မြန်မာ သဘောၤသား ၁၄ ဦး ပါဝင်သည့် ကုန်တင် သင်္ဘော တစင်း တရုတ်နိုင်ငံ ရေပိုင်နက်၌ နစ်မြုပ်မှု ဖြစ်ပွားခဲ့ရာ မြန်မာ ၁ ဦးသေဆုံးပြီး ၄ ဦးကို အသက်ရှင်လျက် ပြန်တွေ့ထားကြောင်း ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက သတင်း ရရှိသည်။
နစ်မြုပ်သည့် MV LONDON သင်္ဘောမှ အသက်ရှင် ကျန်ရစ်သူ Crew ၄ ဦးမှာ အောင်အောင်ဦး၊ မင်းဇော်အောင်၊ ကျော်မင်းဝေ၊ မြတ်ထွဋ်ဝင်း တို့ ဖြစ်ကြောင်း မြန်မာ ပင်လယ်ကူး သင်္ဘောသားများ သမဂ္ဂ ကလည်း ထုတ်ပြန်ထားသည်။
MV London ကုန်တင် သင်္ဘောသည် ဇန်နဝါရီလ ၂ ရက် နံနက်ပိုင်း၌ နစ်မြုပ်ခဲ့ခြင်း ဖြစ်ကာ သင်္ဘောသား ၁၅ ဦး ပါဝင်ခဲ့ ကြောင်း သိရသည်။
ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ သင်္ဘောသား ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးဟိန်းထက်စိုးက“သင်္ဘော ပေါ် မှာ က မြန်မာ ၁၄ ယောက် ထိုင်ဝမ် ၁ ယောက် ပါတယ်လို့ သိရပါတယ်။ အဲဒီ ၁၄ ယောက်မှာတော့ လက်ရှိ ၄ ယောက် အသက် ရှင်တယ်လို့ သတင်း ရထားပါတယ်။ ၁ ယောက်ကတော့ အလောင်း တွေ့တယ်လို့ သတင်း ရထားပြီး ကျန်တဲ့ လူ တွေကတော့ ရှာတုန်းလို့ သိရပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ကျန်ရှိသော မြန်မာ သင်္ဘောသား ၉ ဦးနှင့် ထိုင်ဝမ် ၁ ဦးတို့ကို ဆက်လက် ရှာဖွေနေကြောင်း ၎င်းက ဆိုသည်။
အဆိုပါ သင်္ဘောတွင် ပါဝင်သွားသော မြန်မာ သင်္ဘောသားများသည် Sun Maritime၊ Leader Marine Oversea၊ Ocean World Shipping စသည့် ကုမ္ပဏီများနှင့် ချိတ်ဆက် သွားရောက်ခဲ့သူများ ဖြစ်ကြောင်း ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြား မှု ဦးစီးဌာနမှ သိရသည်။
သင်္ဘော နစ်မြုပ်ရသည့် အကြောင်းအရာနှင့် ပတ်သက်၍ အတိအကျ မသိသေးကြောင်းနှင့် လှိုင်းကြီးသည် ဆိုသည့် အခြေ အနေကိုသာ သိရှိထားကြောင်း ဦးဟိန်းထက်စိုးက ပြောသည်။
“လှိုင်းကြီးတယ် လို့တော့ အကြမ်းဖျင်း သိရတယ်။ အတိအကျတော့ မသိရသေးဘူး။ ဖြစ်တဲ့ ပတ်ဝန်းကျင်မှာလည်း ငါးဖမ်း လှေတွေ ရှိပြီး ငါးဖမ်းလှေ ကယ်လိုက်တယ်လို့ ပြောတယ်။ အသက်ရှင်တဲ့ သူထဲက တယောက်နဲ့တော့ သူ့ကုမ္ပဏီက ဖုန်း ပြောလို့ ရတယ်။ ရာသီဥတုက အေးပြီး၂ ဒီဂရီ စင်တီဂရိတ် လောက်ပဲရှိတယ်လို့ ပြောတယ်”ဟု ၎င်းက ဆိုသည်။
တရုတ်နိုင်ငံ တောင်ပိုင်းရှိ Kaohsiung မြို့မှ တောင်ကိုရီးယားနိုင်ငံ Busan မြို့သို့ ထွက်လာစဉ် Taizhou မြို့နှင့် ရေမိုင် ၉၀ အကွာအဝေး၌ နစ်မြုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။