မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ် (Myanmar BoXing Federation) အနေဖြင့် မလေးရှာနိုင်ငံ၊ ပီနန်အပြည်ပြည်ဆိုင်ရာ အမျိုးသား အလွတ်တန်းနှင့် လူငယ်ဖိတ်ခေါ်လက်ဝှေ့ပြိုင်ပွဲတွင် ရွှေတခု၊ ငွေတခု၊ ကြေး နှစ်ခုရရှိခဲ့ပြီး ၅ နှစ် ကြာ ဆုတံဆိပ်များနှင့် ဝေးကွာနေမှုကို အဆုံးသတ်နိုင်ခဲ့သည်။
အလွတ်တန်း ၇၅ ကီလိုမစ်ဒယ်ဝိတ်တန်းတွင် ရဲမင်းထွန်းက ရွှေတံဆိပ်ရရှိခဲ့ပြီး ၅၆ ကီလိုတန်းမှ ပြည့်စုံနှင့် ၆၄ ကီလိုတန်းမှ ကျော်မင်းဦးတို့မှ ကြေးတံဆိပ်များ ရရှိခဲ့ခြင်းဖြစ်ကာ လူငယ်ကစားသမား သီဟဇော်မှ ၆၄ ကီလိုတန်းတွင် ငွေတံဆိပ်ကို ရရှိခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်ကျော်စိုး က “ကြိုတင်ပြင်ဆင်မှုနဲ့ စနစ်တကျ နေထိုင်းစားသောက်မှုတွေက ထိရောက်ခဲ့ပါတယ်၊ ဆီးဂိမ်းမှာလည်း အောင်မြင်မှုရဖို့ အပြင်းအထန် ကြိုးစားရပါဦးမယ်” ဟု ပြောသည်။
ပြိုင်ပွဲတွင် ဟောင်ကောင်၊ ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ တိုင်ပေ အစရှိသည့် နိုင်ငံများမှလည်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာ့လက်ဝှေ့ လက်ရွေးစင် ကစားသမား ၇ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
မြန်မာ့လက်ဝှေ့ အားကစားအနေဖြင့် ၂၀၁၃ ခုနှစ်က အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် ဆီးဂိမ်းပြိုင်းပွဲအပြီး နောက်ပိုင်း ဆီးဂိမ်ပြိုင်ပွဲနှစ်ပွဲတွင် မည်သည့်ဆုတံဆိပ်မှ ရယူနိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။
အဖွဲ့ချုပ်အနေဖြင့် ကစားသမား၏ အရည်အသွေးပိုင်း ပိုမိုတိုးတက်လာရေးအတွက် နိုင်ငံတကာပြိုင်ပွဲများအား စေလွှတ် ယှဉ်ပြိုင်ရန် ဆောင်ရွက်သွားမည့်အပြင် ဆီးဂိမ်းပြိုင်ပွဲနီးကပ်လာပါကလည်း တရုတ်၊ ကာဇက်စတန်၊ ဂျပန်၊ ကိုရီးယားစသည့် နိုင်ငံတခုခုတွင် ပူးတွဲလေ့ကျင်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း ဦးကျော်ကျော်စိုး က ပြောသည်။
ပီနန်ဖိတ်ခေါ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့လက်ဝှေ့ အဖွဲ့ချုပ် အနေဖြင့် ကုန်ကျစရိတ်ငွေ အမေရိကန်ဒေါ်လာ ၈၀၀၀ ခန့်ရှိခဲ့ပြီး နိုင်ငံတော် အစိုးရမှ အမေရိကန်ဒေါ်လာ ၂၈၀၀ ထောက်ပံ့ခဲ့ကြောင်းလည်း အသင်းထံမှ သိရသည်။
မြန်မာ့အားကစား အဆင့်အတန်း မြှင့်မားလာစေရေးအတွက် အခြေခံပညာ ကျောင်းများမှ စတင်ကာ အားကစားနည်းများကို ထည့်သွင်းရန် လိုအပ်ပြီး မြို့နယ်၊ ခရိုင်၊ တိုင်း/ပြည်နယ်အဆင့်ဆင့် ပြိုင်ပွဲများကျင်းပပြုလုပ်နိုင်ရေးအတွက် နိုင်ငံတော် အစိုးရအနေဖြင့် ကြိုးပမ်းလုပ်ဆောင်ရန် လိုအပ်လျှက်ရှိကြောင်းလည်း ဦးကျော်ကျော်စိုးက သုံးသပ်ခဲ့သည်။