ရန်ကုန်လေဆိပ်တွင် လုပ်ကြံခံရသည့် ဦးကိုနီ လုပ်ကြံခံရမှုအတွက် စွပ်စွဲခံထားရသူများဘက်မှ တင်ထားသည့် သက် သေ ၂ ဦးကို ယနေ့ ရုံးချိန်းတွင် ထုတ်ပယ်လိုက်ကြောင်း တရားခံ ကြည်လင်း၏ ရှေ့နေဖြစ်သူ ဦးကျော်ကျော်ထိုက် က ပြောသည်။
၉၇ ကြိမ်မြောက် ရုံးချိန်းတွင် သက်သေ ၃ ဦး စစ်ဆေးရန် တရားရုံးက ညွှန်ကြားသည့်အတွက် စွပ်စွဲခံရသူ ဇေယျာဖြိုး ဘက်မှ တင်ပြသည့် တရားခံပြသက်သေ ၃ ဦးအနက် ၎င်းကုမ္ပဏီ မန်နေဂျာဖြစ်သူ ဦးကျော်လင်း တဦးကိုသာ စစ် ဆေး နိုင်သည့် အတွက် မလာရောက်သူများကို သက်သေစာရင်းမှ ပယ်ဖျက်လိုက်ခြင်း ဖြစ်သည်။
ဦးကျော်ကျော်ထိုက်က“လာမယ့် ရုံးချိန်းကျရင်လည်း ကိုဇေယျာဖြိုးရဲ့ သက်သေ ၃ ယောက်ကို ထပ်စစ်မယ်။ အဲဒီ မှာ လည်း မလာနိုင်ရင် ထပ်ပယ်မှာပဲ။ တရားရုံးက ညွှန်ကြားပြီးသား။ သက်သေမလာနိုင်လို့ ပယ်တယ်ဆိုတာ သက်သေ တင်ပြသူ အတွက် နစ်နာတာပါပဲ”ဟု ပြောသည်။
လာမည့် ရုံးချိန်းကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃ ရက်တွင် ထပ်မံ ချိန်းဆိုထားသည်။
ယနေ့တရားခွင်တွင် ဦးကျော်လင်းက ဇေယျာဖြိုးထံမှ ဦးတင်ထွန်းအောင် ချေးယူခဲ့သည့် ငွေကျပ် သိန်း ၁၂၀၀ နှင့် ပတ်သက်၍ မန်နေဂျာအနေဖြင့် ဖြေရှင်း စီမံခဲ့မှုများနှင့် ဇေယျာဖြိုးပိုင် ကုမ္ပဏီများ၏ လုပ်ငန်းပိုင်း ဆိုင်ရာများနှင့် ပတ်သက်ပြီး ထွက်ဆိုသည်။
ဦးကိုနီ လုပ်ကြံခံရမှု ၂ နှစ်နီးပါး ကြာမြင့်ချိန်အထိ တရားရုံးတင် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိရာ တရားခံအဖြစ် ဖမ်း ဆီး စစ်ဆေးခံနေရသည့် ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုးနှင့် အာမခံပေးထားသည့် အောင်ဝင်းထွန်းတို့ ၄ ဦး အနက် ဇေယျာဖြိုးတင်ပြသည့် သက်သေ ၁၀ ဦးခန့်နှင့် အောင်ဝင်းဇော် သက်သေအဖြစ် တင်ပြသည့် ရဲမှူးကြီး ဝင်းမင်းသန်း တို့ကိုသာ စစ်ဆေးရန် ကျန်တော့ကြောင်း သိရသည်။
လုပ်ကြံမှုဖြစ်စဉ်က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် လုံခြုံရေးအကြီးအကဲ တာဝန်ယူထားသူ ရဲမှူးကြီး ဝင်းမင်းသန်း သည် အမှုတွင် အဓိကကျသည့် သက်သေတဦးဖြစ်ကာ လုပ်ကြံမှု မဖြစ်ပွားခင် အောင်ဝင်းခိုင်နှင့် အောင်ဝင်းဇော်တို့ လေဆိပ်မှာ ရှိနေရခြင်းမှာ ၎င်းနှင့် လာရောက်တွေ့ဆုံခြင်းဖြစ်သည်ဟု အောင်ဝင်းဇော်က ထွက်ဆို ထားသည်။
စစ်ဆေးခံရန် ခေါ်ဆိုနိုင်ခြင်း မရှိသည့်သက်သေများကို စွပ်စွဲခံရသူများဘက်မှ တင်ပြထားရာ လာရောက်သူများကို မစစ်ဆေးနိုင်ဘဲ တနေ့ တယောက်သာလျှင် စစ်ဆေးနိုင်အောင် လုပ်ဆောင်သည့်အပေါ် ယင်းမှာ အမှုစစ်ဆေးမှု ကြန့်ကြာအောင် လုပ်နေခြင်း ဖြစ်သည်ဟုလည်း တရားလိုရှေ့နေ ဦးရောဘတ်စန်းအောင်က ဝေဖန်ထားသည်။
တရားလွှတ်တော်ရှေ့နေ ဦးကိုနီအား ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၉ ရက်က ရန်ကုန်လေဆိပ်ရှေ့တွင် သေနတ်သမား ကြည်လင်း အနီးကပ်ပစ်ခတ် လုပ်ကြံခဲ့ခြင်း ဖြစ်သည်။
ယင်းလုပ်ကြံမှုကြောင့် ကြည်လင်းအား ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁) (ခ)/၃၄၊ လက်နက်ဥပဒေပုဒ်မ ၁၉ (က) (စ) တို့ဖြင့် စွဲချက်တင်ထားသည့်အပြင် လေဆိပ်အငှားယာဉ်မောင်း ဦးနေဝင်း သေဆုံးစေမှုအတွက် လူသတ်မှု ပုဒ်မ ၃၀၂ (၂) ဖြင့်လည်း စွဲချက်တင် စစ်ဆေးလျက် ရှိသည်။
ထို့ပြင် အမှုတွင် ပူးပေါင်းကြံစည်မှုဖြင့် ဖမ်းဆီးထားသူ အောင်ဝင်းဇော်အား ပုဒ်မ ၃၀၂(၁)(ခ)/၃၄ ဖြင့်လည်းကောင်း၊ ဇေယျာဖြိုးအား ပုဒ်မ ၃၀၂(၁)(ခ)/၁၀၉ ဖြင့်လည်းကောင်း စွဲချက်တင်ထားပြီး အောင်ဝင်းထွန်းအား တရားခံလက်ခံမှု ပုဒ်မ ၂၁၂ ဖြင့် စွဲချက်တင်သော်လည်း အာမခံပေးထားသည်။
အမှုနှင့် ပတ်သက်သည့်အတွက် တရားခံပြေးအဖြစ် ရဲတပ်ဖွဲ့က ကြေညာထားသူ အောင်ဝင်းခိုင်ကိုမူ ယခုအချိန်အထိ ဖမ်းဆီးရမိခြင်း မရှိသေးပေ။
ဆက်စပ် ဖတ်ရှုရန် –
ဦးကိုနီ အမှု သက်သေ ထွက်ရန် ရဲမှူးကြီး ဝင်းမင်းသိန်း ထပ်မံ ပျက်ကွက်
ဦးကိုနီအမှု တရားခွင်အတွင်း အချေအတင်ဖြစ်
ဦးကိုနီအား လုပ်ကြံချိန်တွင် စေခိုင်းသူလည်း လေဆိပ်တွင် ရှိနေဟု ကြည်လင်း ထွက်ဆို