နိုင်ငံ့အရေးနှင့် ပတ်သက်၍ အစိုးရအား အကြံပြုချက်များ ရှိသော်လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရက အသိအမှတ်မပြုကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ ဦးသန်းဋ္ဌေးက ပြောသည်။
နေပြည်တော် USDP ပါတီရုံးချုပ်တွင် ပြည်တွင်းသတင်းမီဒီယာအချို့နှင့် တွေ့ဆုံစဉ် ယင်းသို့ပြောဆိုခြင်း ဖြစ်ပြီး ၎င်းရည်ညွှန်းသည့် နိုင်ငံ့အရေးကိစ္စများဆိုသည်မှာ နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် အမျိုးသား ရင်ကြားစေ့ရေးတို့ ဖြစ်သည်။
USDP ဥက္ကဋ္ဌ ဦးသန်းဋ္ဌေး က “လော်ဘီတွေက တို့ပြောတဲ့ဟာတွေကို ပြောင်းပြန်ပြန်ပြီးတော့ တို့က အကောင်း ပြောပေမယ့် အကောင်းနဲ့ ဟိုဒင်းမဖြစ်တဲ့ ဆဲဆိုမှုတွေနဲ့ တုန့်ပြန်တာတွေ တွေ့တယ်။ နောက်တဖက်ကကျတော့ တကယ်လုပ်ရမယ့် အဖွဲ့အစည်းကျတော့လည်း ကိုယ်တို့ဟာကို ဘာတခုမှာမှ အသိအမှတ်ပြုခြင်း၊ အသုံးပြုခြင်း မရှိဘူး” ဟု ပြောသည်။
၎င်းက ဆက်လက်ပြီး NLD အစိုးရအနေဖြင့် ငြိမ်းချမ်းရေးနှင့် စီးပွားရေးကို ပြိုင်တူ လုပ်ဆောင်သင့်ကြောင်းနှင့် ငြိမ်းချမ်းရေးကို ဦးစားပေးသည့်အတွက် တိုင်းပြည်စီးပွားရေးအခြေအနေကို မြင်နိုင်ကြောင်းလည်း ဥပမာပေး၍ ဆိုသည်။
NLD အစိုးရသည် အစိုးရတရပ် ထားရှိရမည့် ကျင့်ဝတ်အတိုင်း ယခင် အစိုးရ လုပ်ရပ်များကို ဆက်၍ အကောင် အထည် ဖော်သည့် သမာသမတ်ရှိမှုကို ယုံကြည်မှုအနေဖြင့် ပြသရန် လိုအပ်ပြီး လက်ရှိ စီးပွားရေး ပြန်လည်ဦးမော့ရန် ဆောင်ရွက်မှုမှာ ချက်ချင်း ပြန်ကောင်းရန် မလွယ်ကူသည့် အနေအထားတွင် ရှိကြောင်းလည်း USDP ပါတီက ထောက်ပြထားသည်။
ဦးသန်းဋ္ဌေးက “ဟိုးတုန်းက လုပ်သလို အကုန်လုံးကို ထိပ်တိုက်ရင်ဆိုင်ရင်တော့ ဒီတိုင်းပြည်က ဘယ်တော့မှ လူမွှေးလူရောင် မပြောင်နိုင်ဘူး။ အဲဒီအတွက် အခုလုပ်တဲ့လုပ်နည်းဟာ ပြောလို့ရှိရင် နေ့ချင်းညချင်း သွားလို့ မရတာ ဖြစ်တဲ့အတွက်၊ လူကြိုက်မများတဲ့အတွက် အာဏာ မရချင်လည်း နေပါစေ။ တယောက် အတိုက်အခံ ဖြစ်တိုင်း ရှေ့ကဟာ လက်ညိုးထိုးဖျက်တဲ့ဟာတော့ ငါတို့ မလုပ်နိုင်ဘူး” ဟု ဆိုသည်။
ကြံ့ခိုင်ရေးပါတီမှာ ၂၀၁၀ ရွေးကောက်ပွဲအပြီး အငြင်းပွားဖွယ် ရလဒ်ဖြင့် အနိုင်ရကာ ၂၀၁၆ ခုနှစ်အထိ အစိုးရတာဝန် ထမ်းဆောင်ခဲ့သည့် ပါတီ ဖြစ်သည်။
သို့သော် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ကို မဲအပြတ်သက်ဖြင့် ရှုံးနိမ့်ကာ လွှတ်တော်တွင် ၁၀ ရာခိုင်နှုန်းခန့်သာ နေရာရထားသည်။
တိုင်းပြည်အတွက် အခြေခံကျသည့် ပြဿနာများကို တိကျစွာ ဖြေရှင်းဆောင်ရွက်နိုင်သည့် မူဝါဒများ ကြံ့ခိုင်ရေးပါတီ မတွေ့မြင်ရဘဲ လက်ရှိ အခြေအနေကို ဝေဖန်ခြင်းထက် ပိုမိုကောင်းမွန်သော မူဝါဒကို ချပြရန် လိုကြောင်း NLD ဘက်ကမူ သဘောထား ရှိသည်။
NLD ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်း က “လွှတ်တော်ထဲမှာလည်း ကျနော်မြင်တာ ပြောရရင် သိပ်ပြီး ထူးထူးခြားခြား ဆွေးနွေးနိုင်တာမျိုး မတွေ့ရဘူး။ ကျနော်တို့ တအား တော်တယ်လို့ ပြောတာ မဟုတ်ပါဘူး။ မှတ်မှတ်သားသား ဆွေးနွေးနိုင်တာမျိုး မတွေ့ရဘူး။ တွေ့ရင်လည်း တော်တော်ကို ရှားပါတယ်” ဟု လွှတ်တော်တွင်း ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်များ၏ စွမ်းဆောင်ရည်အပေါ် သုံးသပ်ပြောဆိုသည်။
ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသီဟကျော် ကလည်း “ကြံ့ခိုင်ရေးပါတီကလည်း တချို့ အဆိုတွေ တင်ပါတယ်။ ဒါပေမယ့် ကျနော်တို့မြင်တာကျတော့ လုံးဝကို NLD အစိုးရကို အပြောင်းအလဲ တခုခု ဖြစ်အောင် လုပ်ပေးနိုင်အောင် မလုပ်နိုင်သေးဘူးလို့ပဲ ကျနော် မြင်ပါတယ်” ဟု ပြောသည်။
ပါတီ၏ အကြံပြုချက်များသည် အစိုးရဂုဏ်သိက္ခာ ထိခိုက်စေရန် လုပ်ဆောင်နေခြင်းဟု ပြောဆိုမှုများ ရှိနေသော်လည်း တိုင်းပြည်အတွက် အမှန်တကယ် လိုအပ်ပါက ထောက်ပြပြောဆိုသွားမည်ဟုလည်း ကြံ့ခိုင်ရေးပါတီဘက်က ဆုံးဖြတ်ထားသည်။
“အတိုက်အခံဟာ နက်ဖြန်၊ သဘက် တို့ အစိုးရ ပြန်ဖြစ်နိုင်တာပဲ။ အဲဒီအချိန်ကျရင် ဖြစ်လာမယ့် အတိုက်အခံကို ပြောမယ်။ ကိုယ်တို့က အတိုက်အခံဆိုတာ အဲဒီလို လုပ်ခဲ့တာကွလို့ ပြောချင်တာ။ အတိုက်အခံ ယဉ်ကျေးမှုကို အဲဒီလို ထူထောင်မှ ရမယ်”ဟု USDP ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောသည်။
အတိုက်အခံ ပါတီဟု ခံယူထားသည့် USDP ပါတီမှာ တပ်မတော်က တည်ထောင်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းမှတဆင့် ပါတီအဖြစ် ပြောင်းလဲထားခြင်း ဖြစ်ကာ တနိုင်ငံလုံး ပါတီဝင်အင်အား ၅ သန်းကျော် ရှိသည်ဟု ပါတီဘက်မှ ထုတ်ဖော်ပြောဆိုထားသည်။
နိုင်ငံရေး လေ့လာသူ ဦးရဲထွန်း က “အခု USDP က ထောက်ပြဝေဖန်တဲ့ ကိစ္စမှာတော့ သူက အစိုးရလုပ်ဖူးတော့ အခုလက်ရှိ NLD လုပ်နေတဲ့ ကိစ္စမှန်သမျှကို ဆန့်ကျင်ဘက်ကနေ ဝေဖန်တာမျိုးတော့ မလုပ်ဘူး။ တချို့ ကိစ္စတွေမှာ နားလည်တယ် သိတယ်။ ကိုယ်ချင်းစာတယ် ဆိုတာမျိုး ရှိတယ်” ဟု ပြောသည်။