၁၉၉၀ ရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်း ဒေသကြီး တမူး မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် အနေဖြင့် အနိုင်ရခဲ့ သည့် ချင်း တိုင်းရင်းသား နိုင်ငံရေး ခေါင်းဆောင် တဦး ဖြစ်သည့် ဦးထောင်ခိုထန်း ကွယ်လွန်ကြောင်း သိရသည်။
ဦးထောင်ခိုထန်း (အသက် ၆၇ နှစ်)သည် ကျောက်ကပ်၊ အဆုတ် ရောဂါဖြင့် ရန်ကုန်မြို့ အာရှတော်ဝင် ဆေးခန်းတွင် ဒီဇင်ဘာ ၂၇ ရက် ည ၁၀ နာရီ၌ ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။
ဦးထောင်ခိုထန်း၏ သားဖြစ်သူ ကိုလွင်မင်းမန်က“ကျောက်ကပ်နဲ့ အဆုတ် မကောင်းတာပါ။ အဓိကကတော့ ကျောက် ကပ်ရောဂါ နောက်ဆက်တွဲကြောင့် ဆုံးသွားရတာပါ”ဟု ဧရာဝတီသို့ ပြောသည်။
ဦးထောင်ခိုထန်းသည် ၁၉၈၈ အရေးတော်ပုံ အပြီး ပါတီများ မှတ်ပုံတင်သည့် အခါ လူမျိုးစု တိုင်းရင်းသား ပါတီ ၂၆ ခု ဖွဲ့ စည်း ထားသော ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ် (UNLD) ၏ သဘာပတိ အဖွဲ့ဝင် တဦး ဖြစ် သည်။
၁၉၉၀ ရွေးကောက်ပွဲတွင် UNLD က လွှတ်တော် ၄ နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ရာတွင် ဦးထောင်ခိုထန်း တဦးသာ အနိုင် ရရှိခဲ့သည်။
ထို့ပြင် ပြည်သူ့ လွှတ်တော် ကိုယ်စား ပြု ကော်မတီ (CRPP) တွင်လည်း ပါဝင်ခဲ့ပြီး အသက် အငယ်ဆုံး ပုဂ္ဂိုလ် ဖြစ်ကာ အတက်ကြွဆုံး ဆောင်ရွက်ခဲ့သူ တဦးလည်း ဖြစ်သည်။
၁၉၉၃ ခုနှစ်တွင် ကျင်းပသည့် အမျိုးသား ညီလာခံကို ၃နှစ် တက်ရောက်ခဲ့သူလည်း ဖြစ်သည်။
ဦးထောင်ခိုထန်းနှင့် အတူ လွှတ်တော် တက်ခဲ့သည့် ၁၉၉၀ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တဦး ဖြစ်သည့် ဦးခွန်မြင့် ထွန်း က“သူအမြဲတမ်း ပြောလေ့ ရှိတာက ဖက်ဒရယ်မူ ဆိုတာဟာ ဗမာ အပါအဝင် တိုင်းရင်းသား လူမျိုးပေါင်းစုံ အကျိုး စီးပွားဖြစ်တယ် ဆိုတာ သူမကြာခဏ ပြောပြပါတယ်”ဟု ပြောသည်။
ဦးထောင်ခိုထန်းသည် စစ်အစိုးရကို ဆန့်ကျင်မှုကြောင့် ထောင်ကျခဲ့ဖူးသလို ၂၀၁၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးတွင် လည်း ပါဝင်ခဲ့မှုကြောင့် ထိန်းသိမ်းခံခဲ့ရပြီး ထောင်ကလွတ်လာပြီး နောက်ပိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် နီးစပ်မှု ရှိသည့် အတွက်ကြောင့် ခြိမ်းခြောက် ခံရမှုများလည်း ကြုံတွေ့ခဲ့ရကြောင်း သိရသည်။
“ထောင်ကတော့ သိပ်အကြာကြီး မကျဖူးဘူး။ စစ်အစိုးရ လက်ထက်မှာတော့ NLD နဲ့ နီးစပ်လို့ အမျိုးမျိုး ခြိမ်းခြောက် တာတွေတော့ ရှိတာပေါ့”ဟု ကိုလွင်မင်းမန်က ပြောသည်။
UNLD တွင် သဘာပတိ အဖွဲ့ဝင် တဦးဖြစ်သည့် ဦးထောင်ခိုထန်းသည် စစ်အစိုးရ လက်ထက်က နဝတ၊ နအဖကို လက်ခံ အသိအမှတ်မပြုခဲ့ဟု အတူ လက်တွဲ အလုပ်လုပ်ခဲ့သည့် UNLD ၏ အတွင်းရေးမှူး ဒေါက်တာ ဆလိုင်းလျန်မှုန်း ဆာခေါင်း က ပြောသည်။
၎င်းက ဆက်လက်၍“စစ်အစိုးရ လက်ထက် ပြည်ထောင်စု ညစာစားပွဲမှာ တချို့တွေက စစ်ဗိုလ်ချုပ်ကြီးတွေကို တန်းစီပြီး နှုတ်ဆက်ကြတယ်။ ကျနော်တို့တွေက တန်းစီပြီး မနှုတ်ဆက်ဘူး။ ကိုယ့်ထိုင်ခုံမှာပဲ ထိုင်နေကြတယ်။ ဆိုလိုတာက ကျနော် တို့ က နဝတ စစ် အစိုးရကို လက်ခံ အသိအမှတ်ပြုခြင်း မရှိဘူး။ သို့သော် ပြည်ထောင်စုနေ့ကိုတော့ အသိအမှတ် ပြုတယ်။ ထို့အတွက်ကြောင့် ပြည်ထောင်စုနေ့ကို တက်ရောက်တယ်။ နဝတ၊ နအဖ စစ်အစိုးရကို ကျနော်တို့ အသိအမှတ် မပြုတဲ့ အနေနဲ့ ဗိုလ်ချုပ်ကြီး စောမောင်နဲ့ ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို လက်ဆွဲ မနှုတ်ဆက်ဘဲနဲ့ ထိုင်ခုံမှာပဲ ထိုင်နေခဲ့တယ်။ အဲဒီလို ထိုင်တဲ့ အထဲမှာ NLD က ဦးချစ်ခိုင်၊ SNLD က ခွန်ထွန်းဦး၊ UNLD က ကျနော်နဲ့ ဦးထောင်ခိုထန်း ထိုင်နေ ပါ တယ်”ဟု ပြောပြသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဦးထောင်ခိုထန်းကို တမူး မဲဆန္ဒနယ် အတွက် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ပြိုင်ရန် ကမ်းလှမ်းခဲ့ကြောင်း၊ သို့သော် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အဖြစ် အရွေးခံမည် ဆိုပါက NLD က တမူး မြို့နယ်တွင် ဝင်ရောက် ယှဉ်ပြိုင်ခြင်း မပြုပါ ဆိုသည့် အချက်ဖြင့် ကမ်းလှမ်းခဲ့သော်လည်း ကျောက်ကပ် ရောဂါ အခြေ အနေ အရ ဝင်ရောက် ယှဉ်ပြိုင်ခြင်း မပြုခဲ့ကြောင်း သိရသည်။
သူကွယ်လွန်ချိန်၌ ဇနီးဖြစ်သူနှင့် အတူ သားသမီး ၄ ဦး ကျန်ရစ်ခဲ့သည်။
ချင်း နိုင်ငံရေး ခေါင်းဆောင် တဦး ဖြစ်သူ ဦးထောင်ခိုထန်း၏ ရုပ်ကလာပ်ကို ရန်ကုန်မှ တမူးမြို့ထိ သယ်ဆောင်ပြီး ဈာပန ကို တမူးတွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။