သတင်း

၂၀၁၈ အတွင်း တရုတ်မယားအဖြစ် လူကုန်ကူးခံရမှု အများဆုံးဖြစ်

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ယနေ့ သတင်းထုတ်ပြန်ချက်အရ ၂၀၁၈ အတွင်း ဖြစ်ပွားခဲ့သော လူကုန်ကူးခံရမှုများအနက် တရုတ်အမျိုးသားများနှင့် အဓမ္မလက်ထပ်စေခိုင်းသည့် အမှုမှာ အများဆုံးဖြစ်ကြောင်း သိရသည်။

အမှတ် ၆ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ (ရန်ကုန်) မှ ရဲမှူးခင်မောင်ကြွယ် က “တရုတ်ကျ သူတို့နိုင်ငံရဲ့ အမျိုးသမီးလိုအပ်ချက်ပဲ ပြောရမှာပေါ့။ ကလေးတယောက် မူဝါဒ။ အဲဒီကတည်းကစပြီး မြန်မာအမျိုးသမီးမဟုတ်ဘူး။ အိမ်နီးချင်းနိုင်ငံထဲက အမျိုးသမီးတွေကို လက်ထပ်ဖို့ လူတွေရှာကြ တယ်။ ဒီကလည်း သွားကြတယ်။ တချို့လည်း သိလျက်နဲ့သွားတယ်။ တချို့လည်း မသိဘဲနဲ့ ပွဲစားတွေ စည်းရုံးခံရလို့ သွားတာမျိုး ရှိတယ်”ဟု ပြောသည်။

ဆက်လက်၍ ၎င်းက လူကုန်ကူးခံရသူ အများစုသည် မိဘအုပ်ထိန်းမှု ကင်းမဲ့သူများ၊ ပညာအရည်အချင်း နည်းပါးသူများ၊ စားဝတ်နေရေး ဘဝရပ်တည်ရေးအတွက် ခက်ခဲသူများ ဖြစ်ကြပြီး ၎င်းတို့ကို နီးစပ်ရာ ပွဲစားများ၊ သိကျွမ်းသူများက ငွေဖြင့် မက်လုံးပေးပြီး စည်းရုံးကြသည်က များကြောင်း ရှင်းပြပြီး အဓိကအားဖြင့် မည်သူ့ကိုမျှ မယုံကြည်ရန် ၎င်းက သတိပေး ပြောဆိုသည်။

“အများဆုံး နီးစပ်တာက တရုတ်ရယ်၊ ထိုင်းရယ်။ ထိုင်းကတော့ ရွှေ့ပြောင်းသွားလာ လုပ်ကိုင်တာပဲရှိတယ်။ တရားဝင်ရော၊ တရားမဝင်ရော” ဟု ရဲမှူး ခင်မောင်ကြွယ် က ပြောသည်။

လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့အနေဖြင့် ၂၀၁၈ အတွင်း တနိုင်ငံလုံး အတိုင်းအတာအရ လူကုန်ကူးမှုပေါင်း ၂၀၆ မှုကို ဖော်ထုတ်နိုင်ခဲ့ပြီး လူကုန်ကူးခံရသူ ၃၁၇ ဦး (အမျိုးသား ၃၈၊ အမျိုးသမီး ၂၇၉) ရှိကြောင်း သိရသည်။

တရုတ်အမျိုးသားများနှင့် အဓမ္မလက်ထပ်ရန်အတွက် လူကုန်ကူးမှု ၁၅၂ မှုကို ဖော်ထုတ်နိုင်ခဲ့သည့်အပြင် အဓမ္မစေခိုင်းရန် ၆ မှု၊ ပြည့်တန်ဆာ အဖြစ် စေခိုင်းရန် ၁ မှု၊ အဓမ္မမွေးစားရန် ၁ မှုနှင့် အငှားကိုယ်ဝန်ဆောင်ရန် ၄ မှု တို့ကို ဖော်ထုတ်နိုင်ခဲ့ သည်ဟု ရဲတပ်ဖွဲ့၏ စာရင်းများက ဖော်ပြနေသည်။

ထို့ပြင် ပြည်တွင်း၌ အဓမ္မလက်ထပ်ရန် လူကုန်ကူးမှု ၃ မှု၊ အဓမ္မစေခိုင်းရန် ၉ မှုနှင့် ပြည့်တန်ဆာအဖြစ်စေခိုင်းရန် ၂၇ မှု စုစုပေါင်း ၃၉ မှုနှင့် ထိုင်းနိုင်ငံတွင် အဓမ္မစေခိုင်းရန် ၃ မှု တို့ကိုလည်း ဖော်ထုတ်နိုင်ခဲ့ကြောင်းလည်း သိရသည်။

၂၀၁၈ အတွင်း တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် လူကုန်ကူးခံရမှုများတွင် ရန်ကုန်တိုင်းဒေသကြီးတွင် ၅၅ မှုဖြင့် အများ ဆုံးဖြစ်ပွားခဲ့ပြီး ရှမ်းပြည်နယ်တွင် ၅၄ မှု၊ မန္တလေးတိုင်းဒေသကြီးတွင် ၂၇ မှု၊ ကချင်ပြည်နယ်တွင် ၂၄ မှု၊ ဧရာဝတီတိုင်း ဒေသကြီးတွင် ၁၅ မှု၊ ပဲခူးတိုင်းဒေသကြီး ၁၀ မှု၊ ရခိုင်ပြည်နယ်တွင် ၆ မှု၊ နေပြည်တော်တွင် ၅ မှု၊ မွန်ပြည်နယ်တွင် ၃ မှု၊ စစ်ကိုင်းတိုင်းဒေသ ကြီးတွင် ၃ မှု၊ မကွေးတိုင်းဒေသကြီးတွင် ၂ မှု၊ ကရင်ပြည်နယ်တွင် ၁ မှုနှင့် တနင်္သာရီတိုင်းဒေသကြီး တွင် ၁ မှု ဖြစ်ပွားခဲ့သည်။

၂၀၁၇ အတွင်း လူကုန်ကူးခံရမှုများတွင်လည်း တရုတ်နိုင်ငံသို့ လူကုန်ကူးခံရမှု ၇၂ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရ မှု ၆ ရာခိုင်နှုန်းနှင့် ပြည်တွင်းလူကုန်ကူးခံရမှု ၂၂ ရာခိုင်နှုန်းရှိခဲ့ပြီး တရုတ်အမျိုးသားများနှင့် အဓမ္မလက်ထပ်ခိုင်းစေမှုက အများဆုံးဖြစ်ခဲ့သည်။

မြန်မာနိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှု၊ ဝင်ငွေနည်းပါးမှု၊ သဘာဝဘေးအန္တရာယ် ကျရောက်မှု၊ လက်နက် ကိုင်ပဋိပက္ခများရှိနေခြင်းနှင့် ဘဝရပ်တည်ရေး အခက်အခဲများကို အကြောင်းပြုပြီး လူကုန်ကူးမှုများ ဖြစ်ပွားနေသည်။

အမျိုးသမီးများနှင့် ကလေးသူငယ်များကို လူကုန်ကူးပါက ထောင်ဒဏ် ၁၀ နှစ်မှ ထောင်ဒဏ် တသက် အထိ ချမှတ်ခြင်းခံ ရမည်ဖြစ်ပြီး၊ အမျိုးသားများကို လူကုန်ကူးပါက ထောင်ဒဏ် ၅ နှစ်မှ ၁၀ နှစ်အပြင် ငွေဒဏ်လည်း ချမှတ်ခံရမည်ဖြစ်ကာ လူကုန်ကူးမှုကို သုံးဦးနှင့်အထက်ပူးပေါင်း၍ ကျူးလွန်ပါက ထောင်ဒဏ် ၂၀နှစ်မှ ထောင်ဒဏ် တသက် ချမှတ်ခံ ရမည်ဖြစ် သည်။

ဆက်စပ်ဖတ်ရှုရန် – တရုတ်များ မြန်မာပြည်ထဲအထိ တရားဝင် မိန်းမ ဝင်ရှာဖွေနေ

Did you find apk for android? You can find new Free Android Games and apps.
Loading