လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်၏ တရားဝင် အစည်းအဝေးများတွင် ပါဝင်မှု ခေတ္တ ရပ်ဆိုင်းထားခြင်းသည် ကရင် တမျိုးသား လုံး၏ မျှော်မှန်းချက်နှင့် တိမ်းစောင်းသွားသည့် အနေအထားမျိုးသို့ ရောက်ရှိနေခြင်းကြောင့် ဖြစ်သည်ဟု ကရင် အမျိုးသား အစည်း အရုံး (KNU) က ပြောသည်။
၂၀၁၉ ခုနှစ် ဇန်နဝါရီ ၆ ရက်တွင် ကျရောက်မည့် ကရင် နှစ်သစ်ကူးနေ့သို့ ကြိုတင် ပေးပို့ထားသော သဝဏ်လွှာ၌ ယင်း သို့ ရေးသားထားခြင်း ဖြစ်သည်။
လက်ရှိ နိုင်ငံရေး အခင်းအကျင်း အရ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှ တဆင့် နိုင်ငံရေးအရ ကရင် အမျိုးသား အကျိုးစီးပွား အတွက် တိုက်ပွဲဝင်နေသော KNU ကို မဏ္ဍိုင်ထားပြီး ညှိနှိုင်း လုပ်ဆောင် ပါဝင် ပူးပေါင်းကြရန် လိုအပ်ကြောင်း၊ ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်သည် အတက်အကျ ရှိသည့် အားလျော်စွာ KNU အနေဖြင့် ကရင် အမျိုးသားများ ရည်မှန်းသော ပန်းတိုင် ရောက်ရှိသည် အထိ ကရင်လူထု၏ ထောက်ခံမှုနှင့် အတူ မဆုတ်မနစ်၊ ဇွဲလုံ့လနှင့် ဆက်လက် ချီတက်နေမည် ဖြစ်ကြောင်း လည်း သဝဏ်လွှာတွင် ဆိုထားသည်။
ထို့ပြင် လတ်တလော ငြိမ်းချမ်းရေး ဖြစ်စဉ်၏ တရားဝင် အစည်းအဝေးများတွင် ပါဝင်မှု ခေတ္တ ရပ်ဆိုင်းထားပြီး အလွတ် သဘော ဆွေးနွေးပွဲများမှ တဆင့် နှစ်ဘက် ကွာဟမှုများကို ဆက်လက် အဖြေရှာရသည့် ရည်ရွယ်ချက်မှာ လက်ရှိ သွား နေ သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ လားရာသည် ကရင် တမျိုးသားလုံး မျှော်မှန်းထားသည့် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက် မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) အရ သဘောတူညီ ထားကြသည့် တန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အပြည့် အဝ ရှိသော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ထူထောင်နိုင်ရေး ဆိုင်ရာ လမ်းကြောင်းမှ လွဲဖယ်ပြီး တိမ်းစောင်း သွားနေသည့် အနေအထားမျိုးသို့ ရောက် ရှိနေသည် ဖြစ်ရာ ပြန်လည် တည့်မတ်လိုသောကြောင့် ဖြစ်သည်ဟုလည်း KNU က ဆိုထားသည်။
ကရင် တမျိုးသားလုံး မျှော်မှန်းထားသည့် တန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ထူထောင်နိုင်ရေး လမ်းကြောင်းသည် မည်သည့် ပုံစံမျိုး ဆိုခြင်းကိုတော့ တိတိကျကျ ရှင်းလင်း ပြောဆိုမှုကို မတွေ့ရပေ။
KNU မှ တွဲဖက် အတွင်းရေးမှူး -၂ ပဒို စောလှထွန်း က“NCA ရဲ့ အခြေခံပေါ်ကနေ နိုင်ငံရေး ဆွေးနွေးမှုအရ ကောင်းမွန် တဲ့ အခြေခံ ဖြစ်ဖို့ လိုတာပေါ့။ ကျနော်တို့ သွားချင်တာက အဓိက ဖက်ဒရယ် အခြေခံမူနဲ့ ကိုက်ညီတဲ့ အခြေခံမူတွေ ရရှိရ မှာ ဖြစ်တယ်။ အခုက ဗဟို လျှော့ချရေး လုပ်ရမယ်၊ ဖက်ဒရယ် အခြေခံမူမှာ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ ပါရမယ်” ဟု ဧရာဝတီသို့ ပြောသည်။
၎င်းက ဆက်လက်၍“နိုင်ငံရေး ဆွေးနွေးမှု တလျှောက်လုံးမှာလည်း အဓိက ဖက်ဒရယ် အခြေခံမူ တွေကို ဆွေးနွေးရမယ့် အစား ဆွေးနွေးလို့ မရတဲ့ အချက်တွေ၊ အခြေခံမူတွေ ပါဝင်လာတော့ ဘုံနားလည်မှု မတည်ဆောက်ထားဘဲ တခြားသော ကိစ္စတွေ အကြောင်းအရာတွေ ဆွေးနွေးတဲ့အခါ လမ်းကြောင်းတွေက လွဲလာတာ တွေ့ရတယ်”ဟု ပြောသည်။
KNU သည် NCA ကို တခြားသော လက်နက်ကိုင် အဖွဲ့များနှင့် အတူ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်က အတူတကွ လက်မှတ် ထိုးခဲ့ပြီး ငြိမ်းချမ်းရေး လုပ်ငန်းထဲ၌ တက်တက်ကြွကြွ ဦးဆောင်၍ ဖော်ဆောင်နေသည့် လက်နက်ကိုင် အဖွဲ့ ဖြစ် သည်။
သို့သော်လည်း အစိုးရ၊ တပ်မတော်၊ လွှတ်တော်မှ ထိပ်သီး ခေါင်းဆောင် ၁၀ ဦးနှင့် NCA ထိုးထားသည့် လက်နက်ကိုင် ၁၀ ဖွဲ့မှ ထိပ်သီး ခေါင်းဆောင် ၁၀ ဦးတို့ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၅၊ ၁၆ ရက်က ၁၀+၁၀ ထိပ်သီး အစည်းအဝေး ကျင်းပ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ထိပ်သီး အစည်းအဝေး၌ ခွဲမထွက်ရေးကို သဘောတူညီမှ သာလျှင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ဆက်စပ်သည့် ပြည် နယ် ဖွဲ့စည်းပုံများ ရေးဆွဲခွင့်ကို ပေးအပ်မည်နှင့် တခုတည်းသော တပ်မတော်ကို လက်ခံရန် တပ်မတော်ဘက်က ဆွေးနွေး လာ သည့် အပေါ် သဘောထား ကွဲလွဲခဲ့ကြပြီးနောက် KNU က တရားဝင် အစည်းအဝေးများတွင် ပါဝင်နေမှုများ အားလုံးကို ယာယီ ရပ်ဆိုင်းကြောင်း အောက်တိုဘာ ၂၇ ရက်က ထုတ်ပြန် ကြေညာခဲ့သည်။
KNU ၏ ထုတ်ပြန်ချက် သဘောထားနှင့် ပတ်သက်ပြီး အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် (PC) မှ ဦးအောင်စိုးက“ကျနော်တို့ ခေါင်းဆောင် တွေ ဒီနှစ်သစ်ကူးထဲမှာ ဆွေးနွေးနေကြတယ်လို့ သိရတယ်။ သဘောထား မပေးချင်သေးပါဘူး။ ကျနော်တို့ အတတ်နိုင်ဆုံး တွေ့ဆုံ ညှိနှိုင်း ဆောင်ရွက်နေပါတယ်”ဟု ပြောသည်။
ပဒိုစောလှထွန်းကမူ မိမိတို့ အနေဖြင့် နားလည်မှု ပြန်လည် တည်ဆောက်ရန် လိုအပ်နေပြီး အစိုးရနှင့် အလွတ်သဘော ဆွေးနွေးမှုကနေ ချဉ်းကပ်သွားရန် ရှိကြောင်းနှင့် NCA ထဲရှိ အခန်း ၁ ခုချင်းစီ နားလည်မှု လွဲနေခြင်းကို ပြန်လည် ဆောင် ရွက်ရန် လိုကြောင်း ပြောဆိုသည်။
၎င်းက“ခွဲမထွက်ရ သဘောတူ ခိုင်းတာရယ် တခုတည်းသော တပ်မတော်ကို လက်ခံခိုင်းတာ အဲဒါလည်း ပါတာပေါ့၊ အဓိက အခြေခံမူတွေကို နားလည် လက်ခံတယ် ဆိုရင် ကျနော်တို့ တည်ဆောက်မယ့် ပုံစံကို ဘယ်လို သွားမယ် ဆိုတာ ဆွေးနွေးနိုင် မယ်။ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်တို့၊ ပြည်နယ် ဖွဲ့စည်းပုံ ရေးဆွဲခွင့်တို့ ၊ တခုတည်းသော တပ်မတော်တို့၊ ခွဲမထွက်ရ တို့ အဲဒါတွေက ဆက်စပ်ပဲ ဖြစ်တယ်”ဟု ပြောသည်။
ဆက်လက်၍ ပဒိုစောလှထွန်းက“အဓိက ကျောရိုးဖြစ်တဲ့ ဖက်ဒရယ်မူကို ရေးဆွဲရမှာ၊ ဆွေးနွေး လက်ခံထားကြမယ် ဆိုရင် အဲဒီ အပိုင်းတွေကို ဘယ်လို ပုံစံနဲ့ ဖက်ဒရယ်မှာ တည်ဆောက် သွားကြမလဲ ပေါ့။ ဥပမာ တပ်မတော်ကို ပြည်ထောင်စု တပ် မတော် အဖြစ် ဘယ်လိုမျိုး အားလုံးက နားလည် လက်ခံထားလဲ၊ ဘယ်လို ပုံစံမျိုး ဖွဲ့စည်း တည်ဆောက်ရမလဲ ဆို တာ တဆင့်ပြီး တဆင့်ချင်း သွားရမှာလေ။ အဲဒီလို မဖြစ်လာတော့ ကျနော်တို့ သွားချင်တဲ့ ပုံစံကနေ လွဲသွားမှာကို စိုးရိမ် တယ် လေ”ဟု ပြောဆိုသည်။