သတင်း

မကရင်မ အမှုတွင် အိမ်ရှင်နှိပ်စက်ဖူးကြောင်း ရဲထံထွက်ချက်ပေးသူ ပျောက်နေ

အိမ်အကူ မကရင်မ သေဆုံးမှုတွင် သံသယတရားခံ ဖြစ်သည့် ဒေါ်သိင်္ဂီစု ယခင်က နှိပ်စက်ဖူးသည်ဟု ရဲထံ ထွက်ဆိုခဲ့သည့် အိမ်အကူ မဝေဝေလှိုင်အား ရှာမတွေ့သည့်အတွက် သက်သေအဖြစ် စစ်ဆေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

တရားလိုရှေ့နေ ဒေါ်စန်းစန်းမြင့်က “ဝေဝေလှိုင်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့လည်း ရှာတယ်။ ဒါပေမယ့် ဝေဝေလှိုင်နဲ့ ပတ်သက်ပြီး ဘယ်သူမှ သတင်းပေးမယ့်သူမရှိဘူး။ တရားရုံးက တာဝန်ကျေတယ်။ တရားရုံးက တာဝန်ကျေတယ် ဆိုတာ ၁၀၄ လည်း ထုတ်ပြီးပြီ” ဟု ဧရာဝတီသို့ ပြောသည်။

ပြီးခဲ့သည့် ၁ လခန့်ကတည်းကပင် တောင်ပိုင်းခရိုင်တရားရုံးမှ အကြောင်းကြားစာ ပို့ထားပါသော်လည်း ယခင်နေရပ် လိပ်စာတွင် မရှိတော့သဖြင့် နေရပ်လိပ်စာ အသစ်ကို ရှာဖွေစုံစမ်းမှုများ ပြုလုပ်နေခြင်း ဖြစ်သည်။

သံသယ တရားခံ ဒေါ်သိင်္ဂီစုသည် အခြား အိမ်အကူ ဖြစ်သည့် မဝေဝေလှိုင်ဆိုသူကိုလည်း နှိပ်စက်ခဲ့ဖူးကြောင်း သက်သေမှတ်တမ်းကို မင်္ဂလာဒုံမြို့နယ် ထောက်ကြံ့နယ်မြေရဲစခန်းမှ ရဲအရာရှိတဦးက သက်သေအဖြစ် အပ်နှံထားခြင်းဖြစ်သည်။

တရားလိုရှေ့နေ ဒေါ်စန်းစန်းမြင့်က “ရဲက ဝေဝေလှိုင်ကို စစ်ပြီးပြီ။ စစ်လိုက်တဲ့အခါ ဝေဝေလှိုင်က ဟုတ်ပါတယ်။ တိုင်ထားဖူးတယ်ဆိုပြီး ဖြေထားတယ်” ဟုဆိုသည်။

၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁၈ ရက် ရက်စွဲပါ အဆိုပါ မှတ်တမ်း မိတ္တူတွင် ယခင် အိမ်အကူအား ဒေါ်သိင်္ဂီစုမှ အကြိမ် ကြိမ် နှိပ်စက် ညှဉ်းပန်းမှုကြောင့် ဒဏ်ရာ ရရှိကာ အင်းစိန် ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ပြီး ညှိနှိုင်း ပြေလည်သဖြင့် အမှု မဖွင့်ကြောင်း ပါရှိသည်။

ရှေ့နေ ဒေါ်စန်းစန်းမြင့်က “ရဲစခန်းမှာ တိုင်ချက်ဖွင့်တုန်း တိုင်ချက်ဖွင့်သူ ဝေဝေလှိုင်နဲ့ သိင်္ဂီစုနဲ့ ညှိနှိုင်းပြေလည်သွားပြီး ရဲစခန်းမှာ ဖွင့်တဲ့ တိုင်ချက်ကို ရုတ်သိမ်းသွားတယ် ဒီတစ်ကြိမ်မက အိမ်ဖော်တွေနဲ့ ပတ်သက်ပြီး ညှည်းပန်း နှိပ်စက်လေ့ ရှိတယ်ဆိုတဲ့ အလေ့အထက အမှုမှာ အတိုင်းအတာ တခုအထိ အထောက်အကူပြုနေတာ” ဟု သုံးသပ်သည်။

သံသယ ရှိသူ ဒေါ်သိင်္ဂီစု နှိပ်စက်ခံရဖူးသည်ဆိုသည့် မဝေဝေလှိုင်ကို စစ်ဆေးမေးမြန်းနိုင်ရန်နှင့် ပတ်သက်ပြီး လာမည့် ရုံးချိန်းတွင် ပြတ်သားသည့် အခြေအနေကို တင်ပြရန် ခရိုင်တရားသူကြီးမှ ယနေ့ရုံးချိန်းတွင် ပြောသည်။

လာမည့် ရုံးချိန်းအထိ နေရပ်လိပ်စာ မတင်ပြနိုင်ပါက တရားလိုပြသက်သေ စာရင်းမှ ၎င်းကို ထုတ်ပယ်ရမည့် အခြေအနေဖြစ်သည်။

အိမ်အကူ မကရင်မ သေဆုံးမှုတွင် သံသယ ရှိသူ ဒေါ်သိင်္ဂီစုကို ဇန်နဝါရီလ ၂ ရက်နေ့တွင်သံလျင် မြို့နယ် တောင်ပိုင်းခရိုင် တရားရုံး၌ ၂၂ ကြိမ်မြောက် ရုံးထုတ်ခဲ့ခြင်း ဖြစ်သည်။

အိမ်အကူ မကရင်မ အမှုတွင် စစ်ဆေးခဲ့သည့် အမှုစစ် ရဲအရာရှိကိုယ်စား ရန်ကုန်တိုင်း တွံတေး မြို့နယ် ခလောက်ချိုက် ရဲစခန်းမှ အမှုစစ် ရဲအရာရှိ ဒုရဲမှူး မြင့်ဇော်ကို ယနေ့ ရုံးချိန်းတွင် တရားလိုရှေ့နေမှ ပြန်လှန်မေးခွန်းများ မေးမြန်း စစ်ဆေးခဲ့ခြင်းဖြစ်သည်။

သေဆုံးသူ မကရင်မသည် တပ်မတော် အရာရှိကတော် ဒေါ်သိင်္ဂီစု နေအိမ်တွင် အိမ်အကူ လုပ်ကိုင်ခဲ့သူဖြစ်ကာ ကလေး ၄ ဦး၏ မိခင်လည်း ဖြစ်သည်။

အိမ်အကူ မကရင်မသည် ဝမ်းဗိုက်ဒဏ်ရာကြောင့် အူပေါက်ကာ ၂၀၁၈ ခုနှစ် မေလ ၁၉ ရက်နေ့တွင် သေဆုံးခဲ့ပြီး မကရင်မ သေဆုံးမှုနှင့် ပတ်သက်၍ သံသယရှိသူ ဒေါ်သိင်္ဂီစုကို လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် တရားစွဲဆိုထားသည်။

အဆိုပါ အမှုတွင် တရားလိုပြ သက်သေ အဖြစ် ၂၉ ဦး တင်သွင်းထားပြီး ၆ ဦးကို သက်သေမှ ထုတ်ပယ်ခဲ့သည်။ယနေ့ ရုံးချိန်း အထိ တရားလိုပြ သက်သေ ၂၁ ဦးကို စစ်ဆေးခဲ့ပြီးဖြစ်သည်။

ဆက်စပ်ဖတ်ရှုရန်

အိမ်အကူ မကရင်မအမှု ရုံးချိန်းရက် မစစ်ဆေးနိုင်

မကရင်မ သေဆုံးမှု အမှုစစ်ကိုယ်စား အခြားရဲအရာရှိ သက်သေထွက်ဆိုမည်

အိမ်အကူ မကရင်မ ဝမ်းဗိုက်ဒဏ်ရာကြောင့် အူပေါက် သေဆုံးခြင်းဖြစ်ဟု ဆရာဝန် ထွက်ဆို

 

Loading