စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် လက်ပံကုန်းကျေးရွာတွင် ထုလုပ်ခဲ့သည့် မြန်မာ့အကြီးဆုံး စည်တော်ကြီးကို စစ်ကိုင်းမြို့ ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်၌ ထားရှိသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
မြန်မာ့အကြီးဆုံး စည်တော်ကြီး ထားရှိမည့်နေရာ ဒေသနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့က သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော်ကြီး သြဝါဒ ခံယူ၍ ဆုံးဖြတ်ခဲ့ခြင်းဟု စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်က ပြောသည်။
ဒေါက်တာ မြင့်နိုင် က “သီတဂူဆရာတော်ကြီးနဲ့ တိုင်ပင်ပြီး သြဝါဒ ခံယူခဲ့ပါတယ်၊ ထုလုပ်တဲ့သူတွေကလည်း ကျနော်တို့ကို လှူဒါန်းပေးပြီး ကြိုက်သလို လုပ်ပါလို့ ပြောတယ်၊ ဒီစည်တော်ကြီးက ကမ္ဘာမှာလည်း အကြီးဆုံး စည်တော်ကြီးဖြစ်တဲ့အပြင် သာသနာနဲ့ဆိုင်တဲ့ စည်တော်ကြီးမို့ သီတဂူ ဆရာတော်ကြီးနဲ့ တိုင်ပင်ပြီး ဘယ်လိုလုပ်ရင် ကောင်းမလဲလို့ ဆိုတာကို သြဝါဒခံယူပြီးမှ အခုဆုံဖြတ်ခဲ့တာပါ” ဟု ပြောသည်။
အဆိုပါစည်တော်ကြီးထားရှိမည့် နေရာဒေသနှင့် ပတ်သက်၍ ဒီဇင်ဘာ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက သီတဂူ အပြည်ပြည်ဆိုင်ရာ ဝိပဿနာ တက္ကသိုလ်တွင် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် တာဝန် ရှိသူများသည် သီတဂူ ဆရာတော်ကြီးထံ ဩဝါဒခံယူခဲ့ပြီး ကောင်းမှုတော်စေတီတော်သို့ သွားရောက် ကြည့်ရှုခဲ့ကြောင်း သိရသည်။
စစ်ကိုင်းမြို့မိမြို့ဖ ဦးဇော်ဝင်း က “စစ်ကိုင်းမှာ ကမ္ဘာမှာ တတိယအကြီးဆုံး မင်းကွန်း ခေါင်းလောင်းရှိတယ်။ အခုကမ္ဘာ့ အကြီးဆုံး စည်တော် ရောက်ရှိလာတော့မယ်။ သာသနာထွန်းကားတဲ့ စစ်ကိုင်းမြို့ အတွက် ဂုဏ်ယူစရာ အကောင်းဆုံးတွေ တခုပြီးတခု ပေါ်လာတာပါ” ဟု ပြောသည်။
စည်တော်ကြီးကို အင်းတော်မြို့နယ် လက်ပံကုန်းကျေးရွာရှိ “ဆရာပွဲ” မြန်မာတူရိယာ အမျိုးမျိုး လုပ်ငန်းမှ ဦးကျော်ညွန့်နှင့် သားတပည့်များက ယခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က စတင်လုပ်ဆောင်ခဲ့ပြီး ဒီဇင်ဘာလ ၂၃ ရက်နေ့က အလုံးစုံ ပြီးစီးခဲ့ခြင်းဟု သိရသည်။
စည်တော်ကြီး ပြီးစီးမှုအခြေအနေများကို ဒီဇင်ဘာလ ၂၅ ရက်နေ့လယ်ပိုင်းက စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင့်နှင့် အတူ တာဝန်ရှိသူများသွားရောက် လေ့လာကြည့် ရှု့ခဲ့ကြောင်း သိရသည်။
အဆိုပါစည်တော်ကြီးကို အင်းတော်သ ချိုင်းဖျက်ရာမှ ရရှိလာသည့် ကုက္ကိုလ်သားဖြင့် ထွင်းထုခဲ့ခြင်းဖြစ်ပြီး စည်တော်ကြီး၏ အရှည်မှာအလျား ၁၂၈ လက်မ၊ အမြင့် ၆၄ လက်မ၊ စည်တော်မျက်နှာဝ အကျယ် ၅၄ လက်မ ရှိကြောင်း သိရသည်။
စည်တော်ကြီးကို ထွင်းထုခဲ့သော ဦးကျော်ညွန့်က “သစ်လုံးတလုံးတည်းကနေ ထွင်းထုထားတဲ့ ဒီစည်တော်ကြီးရဲ့ မျက်နှာပြင် နှစ်ဖက်ကို ကြပ်ဖို့ သားရေရရှိရေး အခက်အခဲ ဖြစ်နေလို့ အပြီးသတ်ဖို့ ကြန့်ကြာခဲ့တာပါ။ ကမ္ဘာ့ အကြီးဆုံးလို့ သတ်မှတ်လို့ရနိုင်ပါတယ်။ အခုဆိုရင် ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ပါတယ်” ဟု ပြောသည်။
ကမ္ဘာ့အကြီးဆုံး စာရင်းဝင် ဖြစ်လာနိုင်သည့် စည်တော်ကြီးထွင်းထုသည့် ကုန်ကျစားရိတ်မှာ သိန်း ၇၀ ခန့်ကုန်ကျခဲ့ပြီး စည်တော် မျက်နှာပြင် အတွက် ကျွဲသားရေနှစ်ချပ်နှင့် စည်တော်စည်ကျစ်ကြိုး အတွက် နွားသားရေ ၁၈ ချပ် ကို အသုံးပြုထားကြောင်း ဆရာပွဲ မြန်မာတူရိယာ အမျိုးမျိုးလုပ်ငန်းမှ သိရသည်။
ထို့အပြင် စည်တော်အတွင်းပိုင်း၌ ဘုရားဟော တရားဒေသနာတော်နှင့် ဂါထာတော်များ၊ ဗာမဲ့ဆရာတော်၏ ဂါထာတော်နှင့် လောကီအစီအမံများ၊ စည်တော်အပြင်တွင် ဗုဒ္ဓဘုရားရှင်၏ ၁၀၈ ကွက်သော ခြေတော်ရာ စက်လက္ခဏာအား နတ်သားများ ပူဇော်နေသည့်ပုံကို ထည့်သွင်း၍ ထုလုပ်ထားကြောင်း သိရသည်။
အဆိုပါစည်တော်ကြီးနှင့်ပက်သက်၍ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော်ကြီး ဒေါက်တာ အရှင်ဉာဏိဿရက စည်တကာတို့ထက် လွန်ကဲသောစည်တော်ကြီး မဟာဘေရီ (သို့မဟုတ်) အဓိကဒုန္ဒုဘဟု အမည်သညာ ပေးထားကြောင်း သိရသည်။
“စည်တော်ကြီးက စည်တကာတို့ထက် လွန်ကဲသော, ကြီးမားသော စည်တော်ကြီးဖြစ်တယ်။ သို့ဖြစ်ခြင်းကြောင့် အဓိက စည်တော်ကြီးကို အဓိကမင်းတရားကြီး (သာလွန်မင်း) ၏ ကောင်းမှုတော် စေတီတော်ကြီးအား လှူဒါန်းရလျှင် အကြီးမြတ်ဆုံးသော ကုသိုလ်တော်ကြီး ဖြစ်ပါလိမ့်မယ်” ဟု သီတဂူဆရာတော်ကြီး ဒေါက်တာအရှင်ဉာဏိဿရ က မိန့်ကြားထားသည်။
ထို့အတူ “သာလွန်မင်းတရားကြီး၏ ကောင်းမှု အဓိကစေတီတော်ကြီးအနီးက သာလွန်မင်း တရားကြီး တာဝန် ပေးအပ်ထားခဲ့သော “စည်တီး ရွာသားတွေ စည်တော်ကြီးကို တီးခွင့်ရကြလျှင် တစ်ပြည်လုံး, တစ်ကမ္ဘာလုံး ဓမ္မစည်သံကြီး ခြိမ့်ခြိမ့်တီး သိမ့်သိမ့်ဟီးလိမ့်မည် ဖြစ်သတည်း” ဟု လည်း မိန့်ကြားသည်။
အင်းတော်မြို့တွင် ထုလုပ်ပြီးစီခဲ့သည့် ကမ္ဘာ့ အကြီးဆုံး စည်တော်ကြီးအား စစ်ကိုင်းမြို့၊ကောင်းမှုတော်စေတီတော်သို့ သယ်ဆောင်မှုကို လာမည့် တပေါင်းလပြည့်ကျော် ၁ ရက်နေ့တွင် ပြုလုပ်ရန် သတ်မှတ်ထားပြီး စည်တော်ကြီးအား ကောင်းမှုတော် စေတီတော် ရင်ပြင်ပေါ်တစ်နေရာ၌ မျှော်စင်တစ်ခုတည်ဆောက်၍ ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန် – ကမ္ဘာ့အကြီးဆုံး စာရင်းဝင်နိုင်သည့် စည်တော်ကြီး ထွင်းထုမှု ပြီးစီး