယစ်ဆေးပါး ၁၆၅၅ ပြား (ကာလတန်ဖိုး ၄၅ သိန်း) နှင့် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
ယင်းနောက် စက်တင်ဘာလ ၁၀ ရက်တွင် ခရိုင်တရားရုံး၌ အမှတ်(၁၈) မူးယစ်တပ်ဖွဲ့စု(မန္တလေး)တောင်ပိုင်းမှ ရဲအုပ်လင်းထွန်းက တရားလိုပြုလုပ်ကာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉ (က) အမှုဖွင့် တိုင်ကြားရာ တရားလိုပြ သက်သေ ၉ ဦးအား စစ်ဆေးပြီးနောက် ယခုကဲ့သို့ အမိန့်ချလိုက်ခြင်း ဖြစ်သည်။
ဆက်စပ်သတင်း
အဆိုတော် ရသ အပါအဝင် ၃ ဦးကို မူးယစ်ဆေးဝါး အမှုဖြင့် စွဲချက်တင် အမိန့်ချ