မြန်မာတိုင်းရင်းဆေးများကို စိတ်ချစွာ အသုံးပြုနိုင်ရန်အတွက် အာနိသင်နှင့် ဘေးထွက်ဆိုးကျိုးများကို သုတေသနပြုရန် လိုအပ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောဆိုလိုက်သည်။
နေပြည်တော် MICC 2 တွင် ပြုလုပ်သည့် ၁၉ ကြိမ်မြောက်ပြုလုပ်သည့် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် နှီးနှောဖလှယ်ပွဲတွင် ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။
ဝန်ကြီးဒေါက်တာမြင့်ထွေးက “မိမိ ထုတ်လုပ်ထားတဲ့ဆေးဟာ ဘယ်လောက်ထိ အစွမ်းထက်သလဲ၊ အာနိသင်ရှိသလဲ၊ ဘယ်လောက်ထိ ကောင်းသလဲ၊ ဘယ်လောက်ထိ ဘေးထွက်ဆိုးကျိုးရှိသလဲဆိုတာကို သုတေသနလုပ်ဖို့ လိုပါတယ်။ အဲဒါမှ သူတို့ ဆေးသည် စိတ်ချလက်ချ သုံးလို့ရမှာ” ဟု ပြောသည်။
၎င်းက ဆက်လက်ပြီး “ဆေးသည် သွေးတိုးအတွက် အရမ်းကောင်းတယ်။ ၆ နာရီခြား တခါသောက်လို့ ကောင်းသလား။ ၄ နာရီခြား တခါသောက်လို့ ကောင်းသလား ။ အတိအကျ ပြောလို့မရဘူး။ ဒါတွေကို သုတေသနလုပ်ဖို့ လိုပါတယ်။ ဒါမှသာလျှင် တိုင်းရင်းဆေးကို ယုံကြည်မယ်။ သုတေသနယူနစ် မရှိဘဲ ဘာမှမလုပ်နိုင်ဘူး” ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် တိုင်းရင်းဆေး ထုတ်လုပ်ခွင့် လုပ်ငန်းလိုင်စင် ၃၀၀၀ ကျော် ချထားပေးပြီး ရှိပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသည့် ဆေးအမယ်ပေါင်း ၁၈၀၀၀ ခန့် ရှိသည်ဟု သိရသည်။
တိုင်းရင်းဆေးအများစုမှာ သဘာဝကုန်ကြမ်းများကိုသာ အဓိကထား သုံးစွဲရခြင်းဖြစ်ပြီး စစ်မှန်သည့် ကုန်ကြမ်း ရရှိရန် လိုအပ်ကြောင်းလည်း တိုင်းရင်းဆေး လုပ်ငန်းရှင်များထံမှ သိရသည်။
အောင်ထိပ်တန်း အရိုး၊ အကြော၊ လေငန်းနှင့် အထွေထွေ ရောဂါကုဆေးခန်းမှ လုပ်ငန်းရှင် ဦးဝင်းဇော်က “သုတေသန ဆိုတာကို အရမ်းအခြေခံ၍ မရပါဘူး။ ချောင်းဆိုးလို့ လျက်ဆား လျက်ပါပြီဆိုပါတော့ အဲဒီလျက်ဆားက အစာလည်း ကြေစေတယ်။ ကွမ်းရွက်ပြုတ်ရည်နဲ့ သောက်ရင်လည်း ချောင်းဆိုးပျောက်မယ်။ ဖျားလို့ သောက်မယ်ဆိုရင်တော့ ဂျင်းပြုတ်ရည်နဲ့ သောက်ရမယ်။ ဆီးချုပ်ရင်တော့ ဆန်ဆေးရည်နဲ့ သောက်တာမျိုး လုပ်ရတာဖြစ်ပါတယ်” ဟု ဆိုသည်။
စိန်ဘယက် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းရှင် ဦးကြည်လင်းက “လိုင်စင်တင်တည်းက ပါဝင်မှု ရာခိုင်နှုန်း ဘယ်လောက်ရှိတယ်ဆိုတာကို စီစစ်လိုက်တယ်။ ဓာတ်ခွဲစမ်းသပ်မှုတွေ လုပ်တယ်။ ဆီးချို၊ သွေးတိုးရှိသူများ သောက်သုံးရန် မသင့်ဆိုတာကို တခါတည်း ကြေညာခိုင်းတာပါ။ ကျနော်တို့ တိုင်းရင်းဆေးက ဒီအတိုင်းလွှတ်ထားတာ မဟုတ်ပါဘူး။ တိုင်းရင်းဆေးပညာဦးစီးဌာနက ကြီးကြပ်မှု၊ ကွပ်ကဲမှုတွေ အများကြီးလုပ်ထားပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ၁၉၆၂ ခုနှစ်မှစကာ တိုင်းရင်းဆေးပညာရှင်များ မွေးထုတ်ပေးခဲ့ကာ အရည်အချင်းရှိသည့် တိုင်းရင်းဆေး ဆရာကြီးများကို အသိအမှတ်ပြု မှတ်ပုံတင်နှင့် ဆေးဝါးထုတ်ဝေခွင့်ပေးသည့် စနစ်ကို ကျင့်သုံးခဲ့ပြီး လက်ရှိတွင် တိုင်းရင်းဆေး သမားတော်ဦးရေ ၇၅၀၀ ကျော်ရှိသည်ဟု ဝန်ကြီးဌာန ကိန်းဂဏန်းများအရ သိရသည်။
တိုင်းရင်းသမားတော် ညီလာခံသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က သဝဏ်လွှာ ပေးပို့ခဲ့ရာ မိရိုးဖလာအဆင့်မှ နိုင်ငံတကာ စံချိန်စံညွှန်းသတ်မှတ်ရေးအဖွဲ့ (ISO) လက်မှတ်ရ တိုင်းရင်းဆေး ထုတ်လုပ်မှုအဆင့်အထိ တိုးတက်လာသည်ကို ကျေနပ်ကြောင်းနှင့် တိုင်းရင်းဆေးလောက တိုးတက်အောင် ပူးပေါင်းဆောင်ရွက်မည်ဟု ယုံကြည်ကြောင်း ပါရှိသည်။
ပျဉ်းမနားမြို့မှ ပန်းနာရင်ကြပ်ရောဂါအတွက် တိုင်းရင်းဆေး အသုံးပြုနေသူ ဒေါ်ခင်မေမြင့် က “ဆေးရုံ၊ ဆေးခန်း လုံးဝမသွားချင်တာ။ ဗမာဆေးပဲ သောက်နေတာ ၄ နှစ်ကျော်ပြီ။ ပကတိတော့ မကောင်းပေမယ့် သက်သာတယ်။ အသည်းသန်ကြီးမဖြစ်တော့ ဒီဆေးပဲ ဆက်သုံးနေတာပါ” ဟု ပြောသည်။
တိုင်းရင်းဆေးဝါးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ဝန်ကြီးဌာန လက်အောက်ခံ တိုင်းရင်းဆေးပညာဦးစီးဌာနက ၂၀၀၁ ခုနှစ်မှစကာ တိုင်းရင်းဆေးတက္ကသိုလ် ဖွင့်လှစ်ကာ တိုင်းရင်းဆေးပညာရှင်များ မွေးထုတ်ပေးလျက်ရှိပြီး တိုင်းရင်းဆေးကောင်စီ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့တို့နှင့် ပူးပေါင်းကာ ဆောင်ရွက်လျက် ရှိသည်ဟု သိရသည်။