မန္တလေး ရတနာပုံတက္ကသိုလ် ကျောင်းရှေ့တွင် အသုဘ အခမ်းအနားပုံစံ လှုပ်ရှားမှုပြုလုပ်ခဲ့သည့် ရတနာပုံ တက္ကသိုလ် ကျောင်းသားသမဂ္ဂ ခေါင်းဆောင် ၃ ဦးကို ဒီဇင်ဘာ ၂၉ ရက်နေ့က အမရပူရမြို့နယ် တရားရုံးတွင် ချုပ်ရမန်ယူခဲ့ကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှ သိရသည်။
မန္တလေးခရိုင် ရဲတပ်ဖွဲ့မှ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မျိုးအောင် က “ရာဇဝတ်ကျင့်ထုံးနဲ့အညီ လုပ်ဆောင် ခဲ့တာပါ။ ရုံးပိတ်ရက်ဖြစ်ပေမယ့် တရားရုံးလက်စွဲအရ ချုပ်ရမန်ယူမယ်ဆို ယူလို့ရပါတယ်။ ဥပဒေနဲ့အညီ လုပ်ဆောင်တာ ဖြစ်တဲ့အတွက် ဘာမှတော့မပြောလိုပါဘူး” ဟု ပြေသည်။
ရတနာပုံ တက္ကသိုလ် ကျောင်းသားသမဂ္ဂ (ဗကသ) များအဖွဲ့ချုပ်အနေဖြင့် ကျောင်းလုံခြုံရေး၊ ကျောင်းဖွံ့ဖြိုး တိုးတက်ရေးနှင့် ပတ်သက်ပြီး လုပ်ဆောင်ပေးရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တောင်းဆိုနေစဉ် ပြီးခဲ့သည့် ရက်ပိုင်းက ရတနာပုံတက္ကသိုလ် ကုန်ထုတ်ဓါတုဗေဒက နောက်ဆုံးနှစ်ကျောင်းသားတဦး ရတနာပုံ တက္ကသိုလ် အနီး ကန်ပတ်လမ်းတွင် လုယက် သတ်ဖြတ်ခံရမှုဖြစ်ပွားခဲ့သောကြောင့် ယခုကဲ့သို့ အသုဘအခမ်းအနား လှုပ်ရှားမှုကို ပြုလုပ်ခဲ့ခြင်းဟု သိရသည်။
ရတနာပုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (ဗကသ) အဖွဲ့ချုပ်ဥက္ကဋ္ဌ ကိုကျော်သီဟ ရဲကျော်၊ ဒုတိယ ဥက္ကဋ္ဌ ကိုရဲမင်းထွန်းနှင့် စည်းရုံးရေးမှူး ကိုရဲမျိုးဆွေတို့သည် မန္တလေးရတနာပုံ တက္ကသိုလ်တွင် လုံခြုံမှုကင်းမဲ့နေသည့် အတွက်ဟု ဆိုကာ လုံခြုံရေးတိုးမြှင့်ချထားပေးရန် တောင်းဆိုသည့်အနေဖြင့် ဒီဇင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းက ရတနာပုံ တက္ကသိုလ်ကျောင်း အပြင်ဘက်တွင် ခေါင်းအတုကို မီးရှို့၍ ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
ဆန္ဒပြခဲ့ရာတွင် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၊ လျှပ်စစ်နှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးဇာနည်အောင် ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း ၊ ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ နှင့် ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မောင်မောင်နိုင်တို့၏ ဓာတ်ပုံများအား အခေါင်းပုံစံပေါ်တွင် တင်၍ နာရေးပုံစံ မီးရှို့ခဲ့သည်။
အဆိုပါကဲ့သို့ဆန္ဒထုတ်ဖော်ခဲ့ခြင်းကြောင့်ရတနာပုံတက္ကသိုလ်ဗကသ ကျောင်းသားခေါင်းဆောင် ၃ဦးကို ချမ်းမြသာစည်မြို့နယ်ရဲတပ်ဖွဲ့က ရဲတပ်ဖွဲ့ဝင်အင်အား ၃၀ နီးပါးဖြင့် ဖမ်းဆီးခဲ့ပြီး အမှတ် ၁၀ မြို့မရဲစခန်းတွင် ထိန်းသိမ်းခေါ်ဆောင်ခဲ့ခြင်းဟု သိရသည်။
ဖမ်းဆီးခံ ရတနာပုံ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (ဗကသ) အဖွဲ့ချုပ်မှ စည်းရုံးရေးမှူး ကိုရဲမျိုးဆွေ က “ကျောင်း လုံခြုံရေးကိစ္စ သန့်ရှင်းရေး ကိစ္စတွေအတွက် ကျနော်တို့ တောင်းဆိုတယ်။ ဘာမှလုပ်မပေးဘူး။ ဒီရက်ပိုင်း ထဲမှာပဲ ကျောင်းသား တဦးအသတ်ခံခဲ့ရတယ်။ အဲဒီမတိုင်ခင်ကတည်းက ကျနော်တို့ တောင်းဆိုနေတာ။ ဒီလိုတောင်းဆိုလို့ ဖမ်းဆီးခံရတဲ့ အတွက်တော့ ဘာမှမပြောလိုဘူး။ ဒီလိုလုပ်တာ ကျနော်တို့သုံးယောက်ပဲ။ အခြားဘယ်သူမှမပါဘူး” ဟု ပြောသည်။
ရတနာပုံ တက္ကသိုလ်ရှိ စာသင်ခန်းများ၌ ဖုန်းပျောက်ခြင်း၊ တက္ကသိုလ်ဝင်းအတွင်း ရပ်နားထားသည့် ဆိုင်ကယ်များ အခိုးခံရခြင်း အစရှိသည့် ရာဇဝတ်မှုများ ဖြစ်ပျက်နေသဖြင့် လုံခြုံရေးအင်အား တိုးမြှင့်ချထားပေးရန် ရတနာပုံ ဗကသ အနေဖြင့် အကြိမ်ကြိမ် တောင်းဆိုမှုများ လုပ်ဆောင်နေသော်လည်း ယနေ့အချိန်အထိ သက်ဆိုင်ရာက ဖြေရှင်းပေးခြင်း မရှိသေးကြောင်း သိရသည်။
ဖမ်းဆီးထိန်းသိမ်းခဲ့သည့် ကျောင်းသားခေါင်းဆောင် ၃ ဦးအား ဒီဇင်ဘာ ၂၈ ညနေပိုင်းက အမရပူရမြို့မ ရဲစခန်းတွင် အမရပူရမြို့နယ် အထွေထွေ အုပ်ချုပ်ချုပ်ရေး ဦးစီးဌာန ဒုဦးစီးက တရားလိုပြုလုပ်၍ ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၄၃၅/၅၀၅ (ခ)/၁၁၄ ဖြင့် အမှုဖွင့်ခဲ့သလို ရတနာပုံတက္ကသိုလ်မှ တာဝန်ရှိသူတဦးက တရားလိုပြုလုပ်၍ ဝတ္တရား နှောက်ယှက်မှု ရာဇသတ်ကြီးပုဒ်မ ၃၅၃ ဖြင့်လည်းကောင်း ၊ ရဲတပ်ဖွဲ့ က တရားလိုပြုလုပ်၍ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စည်တန်းလှည့်လည်ခြင်း ဥပဒေ ပုဒ်မ – ၁၉ ဖြင့်လည်းကောင်း အသီးသီး အမှုဖွင့်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ရတနာပုံတက္ကသိုလ်ကျောင်းရှေ့ အသုဘအခမ်းအနားလှုပ်ရှားမှုတွင် ပါဝင်ပတ်သက်သည်ဟုဆိုကာ ရတနာပုံ တက္ကသိုလ်ကျောင်းသား သမဂ္ဂအဖွဲ့ဝင်များဖြစ်သည့် ဘချစ်၊ ဘုန်းမြင့်ကျော်၊ ရဲလင်းအောင်၊ နေဝင်းကျော်နှင့် ရတနာပုံ တက္ကသိုလ်ကျောင်းသား သမဂ္ဂဥက္ကဋ္ဌ ဟောင်း ကိုနိုင်ရဲဝေတို့ကိုလည်း ဖမ်းဝရမ်း ထုတ်ထားကြောင်း သိရသည်။