နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုသမ္မတများ ဖြစ်ကြသော ဦးမြင့်ဆွေ၊ ဦးဟင်နရီဗန်ထီးယူနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က ၂၀၁၉ ခုနှစ် နှစ်ကူးဆုမွန်ကောင်းများ တောင်းပေးခဲ့ကြသည်။
သမ္မတ ဦးဝင်းမြင့်က အစိုးရအနေဖြင့် နိုင်ငံတော်အတွက် အမျိုးသား အကျိုးစီးပွားများ ပေါ်ထွန်းလာစေရန် မပြတ်သော သတိ၊ မလျော့သောဝီရိယတို့ဖြင့် ကြိုးပမ်းဆောင်ရွက်လျှက် ရှိကြောင်း၊ ယခုမှသည် နောင်လာမည့် နှစ်များ အတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ ကဏ္ဍများမှာ အခွင့်အလမ်းကောင်းများ ပိုမို ရရှိလာမယ့် အကြောင်း သတင်းကောင်းပါးသွားသည်။
သမ္မတ ဦးဝင်းမြင့် က “အနာဂတ် ငြိမ်းချမ်း သာယာအောင်၊ နိုင်ငံသူနိုင်ငံသားများ၏ ဘဝချမ်းမြေ့ပျော်ရွှင်အောင် နိုင်ငံတော် အစိုးရအနေနဲ့ ကောင်းမွန်တဲ့ ရည်မှန်းချက်၊ ဦးတည်ချက်များကို ကြိုးပမ်းပုံဖော်သွားမှာဖြစ်ပါတယ်။ နိုင်ငံတော်မှာ တွေ့ကြုံ ရင်ဆိုင်နေရတဲ့ အခက်အခဲ အကျပ်အတည်းများကိုလည်း အမှန်တရားနဲ့ တရားမျှတမှုကို လက်ကိုင်ထားပြီး ဖြေရှင်းခြင်းဖြင့် ကျော်လွှား လွန်မြောက်နိုင်မယ်လို့ယုံကြည်ပါတယ်” ဟု ပြောထားသည်။
မိဘပြည်သူများ အနေဖြင့်လည်း အစိုးရ၏ ပြည်ထောင်စုကြီး ငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး စတဲ့ လုပ်ငန်းစဉ်များ အပေါ် ပိုမိုပူးပေါင်းဆောင်ရွက်ကြပါရန် ပန်ကြားထားပြီး မိဘပြည်သူများအားလုံး ကောင်းကျိုးမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံနိုင်ရန်လည်း ဆုမွန်တောင်းထားသည်။
ထို့အပြင် “ဒီမိုကရေစီ ဖက်ဒရယ် ရှေ့ခရီးကို ဆက်လက်တက်ကြွစွာ ပါဝင်နိုင်ကြပါစေလို့ ဆန္ဒပြုအပ်ပါတယ်” ဟု လည်း ဆိုထားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကလည်း အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဥက္ကဋ္ဌ အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများထံ “နှစ်သစ်တွင် ပျော်ရွှင် ချမ်းမြေ့ ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်” ဟု နှစ်သစ်ကူး သဝဏ်လွှာ ပေးပို့ခဲ့သည်။
ဒုသမ္မတ ၁ ဦးဝင်းမြင့် ကလည်း ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား ညီအစ်ကို မောင်နှမများအားလုံး ၂၀၁၉ ခုနှစ် နှစ်သစ် အခါသမယတွင် ကျန်းမာ၊ ချမ်းသာပြီး မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်း တောင်းထားသည်ကိုတွေ့ရသည်။
ထိုအထဲတွင် “နှစ်သစ်မှာ တိုင်းရင်းသားပြည်သူတရပ်လုံး မျှော်လင့်တောင့်တနေတဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးတို့ကို အမြန်ဆုံးရရှိပြီး ပြည်သူတွေရဲ့ လူမှုစီးပွားဘဝများ အဘက်ဘက်က မြင့်မားတိုးတက် ကြပါစေလို့ ဆုတောင်း မေတ္တာ ပို့သအပ်ပါတယ်” ဟု ပါရှိသည်။
အလားတူ ဒုသမ္မတ ၂ ဦးဟင်နရီဗန်ထီးယူ ကလည်း နှစ်ဟောင်းကုန်ဆုံးပြီး နှစ်သစ်ကို စတင်ရောက်ရှိချိန်တွင် တိုင်းရင်းသား မိဘ ညီအစ်ကိုမောင်နှမများ အားလုံး မျှော်လင့် တောင့်တနေကြသော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက် အရေးပါတဲ့ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝ ပိုမိုတိုးတက်ဖွံ့ဖြိုးရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့ကို အားကြိုးမာန်တက် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြပါစေရန် ဆန္ဒပြုထားသည်။
ထို့အပြင် “ဒီလိုဆောင်ရွက်ရာမှာ တွေ့ကြုံကျော်ဖြတ်ရမယ့် စိန်ခေါ်မှုတွေ၊ အခက်အခဲတွေကို အခွင့်အလမ်းတွေ အဖြစ် ပြောင်းလဲကာ ပြည်ထောင်စုစိတ်ဓာတ်ကို အရင်းခံပြီး စုပေါင်းအင်အားဖြင့် စည်းလုံးညီညွတ်စွာ ရင်ဆိုင် ဖြေရှင်းသွားဖို့ကိုလည်း အလေးအနက် တိုက်တွန်းလိုပါတယ်” ဟု ဆိုထားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကတော့ တိုင်းရင်းသား ညီအစ်ကို မောင်နှမ အားလုံး နှစ်သစ်အခါ သမယတွင် မင်္ဂလာအပေါင်းနှင့် ပြည့်စုံစေလိုကြောင်း ကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းထားသည်။
တပ်ချုပ် က “လူသားအားလုံးဟာ မိမိဘဝတိုးတက်ဖို့အတွက် လုပ်ကိုင်စားသောက်ဖို့ လိုအပ်ကြသလို အားလုံး ဟာလည်း အေးအေး ချမ်းချမ်းနဲ့ နေထိုင်လိုတဲ့ ဆန္ဒရှိကြပါတယ်၊ ဒီလူသားအားလုံးရဲ့ဆန္ဒပြည့်စုံစေဖို့ အတွက် ကျနော်တို့ တပ်မတော်အနေနဲ့ မိဘပြည်သူများ အားလုံးနဲ့ လက်တွဲဆောင်ရွက်သွားကြမှာ ဖြစ်ကြောင်း ကျနော်ပြောကြားလိုပါတယ်” ဟု ဆိုသည်။
နေပြည်တော်ရှိ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၏ နေအိမ်၌ ဒီဇင်ဘာ ၂၉ ရက်နေ့က ပြုလုပ်သော ခရစ်တော် မွေးနေ့ (ခရစ္စမတ်) ဝတ်ပြုဆုတောင်းခြင်းနှင့် ကျေးဇူးတော်ချီးမွမ်းခြင်း နေ့လယ်စာစားပွဲကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်ခဲ့ကြသေးသည်။