ငွေကြေးလိမ်လည်မှုများဖြင့် တရားစွဲဆိုခြင်းခံထားရသည့် ယောဂီဝတ်ဒေါ်နန္ဒမာလားအား ဇန်နဝါရီ ၂ ရက်နေ့ညနေ ၆ နာရီကျော်၌ အမြန်လမ်းမိုင်တိုင် ၂၈၄ တွင်ပိတ်ဆို့ဖမ်းဆီးပြီးနောက် မန္တလေးတိုင်း CID မှ ထိန်းသိမ်းစစ်ဆေးလျှက်ရှိကြောင်း မိတ္ထီလာမြို့နယ်၊ သီးကုန်းအမြန်လမ်းနယ်မြေရဲစခန်းမှူး ဒုရဲမှူးမိုးညိုက ပြောသည်။
အထက်ညွှန်ကြားချက်အရ အမြန်လမ်းပေါ်၌ပိတ်ဆို့ရှာဖွေရာတွင် ဒေါ်နန္ဒမာလာနှင့်အတူ ယာဉ်မောင်းတဦးတို့ကို ထိန်းသိမ်းခဲ့ပြီး CID မှ စစ်ဆေးရန် လာရောက်ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။
ဒုရဲမှူးမိုးညို က “အထက်က သတင်းလှမ်းအကြောင်းကြားလို့ ပိတ်ဆို့ရှာဖွေခဲ့တာ၊ အတူပါတဲ့ ယာဉ်မောင်းရော၊ ကားရော အကုန်လုံး မန္တလေးခေါ်သွားပြီ” ဟု ဧရာဝတီသို့ပြောသည်။
မန္တလေးနှင့်ရန်ကုန်တို့ရှိ ရဲစခန်းအချို့မှ ဖမ်းဝရမ်းထုတ်ထားသည့် ဒေါ်နန္ဒမာလာအနေဖြင့် တရုတ်ပြည်တွင် အဓိဌာန်ဝင်နေသယောင် လိမ်လည်လှည့်ဖြားကာ ပြည်တွင်း၌ပုန်းရှောင်နေကြောင်း သတင်းရရှိခဲ့ကြောင်းလည်း မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက လူမှုကွန်ရက်တွင် ဖော်ပြခဲ့သည်။
ဦးအောင်လှိုင်ဝင်း က “သူ့ကို သိန်းပေါင်းသောင်းချီအလိမ်ခံရပြီး တရားမစွဲရသေးတဲ့သူတွေ ကျနော့်ဆီထပ်ရောက်လာတယ်၊ သူတို့လဲ ဘယ်လိုလုပ်ရမလဲ လာပြီးတိုင်ပင်ကြတာ၊ အခုတော့ တရားစွဲဆိုတာတွေ ထပ်လုပ်ဖို့ ပြင်ဆင်နေကြပါပြီ” ဟု ဧရာဝတီသို့ပြောသည်။
လိမ်လည်မှုဖြင့် အမှုဖွင့်ခံထားရမှုများနှင့်ပတ်သက်ပြီး ဖြေးရှင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လာမည့် ဇန်နဝါရီ ၁၁ ရက်နေ့တွင်လည်း မွေးနေ့အလှူပွဲအား ဒိုက်ဦးမြို့နယ်ရှိ ခေမာသီဝံကျောင်းတွင် ပြုလုပ်မည်ဖြစ်ကြောင်း ဒေါ်နန္ဒမာလာက ဧရာဝတီသို့ပြောဆိုထားသည်။
ဒေါ်နန္ဒမာလာအနေဖြင့် သေနတ်ကိုင်ဆောင်ထားသည့် ပုံအား လူမှုကွန်ရက်တွင် ပျံနှံခဲ့ပြီးနောက် ၎င်းအပေါ်ဝေဖန်မှုများ ပိုမိုပြင်းထန်ခဲ့သော်လည်း ယင်းသေနတ်မှာ အတုသာဖြစ်ကြောင်း ပြန်လည်ရှင်းလင်းခဲ့ရသည်။
ဆက်စပ်ဖတ်ရှုရန် – သေနတ်က “အတုပါ” ဆိုတဲ့ ယောဂီ ဒေါ်နန္ဒမာလာ