ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့(UNESCO) မှ အမေရိကန်နှင့် အစ္စရေးတို့သည် ဒီဇင်ဘာ ၃၁ရက်နေ့ ညသန်းခေါင်ယံ ၌ တရားဝင် အတိအလင်းနုတ်ထွက်လိုက်ကြပြီး တနှစ်ကျော် ကာလကြာအောင် အဖွဲ့အစည်းအတွင်း အစ္စရေး ဆန့်ကျင် ရေးဘက်လိုက်မှုများအပေါ် စိုးရိမ်ပူပန်၍ လိပ်ခဲတည်းလည်းဖြစ်နေခြင်း၏အဆုံးသတ်အဖြစ် နုတ်ထွက်ကြခြင်းဖြစ်သည်။
၎င်းတို့နုတ်ထွက်မှုသည် လုပ်ထုံးလုပ်နည်းအတိုင်း ဖြစ်သော်လည်း ယူနက်စကိုအဖွဲ့အတွက် ထိုးနှက် ချက်အသစ် တခုဖြစ် လာပြီး ဒုတိယကမ္ဘာစစ်အပြီး၌ စတင်ဖွဲ့စည်းစဉ်က အမေရိကန်က ငြိမ်းချမ်းရေး အတွက် ပူးတွဲတည်ထောင်သူအဖြစ် ပါဝင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ယခုကဲ့သို့ နုတ်ထွက်ရန်အတွက် ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလက ထရမ့်အစိုးရက အသိပေး အကြောင်းကြားစာကို အဖွဲ့ထံသို့ ပေးပို့ခဲ့ပြီး အစ္စရေးဝန်ကြီးချုပ် ဘဂျမင်နေတန်ယာဟုက အမေရိကန်အစီအစဉ်အတိုင်း လိုက်နာခဲ့သည်။
ပါရီမြို့အခြေစိုက်ဖြစ်သော ယူနက်စကိုအဖွဲ့တွင် အစ္စရေးဆန့်ကျင်ရေး ဘက်လိုက်မှုရှိနေကြောင်း ပြင်း ပြင်းထန်ထန် ပြစ်တင်ဝေဖန်ခံခဲ့ရသည်။ အစ္စရေးတို့ လက်ဝယ်ရှိ ရှေးဟောင်းဂျူးအထွတ် အမြတ် ထားရာ အရှေ့ဂျေရုဆလင်ကို ပါလက်စတိုင်းအမွေအနှစ်အဖြစ် ယူနက်စကိုက သတ်မှတ်ပေးခြင်း၊ ပါလက်စတိုင်းကို ၂၀၁၁ ခုနှစ်က တင်းပြည်အဖွဲ့ဝင် အဖြစ် လက်ခံခဲ့ခြင်း တို့ကြောင်း ယင်းသို့ ပြစ်တင်ဝေဖန်မှုများ ပေါ်ပေါက်လာခဲ့ရသည်။
ယဉ်ကျေးမှုနှင့်ဓလေ့ထုံးစံစုဝေးရာနေရာများကို ကာကွယ်ထိန်းသိမ်းရန်အတွက် ကမ္ဘာ့အမွေအနှစ် စောင့်ရှောက်မှု အစီ အစဉ် နာမည်ကောင်းဖြင့် ရပ်တည်နေခဲ့သည့် ယူနက်စကိုအဖွဲ့အတွင်း အခြေခံ ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်ရန် အမေရိကန်က တောင်းဆိုတိုက်တွန်းခဲ့သည်။
ယူနက်စကိုအဖွဲ့သည် အမျိုးသမီးငယ်များ ပညာရေးတိုးတက်မှု၊ အစုလိုက်အပြုံသတ်ဖြတ်ခံရသည့် ဘေးဆိုးများ (Holocaust’s horrors) အောက်မေ့ဖွယ်တိုးမြှင့်လုပ်ဆောင်မှုနှင့် မီဒီယာလွတ်လပ်ခွင့် ကာကွယ်မှုတို့ကိုလည်း အရှိန်မြှင့် တင်ပေးခဲ့သည်။
.အစ္စရေးနှင့် အမေရိကန်တို့က ၂၀၁၁ ခုနှစ်ကတည်းက ပါလက်စတိုင်းကို အဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံ ရန် မဲများရခဲ့ခြင်းဖြစ် သဖြင့် ထည့်ဝင်ငွေရပ်ဆိုင်းသည့်အတွက် ယခုကဲ့သို့ အတိအလင်း နှုတ်ထွက် ခြင်းကြောင့် ယူနက်စကိုအဖွဲ့အတွက် ဘဏ္ဍာရေး အကြီးအကျယ်အထိမနာခဲ့ခြင်းဖြစ်သည်။
တရားဝင်ခန့်မှန်းချက်များအရ အမေရိကန်က စုစုပေါင်းဘတ်ဂျက်၏ ၂၂ ရာခိုင်နှုန်းထည့်ဝင်ရန် အတွက် ဒေါ်လာသန်း ၆၀၀ ကို ထည့်ဝင်ခြင်းမပြုဘဲ နေခဲ့ပြီး အကြောင်းပြချက်အနေဖြင့် သမ္မတ ဒေါ်နယ်ထရမ့်၏ ဆုံးဖြတ်ချက်ကြောင့် နုတ်ထွက်ရန် ရှိကြောင်း ဆိုသည်။ အစ္စရေးနိုင်ငံက ယူနက် စကိုသို့ ထည့်ဝင်ရန် ကျန်ရှိငွေမှာ ဒေါ်လာ ၁၀ သန်းဖြစ်သည်။
သမ္မတ ထရမ့်က နုတ်ထွက်ရန် ကြေညာပြီးနောက် ယူနက်စကိုဒါရိုက်တာရာထူးကို မော်ရိုကို အနွယ် ဖွား ဂျူးလူမျိုးဖြစ်သူ Audrey Azoulay က ရယူခဲ့ပြီး၊ Holocaust ပညာရေးဝက်ဘ်ဆိုက် လွှင့်တင် ရန် ဦးဆောင်ခဲ့ပြီး ဂျူးဆန့်ကျင်ရေး ကုလ သမဂ္ဂ ပညာရေးလမ်းညွှန်ချက်များ အတွက် လှုပ်ရှားခဲ့ သဖြင့် အမေရိကန်နှင့် အစ္စရေးတို့အတွက် စိုးရိမ်မှုတိုးပွားလာစေခဲ့ သည်။
အမေရိကန်စွပ်စွဲသည့် အကြောင်းပြချက်အများအပြားကို အဖွဲ့အနေဖြင့် လက်တွေ့ကျင့်သုံးခဲ့ ခြင်း မရှိကြောင်း ယူနက်စကို တာဝန်ရှိသူများက ပြောကြားခဲ့ပြီး အစ္စရေးနှင့် အာရပ်နိုင်ငံများအကြား အရှေ့အလယ်ပိုင်းအရေးကိစ္စနှင့်ပတ်သက်၍ ယူနက်စကို လုပ်ဆောင်ချက်များအား အများ သဘောတူ ထားသည့် ပြဋ္ဌာန်းချက် ၁၂ ရပ်အရ လုပ်ဆောင်ခြင်းမှအပ ပိုမို မကျင့်သုံးခဲ့ကြောင်း ရှင်းပြကြသည်။
အမေရိကန်သည် ယခင်ကလည်း ယူနက်စကိုမှ နုတ်ထွက်ခဲ့ဖူးသည်။ သမ္မတရေဂင်အစိုးရလက်ထက် ၁၉၈၄ ခုနှစ်တွင် အဖွဲ့၏ကိုင်တွယ်ပုံမှားယွင်းသည်၊ အကျင့်ပျက်ခြစားသည်၊ ဆိုဗီယက်အကျိုး စီးပွားမြှင့်တင့်ရန် အသုံးချသည်ဟုဆို၍ နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။ ၂၀၀၃ ခုနှစ်ကျမှ အမေရိကန်က ယူနက်စကိုအဖွဲ့သို့ ပြန်လည်ဝင်ရောက်ခဲ့သည်။