ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု စီးနင်းလိုက်ပါလာသည့် ယာဉ်တန်းသည် ယနေ့ ဇန်နဝါရီလ ၁ ရက် ညနေပိုင်းက မြောက်ဦးမြို့နှင့် မင်းပြားမြို့နယ်ကြားတွင် မိုင်းခွဲတိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။
ဝန်ကြီးချုပ် ဦးညီပုသည် ကျောက်ဖြူ မြို့မှ အပြန် မြောက်ဦး မြို့နယ် မြောင်းဘွေတံတားအလွန် ပီပင်ရင်း ကျေးရွာ အနီးတွင် မိုင်းခွဲတိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ် ပြန်ကြားရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်က ပြောသည်။
ဦးမောင်မောင် က “ဝန်ကြီးချုပ်ယာဉ်တန်း အမ်းဘက်က လာတဲ့ အခါ မြောက်ဦးမြို့နယ် မြောင်းဘွေအလွန်
မိုင်းပေါက်ကွဲသွားတာပါ၊ လူတွေဘာတွေတော့ ထိခိုက်တာ မရှိဘူး။ ကားတစီးကတော့ အနည်းငယ် ထိခိုက်သွားတယ်” ဟု ဧရာဝတီသို့ ပြောသည် ။
ဒေသတွင်း သတင်းရင်းမြစ်များ၏ ပြောပြချက်အရ ဝန်ကြီးချုပ်ဦးညီပု လိုက်ပါလာသော ယာဉ်တန်းဖြတ်သွားစဉ် မိုင်း
၃ လုံးဆက်တိုက် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ဝန်ကြီးချုပ်ကား ထိခိုက်မှု မရှိသော်လည်း ခရိုင်အုပ်ချုပ်ရေးမှူးကား တစီးမှာ ထိခိုက်ပျက်စီးသွားခဲ့သည်ဟုဆိုသည်။
ဝန်ကြီးချုပ် ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး ဧရာဝတီက မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးထံ ဖုန်းဖြင့် ဆက်သွယ်ရာတွင် မိုင်းပေါက်ကွဲသည့် ဖြစ်စဉ်ကို အတည်ပြုသော်လည်း ဖြစ်စဉ်အသေးစိတ်ကို မသိရှိသေးကြောင်း ဖြေကြားသည်။
၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့ကလည်း ဝန်ကြီးချုပ် ဦးညီပု ကားသည် နေပြည်တော်မှ ပြန်လာစဉ် မြောက်ဦးမြို့ ဆင်ချဆိပ် ရပ်ကွက် တွင်ရှိသည့်တံတားအောက်သို့ ထိုးကျမှုတခု ဖြစ်ပွားခဲ့သည် ။