သတင်း

ကချင် စစ်ရှောင်များ နေရပ်ရင်း ပြန်နေနိုင်ရန် တပ်မတော် မိုင်းရှင်းပေး

ကချင်စစ်ဘေးရှောင် ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးအတွက် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မြစ်ကြီးနား- ဗန်းမော် ကားလမ်းမအနီးရှိ နမ်ဆန်ယန်ကျေးရွာကို  တပ်မတော်မှ မိုင်းရှင်းလင်းရေး လုပ်ဆောင်ပေး နေသည်ဟု သတင်း ရရှိသည်။

ကချင်ပြည်နယ်အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ထွန်းနေလင်း က “နမ်ဆန်ယန်ရွာ ပတ်ဝန်းကျင်မှာ ရွာသားတွေ ပြန်နေလို့ ရအောင်  ကျနော်တို့ မိုင်းရှင်းလင်းရေး လုပ်နေ ပါတယ်။ ၂၅ ရက်လောက်က စတာ အခုဆိုရင် ၆ ရက်လောက် ရှိသွားပြီ”ဟု ယနေ့ ပြောသည်။

တပ်မတော်နှင့် KIA တို့မှာ ၂၀၁၁ ခုနှစ်၊ ဇွန်လ ၉ ရက်မှ စ၍ ၂၀၁၈ ခုနှစ်ထိ တိုက်ပွဲများ ဖြစ်ပွားထားသည်။

တိုက်ပွဲကာလ ၇ နှစ်တာအတွင်း စစ်ဘေးရှောင်ဒုက္ခသည်များ ပြန်လည်နေရာချထားရေး အတွက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပထမဆုံး မိုင်းပြန်လည် ရှင်းလင်းပေးခြင်း ဖြစ်သည်ဟုလည်း ဗိုလ်မှူးကြီး ထွန်းနေလင်းက ပြောသည်။

“မိုင်းကတော့ သောင်းကျန်းသူတွေ ထောင်တဲ့ မိုင်းတွေက များပါတယ်”ဟုလည်း ၎င်းက ပြောသည်။

မိုင်းရှင်းလင်းရေး လုပ်ဆောင်ရသည့် ကျေးရွာဧရိယာမှာ ကျယ်ပြီး မိုင်းရှင်းလင်းရေး လုပ်ငန်းစဉ်ကို အသေးစိတ် မရှင်းပြနိုင်သေးသော်လည်း တပ်မတော်က စစ်ဘေးရှောင်ဒုက္ခသည်များ နေရပ်ပြန်ရေး အတွက် လုံခြုံရေးနှင့် မိုင်းရှင်းရေးကို ကူညီပေးမည်ဟု ဗိုလ်မှူးကြီး ထွန်းနေလင်းက ပြောသည်။

ပြန်လည်နေရာချထားရေး လုပ်ငန်းအဆင့်ဆင့်ကို ကချင်ပြည်နယ် အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများက လုပ်ဆောင် မည် ဖြစ်ပြီး တပ်မတော်ကလည်း ပါဝင်ကူညီပေးမည်ဖြစ်ကြောင်း၊ ဒုက္ခသည်များ ပြန်လည်နေရာချထားမည့် အချိန်အတိအကျ ကိုတော့ ၎င်းအနေဖြင့် မပြောနိုင်သေးဟု ဆိုသည်။

ဧရာဝတီမှ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူကို ဖုန်းဖြင့် ဆက်သွယ်သော်လည်း မရပါ။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးသည် ပဏာမ အပစ်ရပ်စာချုပ် (Bilateral Agreement) နှင့်  တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှုစာချုပ် (NCA) မချုပ်ဆိုရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနိုင်ရန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် တြိဂံတိုင်းစစ်ဌာနချုပ် နယ်မြေများကို ဒီဇင်ဘာလ ၂၁ ရက်မှ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၃၀ ရက်အထိ အပစ်အခတ် ရပ်ဆိုင်းပေးကြောင်း ကြေငြာ ထားသည်။

KIA ဘက်မှလည်း တပ်မတော် တာဝန်ရှိသူများနှင့် ရင်းနှီးပွင့်လင်းစွာ အသေးစိတ် ဆွေးနွေးရန်  ဆန္ဒရှိသည်ဟု ဒီဇင်ဘာလ ၂၂ ရက်က ထုတ်ပြန်ထားသည်။

အပစ်အခတ်ရပ်စဲရေးအတွက် ထုတ်ပြန်ချက်များ ထုတ်ပြီးနောက် တပ်မတော်နှင့် KIA တို့အကြား တရားဝင် တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပခြင်း မရှိသေးပါ။

ကချင်စစ်ဘေးရှောင် ဒုက္ခသည်များ၏ နေထိုင်ရေးနှင့် အခြားအကူအညီများကို ပေးနေသည့် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) မှ ဥက္ကဋ္ဌ သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်က တပ်မတော်မှ အပစ်ရပ်ဆိုင်းထားသည့် ကာလတွင် ကချင်စစ်ဘေးရှောင် ဒုက္ခသည်များ ပြန်လည် နေရာ ချထားရေးကို နံပါတ် (၁) ဆွေးနွေးရန် KIA ကိုအကြံပြုထားပြီး KIA ကလည်း ဒုက္ခသည်များ အရေးကို ဆွေးနွေးမှု ဦးစားပေး အခန်းကဏ္ဍတွင် ထားထားသည်ဟု ပြောသည်။

ဒေါက်တာခလမ်ဆမ်ဆွန်က KBC ၏ စာရင်းအရ ကချင်ဒုက္ခသည် စုစုပေါင်း တသိန်းကျော် အနက် ဗန်းမော်၊ မန်စီ၊ မြစ်ကြီးနားမြို့နယ်နှင့်  ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်ရှိ စစ်ဘေးရှောင်ဒုက္ခသည်များမှာ အိမ်ပြန်၍ ရနိုင်သည့် အခြေအနေတွင် ရှိကြောင်း၊ သို့သော် တပ်မတော်နှင့် KIA တို့၏ သဘောတူညီချက် များလည်း လိုအပ်သဖြင့် နှစ်ဖက်တပ်များ၏ ဆွေးနွေးမှုများကို စောင့်ဆိုင်းနေသည်ဟု ဆိုသည်။

လက်ရှိတွင် တပ်မတော်မှ မိုင်းရှင်းလင်းရေး လုပ်ပေးနေသည့် နမ့်ဆန်ယန် ကျေးရွာ အပါအဝင် မြစ်ကြီးနား-ဗန်းမော် ကားလမ်းတလျှောက်ရှိ  ကျေးရွာ ၂၀ ခန့်မှာ တပ်မတော် နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့အကြား တိုက်ပွဲများကြောင့် ၂၀၁၂ ခုနှစ်က ရွာလုံးကျွတ် ထွက်ပြေးခဲ့ရသည်။

နမ်ဆန်ယန်ကျေးရွာမှ ဒေသခံများမှာ မြစ်ကြီးနားမြို့ရှိ စစ်ဘေးရှောင်စခန်းများတွင် ယနေ့ထိခိုလှုံနေရဆဲ ဖြစ်ပြီး ၇ နှစ် တာ ကြာမြင့်လာပြီဖြစ်သဖြင့် နမ်ဆန်ယန်ကျေးရွာမှာလည်း ခြုံနွယ်များ ထူထပ်ကာ နှစ်ရှည်ပင် များပင် ပေါက် နေပြီဖြစ်သည်။

စစ်ဘေးရှောင်စခန်းမှ နမ့်ဆန်ယန်ဒေသခံအချို့မှာ ၂၀၁၆ ခုနှစ်နောက်ပိုင်းတွင် ၎င်းတို့ ကျေးရွာသို့ ပြန်လည် အခြေချ နေထိုင်ခြင်းများ ပြုလုပ်ခဲ့သော်လည်း တပ်မတော်၊ တပ်ဖွဲ့ဝင်များက လုံခြုံရေး အရ နေခွင့် မပြုခဲ့ပေ။

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် မိသားစု ၁၇ စုမှာ နမ်ဆန်ယန်ကျေးရွာသို့ ကက်သလစ်ဘာသာရေး ဆရာများ၏ အကူအညီဖြင့် ပြန်လည် အခြေချပြီး ခရစ္စမတ်ပွဲတော်ကိုလည်း ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

နမ့်ဆန်ယန်ကျေးရွာသို့ ပြန်လည် အခြေချနေထိုင်ရန် ဒီဇင်ဘာ ၂၇ ရက်က သွားကြည့်ခဲ့သည့် ဒေသခံ ဦးဘရန်မိုင် က “ပြီးခဲ့တဲ့ ၄ ရက်လောက်က ကျနော် သွားကြည့်တာ လမ်းမပေါ်က မလှမ်းမကမ်းကပဲ ကြည့် တာပါ။ ရွာသားတချို့နဲ့ စစ်သားတွေက ခြုံတွေကို ရှင်းနေတာတော့ တွေ့ခဲ့တယ်။ တချို့နေရာတွေမှာ မိုင်းရှိတယ် ဖြတ်သန်းသွားလာခြင်းမပြုရဆိုတဲ့ ဆိုင်းဘုတ်အနီတွေ တွေ့တယ်” ဟု ပြောသည်။

ဦးဘရန်ရှောင်သည် လက်ရှိတွင် မြစ်ကြီးနားမြို့ရှိ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) မှ ဖွင့်လှစ်ပေးထားသည့် စစ်ဘေးရှောင်စခန်းတွင် နေထိုင်နေသူ ဖြစ်ပြီး ၎င်းတို့ မိသားစုမှာ လုံခြုံသည့် အခြေအနေ ရှိပါက နမ့်ဆန်ယန်ကျေးရွာရှိ အိမ်တွင် ပြန်လည် နေထိုင်လိုသည်ဟု ပြောသည်။

တပ်မတော်နှင့် KIA တို့၏ ၇ နှစ်တာတိုက်ပွဲကာလအတွင်း ကချင်ပြည်နယ်၌ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်၊ ဖားကန့်၊ တနိုင်း၊ မံစီ၊ အင်ဂျန်းယန်၊ ဆွမ်ပရာဘွမ်၊ ပူတာအိုမြို့နယ်တို့မှ ဒေသခံ တသိန်းကျော်တို့မှာ ရပ်ရွာမှ ထွက်ပြေး ရပြီး စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေရသည်။

ဒုက္ခသည်ဦးရေ၏ ထက်ဝက်ခန့် ခိုလှုံနေသည့် စခန်းများမှာ KIA ထိန်းချုပ် နယ်မြေအတွင်း ရှိသည်။

ဆက်စပ်ဖတ်ရှုရန် – ကျနော်တို့က IDPs တွေရဲ့ နေရပ်ပြန်ရေး နံပါတ်တစ်ပါ

Loading