ဦးခင်ညွှန့်ကြောင့် ဒုက္ခရောက်ခဲ့သော်လည်း သင်ပုန်းချေမည်ဟု ရန်ကုန်တိုင်း ဝန်ကြီးချုပ် ပြော
စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့်ကြောင့် ဒုက္ခရောက်ခဲ့သော်လည်း ပြန်လည် တုန့်ပြန်နေရန် မလိုဘဲ အားလုံးကို သင်ပုန်းချေနိုင်ရေး ကြိုးစားရမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့တွင် ပြုလုပ်သည့် ပြည်တော်သစ်အိမ်ရာ ပြန်လည် ဖွံ့ ဖြိုးရေး စီမံကိန်း အခမ်းအနားသို့ တက်ရာက် လာစဉ် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
မနေ့က ရန်ကုန်မြို့ မြို့တော် ခန်းမတွင် ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ စာရေးဆရာ အသင်းက စီစဉ်သော သက်ကြီး စာရေးဆရာများ ပူဇော်ပွဲတွင် စာအုပ်တချို့ရေးသားထုတ်ဝေ ဖူးသည့် စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွှန့်ကို ကန်တော့ခြင်း၊ လက်ဆွဲ နုတ်ဆက်ခြင်းများနှင့် သီးသန့် တွေ့ဆုံ ခြင်းများအတွက် ဦးဖြိုးမင်းသိန်းမှာ အပြင်းအထန် ဝေဖန်ခံနေရသည်။
ဦးဖြိုးမင်းသိန်း က “ကျနေ်ာတို့က အာဃာတတရားတွေ လက်တုန့်ပြန်မှုတွေနဲ့ ဘယ်တော့မှ သွားဖို့ မရှိပါဘူး။ ကျနော်တို့က ဥပဒေနှင့်အညီပဲ ဆောင် ရွက်ဖို့ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျနော်က အခုချိန်မှာ ဝန်ကြီးချုပ်ပါ။ ဦးခင်ညွှန့်ဟာ သာမန် အရပ်သား တယောက်ပါ” ဟု ပြောသည်။
၎င်းကိုယ်တိုင်သည် စစ်ထောက်လှမ်းရေး ညွှန်ကြားရေမှူး ဗိုလ်ချုပ်ကြီး ခင်ညွှန့် အာဏာထက်စဉ် ပုဒ်မ ၅ (ည)၊ ၅ (င)၊ ၅ (ဃ) တို့ ဖြင့် ထောင်အကြိမ်ကြိမ် ကျခံခဲ့ရသဖြင့် ၎င်း၏ မိသားစုဝင်များ အပါအဝင် အလွန် စိတ်ဖိစီးမှု ခံခဲ့ရကြောင်း၊ လွတ်ရက်စေ့သော် လည်း မလွတ်ဘဲ ၅ နှစ် သုံးကြိမ်ဖြင့် ၁၅ နှစ် နေခဲ့ရကြောင်း ယနေ့ ရန်ကုန်မြို့တွင် ဦးဖြိုးမင်းသိန်းက သတင်းထောက်များကို ပြော သည်။
“ကျနေ်ာတို့ရဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အာဃာတ တရားတွေ မရှိဘူးဆိုတာကို ရင်ထဲမှာ ရှိတဲ့အတိုင်း ပြသနိုင်ဖို့ပဲ လိုပါတယ်။ ဒီအပေါ်မှာ မူတည်ပြီး ငါတို့ကတော့လုပ်နိုင်တဲ့ အခြေအနေတခု ရောက်ပြီပဲ။ ငါတို့ကို တချိန်တုန်းက အမျိုးမျိုး ဒုက္ခပေး ခဲ့တဲ့သူတွေ၊ ငါတို့ရဲ့ မိသားစု ဘဝတွေကို ဖျက်တဲ့သူတွေပဲလို့ ဒါတွေ အားလုံးကို သင်ပုန်းချေနိုင်ဖို့ ကြိုးစားရမှာပေါ့”ဟု ၎င်းက ပြောသည်။
ရန်ကုန်မြို့မှ နိုင်ငံရေး အကျဉ်းသားဟောင်း ဦးထွန်းကြည်ကမူ ယခု ဖြစ်စဉ်ကို လုံးဝ လက်ခံ၍ မရဘဲ မြန်မာနိုင်ငံရေး စာရေးဆရာ အသင်း၊ ရန်ကုန်တိုင်း အစိုးရအဖွဲ့ တို့ အနေဖြင့် နှစ်နာသူများနှင့် ပြည်သူလူထုကို ပြန်လည် တောင်းပန်ပေးရမည် ဖြစ်ကြောင်း ပြောသည်။
ဦးထွန်းကြည် က “ကျနော်တို့က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ်။ နိုင်ငံရေးသမားတွေနဲ့ ပြည်သူလူထုကို ရက်ရက်စက်စက် ညှင်းပန် နှိပ် စက်ခဲ့တဲ့ ပုဂ္ဂိုလ်က စင်ပေါ်ရောက်လာတာတော့ မဖြစ်သင့်ဘူး။ အခု ဖြိုးမင်းသိန်း ပြန်ရှင်းတာလည်း ထမင်းရည်ပူ လျှာလွဲ ပြော တာလေ။ ပြီးတော့ သီးသန့် တွေ့ဆုံတာမျိုးလည်း ရှိတော့ ဒါမျိုး လိုသလား။ နဂိုကတည်းက သူရှောင်သွားလို့ ရတယ်”ဟု ပြောသည်။
စာရေးဆရာ ဦးကျော်ဝင်း က “ပြီးခဲ့တဲ့ ကိစ္စတွေ အားလုံးကို မေ့နိုင်ဖို့လည်း ကျနော် ကြိုးစားနေတယ်။ ကျနော်ခေါင်းထဲမှာ ဗိုလ်နေဝင်းလည်း မရှိဘူး၊ ဗိုလ်ခင်ညွှန့် လည်း မရှိဘူး”ဟု ပြောသည်။
၎င်းသည် လက်ရှိ မြန်မာနိုင်ငံ စာရေးဆရာ အသင်း ဥက္ကဋ္ဌ မနုဿ ကျော်ဝင်းနှင့် မတူကြောင်း၊ ၎င်းကိုယ်တိုင် မည့်သည့် အသင်း အဖွဲ့ ကိုမျှ ဝင်ရောက်ထားခြင်း မရှိသော်လည်း တချို့ မှာ နားလည်မှု လွဲ၍ ၎င်းကို လူမှုကွန်ရက်တွင် တိုက်ခိုက်မှုများ ပြုလုပ်လျက် ရှိသည်ကို တွေ့ရသည်။
စာရေးဆရာ သရဝဏ် (ပြည်) က “ဒေးဘက်ခမ်းလည်း ရေးတာပဲ။ ဟစ်တလာလည်း ရေးတာပဲ စာရေးဖူးတိုင်းတော့ စာရေးဆရာလို့ သတ်မှတ်လို့ ဘယ်ရမလဲ။ စာရေးဆရာဆိုလည်း ပီပီပြင်ပြင် မဟုတ်ပါဘူး။ အသက် ၈၀ ပြည့်တာတော့ ဟုတ်ချင် ဟုတ်မှာပေါ့။ မြန်မာနိုင်ငံမှာ စာရေးဆရာ အသင်းတွေက အများကြီးပဲ။ သူ့မူနဲ့သူ ရွေးပြီး ကန်တော့ကြတာတော့ ပြဿနာ မရှိဘူး။ ဒါပေမယ့် စာရေးဆရာ အားလုံးကို ကိုယ်စားပြုပြီးတော့ ပေးတယ်ဆိုတာမျိုးတော့ ကျနော်တို့က လက်မခံဘူး” ဟု ပြောသည်။
စစ်ထောက်လှမ်းရေး မြန်မာနိုင်ငံတွင် အာဏာရှိခဲ့စဉ်က စစ်ကြောရေးတွင်ပင် အသက်ဆုံးရှုံးရသူများစွာ ရှိသလို တနိုင်ငံလုံးရှိ အ ကျဉ်းထောင်များတွင် စစ်ထောက်လှမ်းရေး လက်ချက်ဖြင့် အသက်ပေးခဲ့ရသူပေါင်း ၂၀၀ နှင့် ၃၀၀ ကြားတွင် ရှိကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများကို ကူညီနေသူလည်း ဖြစ်သူ ဦးထွန်းကြည်က ပြောသည်။
ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့်ကမူ မီဒီယာတချို့နှင့် တွေ့ဆုံစဉ် ဖြစ်စေ၊ ၎င်းရေးသားခဲ့သည့် စာအုပ်တချို့ တွင်ပါ ၎င်းသည် စစ် အ စိုးရ ကာလတွင် ပေးအပ်သည့် တာဝန်ကို ဆောင်ရွက်ခဲ့ရသူ တဦးသာဖြစ်ကြောင်း မကြာခဏ ထုတ်ဖော်ပြောကြားလေ့ ရှိသည်။
၎င်းရေးသားသည့် ကြုံတွေ့ ခဲ့ရ ကျနော် ဘဝ အထွေထွေ စာအုပ် အမှာစာတွင် ပြည်သူအများ၏ အေးချမ်းမှု၊ ဘဝ ဖူလုံမှု ရရှိရေး အတွက် စေတနာထားဆောင်ရွက်ခဲ့သော်လည်း အမှားအယွင်းများ ရှိနိုင်ပါသည်။ ထိခိုက်နစ်နာသူများ၏ မကျေနပ်သူများလည်း ရှိနိုင်ပါသည်။ နစ်နာသူများ၊ ခံစားရသူများကတော့ မကျေမနပ် ဖြစ်ကြလိမ့်မည်။ ထိုသူများအတွက် ကျနော် နားလည်ပါသည်။ ဒီပုဂ္ဂိုလ်များနှင့် မိသားစုများကိုလည်း တောင်းပန်အပ်ပါသည်ဟု ဖော်ပြထားသည်။
ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က “ဒီထောင်ချမှုတွေ အားလုံးကို စစ်ထောက်လှမ်းရေးကို ဖျက်သိမ်းလိုက်ပြီး ဗိုလ်ချုပ်ကြီး ခင်ညွှန့် ထောင်ကျသွားတဲ့ အခြေနေမှာ အဲဒီ အချိန်ကာလက နိုင်ငံတော် အကြီးအကဲ ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက စစ်ထောက်လှမ်းရေးရဲ့ မတရားဆောင်ရွက်မှုတွေ ကြောင့် ထောင်ကျခဲ့တဲ့ ကျောင်းသားတွေကို ပြန်လွှတ်လိုက်ပါတယ်။ အဲထဲမှာ ကျနော်လည်း ပြန်လွတ်လာပါတယ်”ဟု ပြောဆိုခဲ့သည်။