ရခိုင်ပြည်နယ်တွင် တပ်မတော်ဘက်မှ ပေါ်တာဆွဲခြင်းမရှိကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်က ပြောဆိုလိုက်သည်။
ဒီဇင်ဘာလ ၂၇ နံနက်ပိုင်းက ဘူးသီးတောင်မြို့နယ် စည်တောင်ကျေးရွာ ဒေသခံ ၁၀ ဦးနှင့် ရသေ့တောင်မြို့နယ် ရေကြောင်းချောင်းရွာသား ၂ ဦးအား တပ်မတော်က ခေါ်ဆောင်ကာ ညနေပိုင်းတွင် ပြန်လွှတ်ခဲ့ရာ ပေါ်တာဆွဲကြောင်း ပြောဆိုဝေဖန်နေမှုများအပေါ် ယခုကဲ့သို့ တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။
နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့် က “ဟိုဘက်မှာ လက်ရှိက စစ်ဖြစ်နေတဲ့ နယ်မြေအရ ဆောင်ရွက်ရတာ ရှိတာကိုး။ ဒီခေတ်မှာ အားလုံး ဖွနေတဲ့ ပေါ်တာဆွဲတယ်ဆိုတာ ဘယ်သူမှ မလုပ်ဘူး။ လုပ်စရာအကြောင်းလည်း မရှိဘူး။ လုပ်ရင်လည်း ဘယ်သူမှလည်း လက်မခံဘူး။ ငါတို့လည်း ကြားကြားချင်း အောက်ခြေကို တခါတည်း မေးတာပဲ။ အဲဒီလိုမျိုး မရှိပါဘူး။ ဒီခေတ်မှာ ဘယ်သူမှ ဘာမှမလုပ်ဘူး” ဟု ဧရာဝတီကို ပြောသည်။
တပ်မတော်က ဒေသခံတောင်သူ ၁၂ ဦးကို လယ်ကွင်းအတွင်း စပါးရိတ်နေစဉ် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး စစ်ကြောင်းနှင့်အတူ အုပ်စုခွဲ၍ လိုက်ပါခဲ့ရကြောင်း ကိုယ်တိုင် ခေါ်ယူစစ်ဆေးမေးမြန်းခံရသူ စည်တောင်ကျေးရွာသား ဦးမောင်မောင်အေးက ဆိုသည်။
၎င်းက “စပါးရိတ်နေတာကနေ ကျနော်တို့ကို ခေါ်သွားတာပါ။ ကျနော်တို့ကို အုပ်စုလိုက်ခွဲပြီး စစ်ကြောင်းထဲ ထည့်ပါတယ်။ လမ်းမှာ င/ စံပေါ် တံတားကို ရောက်တာနဲ့ သူတို့ (တပ်) နေရာယူပြီး လုံးဝ မလှုပ်နဲ့ဆိုပြီး ကျနော်တို့ ၆ ယောက်ကို တံတားအလယ်မှာ ရပ်ခိုင်းပါတယ်။ သူတို့ ချီတက်ပါတယ်။ ပြီးတာနဲ့ နောက်ထပ် ရွာသား ၆ ယောက်ကို တံတားအလယ်မှာ ရပ်ခိုင်းတယ်။ ပြီးရင် သူတို့ချီပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ခေါ်ယူခံခဲ့ရသည့် ဘူးသီးတောင်မြို့နယ် စည်တောင်ကျေးရွာနှင့် ရသေ့တောင်မြို့နယ်အပိုင် ရေကြောင်းချောင်းကျေးရွာမှာ လမ်းလျှောက်သွားပါက မိနစ် ၃၀ ခန့် ကြာမြင့်ပြီး ရေကြောင်းချောင်းရွာ ဘုန်းတော်ကြီးကျောင်း ရောက်စဉ် ခေါ်ဆောင် လာသူများကို တဦးချင်း စစ်ဆေးခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။
စစ်ဆေးခဲ့ပုံနှင့် ပတ်သက်၍ “ကျနော်တို့ ခန္ဓာကိုယ်မှာ ဒဏ်ရာ ရှိလား၊ မရှိလားဆိုတာကို စစ်ဆေးပါတယ်။ ကိုယ်တုံးလုံးချွတ်ပြီး စစ်ဆေးတာပါ။ အမာရွတ်တွေရင် မသင်္ကာတဲ့ ပုံစံမျိုး မေးပါတယ်။” ဟု ဦးမောင်မောင်အေးက ရှင်းပြသည်။
ဒီဇင်ဘာလ ၂၆ ရက် နေ့လယ်ပိုင်း ရေကြောင်းချောင်းကျေးရွာနှင့် ခရုချောင်းကျေးရွာအကြား ကားလမ်းပေါ်တွင် မိုင်းပေါက်ကွဲမှုတခု ဖြစ်ပွားသည်ဟု ရွာသာများထံမှ သိရသည်။
ဒေသခံ ၁၁ ဦးအား တပ်မတော်ဘက်မှ ခေါ်ယူစစ်ဆေးမှုနှင့် ပတ်သက်၍ နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်က “လမ်းမှာတွေ့လို့ ခေါ်မေးတာပဲ ရှိတယ်နော်။ မနေ့က လမ်းမှာ တွေ့တယ်။ တောထဲမှာ တွေ့တဲ့အတွက် ခေါ်ယူမေးတယ်။ ပြီးရင် သူတို့ကို ပြန်လွတ်ပေးတယ်။ သူတို့ ကိုယ့်ရွာကိုယ် ရောက်သွားကြပြီ။ ငါတို့ ရပ်ကွက်အုပ်ချုပ်ရေးတို့ ဘာတို့ မေးပြီးပြီ ” ဟု ဧရာဝတီကို ပြောသည်။
ရခိုင်ပြည်နယ်အတွင်း ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းနှင့် ကျောက်တော်မြို့နယ်အတွင်းနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့အကြား တိုက်ပွဲများ ဖြစ်ပွားလျက် ရှိသည်။
လတ်တလောတွင် ရက္ခိုင့်တပ်မတော် (AA) အပါအဝင် လက်နက်ကိုင် တပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုလုပ်နိုင်ရန်အတွက် ဒီဇင်ဘာလ ၂၁ ရက်မှစကာ ၂၀၁၉ ခုနှစ် ဧပြီလအထိ စစ်တိုင်းငါးတိုင်းတွင် စစ်ရေးလှုပ်ရှားမှုများ ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း တပ်မတော်ဘက်က ကြေညာထားသည်။
ယင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ AA နှင့် မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဒီဇင်ဘာလ ၂၇ ရက် ဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး တရုတ်နိုင်ငံတွင် အစိုးရ၊ တပ်မတော်တို့နှင့်အတူ ဆွေးနွေးပွဲ ပြုလုပ်လိုကြောင်း ကြေညာချက် ထုတ်ပြန်ထားသည်။
ထိုထုတ်ပြန်ချက်တွင် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အား အသိသက်သေအဖြစ် ဖိတ်ကြားရန်နှင့် တပ်မတော်ဘက်မှ စစ်တိုင်းအားလုံးအတွင်းရှိ စစ်ရေးလှုပ်ရှားမှုများကို တပြိုင်နက်တည်း ရပ်ဆိုင်းပေးရမည်ဟု တောင်းဆိုထားသည်။
ဆက်စပ်သတင်း
တိုက်ပွဲမရှိတော့ဟုဆိုကာ ကျောက်တော်က စစ်ရှောင်များကို အိမ်ပြန်ခွင့်ပြု
တပ်မတော်နှင့် AA တိုက်ပွဲကြောင့် ဒေသခံ ခမီတိုင်းရင်းသားများ ထွက်ပြေးနေရ
တပ်မတော်၏ အပစ်ရပ်နယ်မြေသတ်မှတ်မှု AA အတွက် ယုံကြည်မှု အားနည်းစေဟုဆို