စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်ရှိ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ပိုင် သကြားစက်ရုံ မြေနေရာ အတွက် သိမ်းဆည်းထားသော လယ်ယာမြေများအတွက် မူလပိုင်ဆိုင်သူ တောင်သူများ၏ နစ်နာမှုများကို ဖြေရှင်းပေးရန် ဒီဇင်ဘာလ ၃၀ ရက်နေ့က၊ တောင်သူ ၁၀၀ ခန့် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
တပ်မတော် အစိုးရလက်ထက် ၁၉၉၉ ခုနှစ်ခန့်မှစ၍ သိမ်းဆည်းခံထားရသော ဘိုးဘွားပိုင်မြေများအတွက် နစ်နာမှုများ အပေါ် ယခုအချိန်ထိ သက်ဆိုင်ရာဌာန အဖွဲ့စည်းများက တစုံတရာ ဆောင်ရွက်ပေးခြင်း မရှိသဖြင့် ယခုကဲ့သို့ ဆန္ဒဖော်ထုတ် ရခြင်းဖြစ်ကြောင်း ဆန္ဒပြပွဲကိုဦးဆောင်သူ ဦးဇော်လတ်က ပြောသည်။
ဦးဇော်လတ် က “ကျနော်တို့က စက်ရုံအနေနဲ့ ဘာမှမစိုက်ဘဲ ချန်ထားတဲ့ မြေကို၊ မြေပဲ ပြန်ရချင်တယ်။ အဆောက် အဦး ဆောက်ထားတဲ့ မြေကို ဒေသကာလ ပေါက်ဈေးနဲ့အညီ အလျော်ရချင်တယ်။ သိမ်းစဉ်ကတည်းက မစိုက်ခဲ့ရ တဲ့ ကာလတွေအတွက် နစ်နာကြေးကို ပြန်ရချင်တယ်” ဟု ပြောသည်။
အဆိုပါ သကြားစက်ရုံ စီမံကိန်းအတွက် ကန့်ဘလူမြို့နယ်ရှိ ထန်းတပင်၊ ပျဉ်းတော်၊ ပုပ္ပါး၊ ချောင်းကန် စသည့် ကျေးရွာ ၇ ရွာခန့်က တောင်သူ ၁၀၀ ကျော် ပိုင်ဆိုင်သော လယ်ယာမြေ ဧက ၁ ထောင်ကျော် အတွက် ထိုက် သင့်သော နစ်နာကြေးမရရှိဘဲ ခြိမ်းခြောက် သိမ်းဆည်းခံခဲ့ရခြင်းဖြစ်ကြောင်း ဆန္ဒထုတ်ဖော်သူများက ဆို သည်။
ထို့အတွက် တောင်သူ ၁၀၀ ဦးခန့်က ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း သကြား စက်ရုံသို့ ချီတက်ကာ အစိုးရ၏ သိမ်းဆည်းမြေများ ပြန်လည်ဖြေရှင်းရေး၊ မူဝါဒအမြန် အကောင်အထည်ဖော် ပေးရေး၊ MEC သကြားစက်ရုံအား ချက်ချင်းဖျက်သိမ်းပေးရေး၊ စီမံကိန်းအတိုင်း အသုံးမပြုသော မြေများကို မူ လတောင်သူများထံ ပုံစံ ၇ ဖြင့် ပေးအပ်ရေး ၊ အဆောက်အဦး ဆောက်လုပ်ထားသော နေရာများအတွက် ကာ လပေါက်ဈေးနှင့်အညီ လျော်ကြေးပေးရေး၊ သိမ်းဆည်းချိန်မှစ၍ မစိုက်ပျိုးခဲ့ရသည့် နှစ်များအတွက် သီးနှံလျော် ကြေးပေးရေး စသည်တို့ကို ကြွေးကြော်တောင်းဆိုခဲ့ကြကြောင်း သိရသည်။
ပျဉ်းတော်ရွာမှ ဦးမြင့်မိုးက “အခုဆို နှစ် ၂၀ လောက်ရှိပြီဆိုတော့ နစ်နာမှုက သိကြမှာပါ။ အခုက စိုက်စရာ လယ် ကအစ မရှိတော့ဘူး။ ကျနော့် မိဘပိုင်တာ ၁၈ ဧကပေါ့ဗျာ။ အခုလို လယ်သိမ်းခံရတော့ အဖေလည်း စိတ္တဇ ဝေဒနာ ခံစားနေရပါတယ်။ စသိမ်းတာတော့ တပ်ကသိမ်းတာပါ။ နစ်နာကြေးက မယူမနေရဆိုလို့ တဧကကို ၂ ထောင်ပဲ ရတယ် ” ဟု ပြောသည်။
တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သူဟန်ထွန်းက အဆိုပါ တပ်သိမ်းမြေကိစ္စနှင့် ပတ်သက်၍ ရပ်ကျေးမြို့နယ်တိုင်း လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ အသီး သီးမှတဆင့် တပ်သိမ်းမြေများ ပြန်လည်စွန့်လွှွတ်ပေးရန် အစီအစဉ်ရှိ၊ မရှိ ကာကွယ်ရေးဝန်ကြီးဌာနသို့ တင်ပြ ပေးခဲ့ပြီး စွန့်လွှတ်ရန် အစီအစဉ်မရှိသေးဟု ကာကွယ်ရေးက အကြောင်းပြန်သည့်အပေါ် မကျေနပ်သဖြင့် တောင်သူများက ဆန္ဒဖော်ထုတ်ခြင်းဖြစ်နိုင်ကြောင်း ပြောကြားသည်။
တိုင်းဒေသ ကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်သူဟန်ထွန်းက “ကာကွယ်ရေး ဝန်ကြီးဌာနက စွန့်လွှတ်ရန် အစီအစဉ်မရှိသေးကြောင်း စာပြန်ထွက်လာတော့ တောင်သူတွေ အနေနဲ့ နည်းနည်း လှုပ်ရှားလာတာပေါ့။ ကျနော်တို့ကတော့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စာအပေါ်မှာ မူတည် ပြီး နိုင်ငံတော်သမ္မတထံကို လွှတ်တော်ကိုယ်စားလှယ်တွေ လက်မှတ်ထိုးပြီး စာတင်ဖို့ရှိပါတယ်” ဟု ပြောသည်။
ဆန္ဒဖော်ထုတ်မှုနှင့် ပတ်သက်၍ MEC သကြားစက်ရုံ၏ တာဝန်ရှိသူတဦးထံ ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့ရာ အဓိကတာဝန်ရှိသူထံ မေးမြန်း၍ ပြန်လည်ဆက်သွယ်မည်ဟု ပြောဆိုခဲ့သော်လည်း ပြန်လည် ဆက်သွယ်မှု မရှိခဲ့ပါ။ ထပ်မံဆက်ရာတွင်လည်း ဖုန်းစက်ပိတ်ထားခဲ့ပါသည်။
ဆန္ဒပြတောင်သူများ တောင်းဆိုထားသည့် အချက်များကို တာဝန်ရှိသူများက ဖြေရှင်းပေးခြင်း မပြုပါက ဆက် လက်၍ ခရိုင်၊ တိုင်း စသည်ဖြင့် အဆင့်ဆင့် ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးဇော်လတ်က ပြောသည်။
ဆန္ဒဖော်ထုတ်ခြင်းကို သက်ဆိုင်ရာမြို့နယ် တာဝန်ရှိသူများထံ အသိပေးတင်ပြကာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဒီဇင် ဘာ ၃၀ ရက်နှင့် ၃၁ ရက်အထိ နှစ်ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။