သတင်း

ABSDF မြောက်ပိုင်း ဥက္ကဋ္ဌ အပါအဝင် ၃ ဦးကို နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖြင့် အမှုဖွင့်

ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၏ မြောက်ပိုင်း ဒုဥက္ကဋ္ဌ ဦးအောင်ဆွေဦး အပါအဝင် ၃ ဦးကို နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖြင့် အရေးယူပေးရန် တပ်မတော်မှ ဒုဗိုလ်မှူးကြီး တဦးက အမှုဖွင့်ထားသည်ဟု သတင်းရရှိသည်။

ABSDF မြောက်ပိုင်း ဒုဥက္ကဋ္ဌ ဦးအောင်ဆွေဦး၊ ရဲဘော် မောင်ဦးနှင့် အရပ်သား ကိုသန်းထိုက်အောင်တို့မှာ ABSDF  တပ်ဖွဲ့ဝင် တဦး၏ နာရေးသို့ ပြန်တမ်းလာဖတ်ရန် မိုးညှင်းမြို့ရောက်နေစဉ်  ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်က မိုးညှင်းမြို့မရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့သည်။

မိုးညှင်းမြို့ရဲတပ်ဖွဲ့ဝင် တဦးက “ကျနော်ကတော့ အကုန်လုံးကို ပြောလို့ မရပါဘူး။ အတိအကျလည်း သေချာ မသိပါဘူး။ အမှုကိုတော့ စခန်းမှူးက ကိုင်တွယ်နေပါတယ်”ဟု ပြောသည်။

မိုးညှင်းအခြေစိုက် ခြေလျင်တပ်ရင်း ခလရ ၁၅ မှ ဗိုလ်ကြီး သီဟစိုးက တပ်နယ်မှူး (မိုးညှင်း) ၏ ညွှန်ကြားချက်အရ  ၎င်းတို့ ၃ ဦးမှာ KIA ထိန်းချုပ် နယ်မြေအတွင်း တပ်မတော်၏ ခွင့်ပြုချက်မရှိပဲ ဝင်ထွက် သွားလာနေသဖြင့် မတရားအသင်း အက်ဥပဒေ၊ ပုဒ်မ ၁၇ (၁) ဖြင့် အရေးယူပေးရန် တိုင်ကြားခြင်းကြောင့် ဖမ်းခံရခြင်းဖြစ်ပြီး လက်ရှိတွင် မိုးညှင်းမြို့ အကျဉ်းထောင်ထဲမှ တရားရင်ဆိုင် နေရသည်။

တပ်မတော်မှ ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ABSDF မြောက်ပိုင်း ဒုဥက္ကဋ္ဌ၏ ဖုန်းထဲတွင်  တပ်မတော်၏ တပ်တည်နေရာများ၊ တပ်လှုပ်ရှားမှုများနှင့် ပတ်သတ်သည့် သတင်းအချက်အလက်များကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) အား ပေးပို့ထားသည်များ တွေ့ရှိကြောင်း ရဲတပ်ဖွဲ့ဝင် တဦးကပြောသည်။

ဒီဇင်ဘာလ ၃၀ ရက်တွင် မိုးညှင်းမြို့အခြေစိုက်၊ အမှတ် ၂၀၈  အမြှောက်တပ်မှ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဉာဏ်ဝင်းက ၎င်းတို့ ၃ ဦးကို နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ၊ ပုဒ်မ ၃၊ ပုဒ်မခွဲ (၁) (ဂ) တို့ဖြင့် အရေးယူပေးရန် မိုးညှင်းမြို့မရဲစခန်း၊ စခန်းမှူးကို ထပ်မံတိုင်ကြားလိုက်ခြင်း ဖြစ်သည်ဟု သိရသည်။

ABSDF ဥက္ကဋ္ဌ ရဲဘော် သံခဲက နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖြင့် ထပ်မံ အမှုဖွင့်သည်ကို တရားဝင် မကြားသိ ရသေးဘဲ တဆင့်ပြောစကားများ၊ သတင်းများသာ တွေ့ရသေးသည်ဟု ပြောသည်။

ရဲဘော် သံခဲက“ကျနော်တို့ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ၁၇ (၁) နဲ့ပဲ စွဲစွဲ၊ အခုပြောနေကြတဲ့ နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြား မှုနဲ့ပဲ စွဲစွဲ ဒီကိစ္စတွေက လုံးဝ မဖြစ်သင့်တဲ့ကိစ္စတွေပါ”ဟု ဆိုသည်။

ABSDF သည် ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၅ ရက်တွင် ပြည်နယ်အဆင့် ပဏာမ အပစ်ရပ်စာချုပ်၊ ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်တွင် ပြည်ထောင်စုအဆင့် ပဏာမအပစ်ရပ်စာချုပ်၊ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက် တွင် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှုဆိုင်ရာ စာချုပ် (NCA) ကို လက်မှတ်ရေးထိုး ထားပြီး အစိုးရ ကျင်းပနေသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ – ၂၁ရာစုပင်လုံ အစည်းအဝေး များတွင်လည်း ပါဝင်ဆွေးနွေးလျက် ရှိသည်။

NCA မထိုးခင် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်က အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေအရ အကြမ်းဖက်သူများအဖြစ်မှ ABSDF ကို ပယ်ဖျက်ပြီး မတရားအသင်း အဖွဲ့ စာရင်းမှလည်း ပြည်ထဲရေး ဝန်ကြီးဌာနက ပယ်ဖျက်ထားပြီး ဖြစ်သည်။

ရေးထိုးထားသည့် အပစ်ရပ်စာချုပ်များပါ သဘောတူညီချက်များ အရလည်း ABSDF တပ်ဖွဲ့ဝင်များမှာ  လွတ်လပ်စွာ သွားလာခွင့် ရှိပြီး နိုင်ငံရေးရပ်တည်ချက်အရ လူထု၊ နိုင်ငံရေးပါတီများနှင့်လည်း ဆွေးနွေးခွင့် ရှိသည်။

ရဲဘော် သံခဲ က “နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှုဆိုတာ လုံးဝ မဖြစ်သင့်တဲ့ ကိစ္စါလို့ပဲ ယူဆပါတယ်။ လိုသလိုသာ အမှုတွေ စွဲနေကြမယ်။ တင်နေကြမယ်ဆိုရင် ကျနော်တို့က ဒီစာချုပ်စာတမ်းတွေရဲ့ အဓိပ္ပာယ်တွေ ကတိကဝတ်တွေကို ပြန်လည် ဆန်းစစ်ရမယ့် သဘော ဖြစ်နေပါတယ်”ဟုလည်း ပြောသည်။

ABSDF မြောက်ပိုင်းအဖွဲ့များသည် အစိုးရနှင့် NCA မထိုးထားသည့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၏ လိုင်ဇာမြို့တွင် အခြေစိုက်သည်။

တပ်မတော်က ABSDF မြောက်ပိုင်း ဒုဥက္ကဋ္ဌတို့ ၃ ဦးကို KIA နယ်မြေအတွင်း ဝင်ထွက်သွားလာ သည်ဟု ဆိုကာ မတရား အသင်း အက်ဥပဒေဖြင့် စတင် တရားစွဲဆိုခဲ့ပြီး KIA ကို တပ်မတော်၏ စခန်း တည်နေရာများ သတင်း ပေးသည်ဟု ဆိုကာ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖြင့် ထပ်မံ အမှုဖွင့် ထားခြင်း ဖြစ်သည်။

ရဲဘော် သံခဲက “ပဋိပက္ခဖြစ်နေတဲ့ အဖွဲ့အစည်းတိုင်းမှာ ကျနော်တို့ဘက်က သတင်းအချက် အလက်တွေကို တဖက်က ရအောင် ယူနေတာပဲ။ အလားတူပဲ ကျနော်တို့ကိုယ်ကျနော်တို့ ခုခံ ကာကွယ်ဖို့ ကျနော်တို့ ရပ်တည်ရေးနဲ့ သက်ဆိုင်တဲ့ သတင်း အချက် အလက်တွေ ဆိုတာ အဖွဲ့အစည်းတိုင်းအတွက် မလွဲမသွေ လုပ်ကြရတဲ့ အလုပ်ဖြစ်ပါတယ်”ဟု ဆိုသည်။

ငြိမ်းချမ်းရေးစာချုပ်များ ရေးထိုးထားပြီး ဖမ်းဆီးအရေးယူရန် ဆောင်ရွက်ခံရသဖြင့် အမြန်ဆုံး ပြန်လွှတ် ပေးရန် ABSDF မှ နိုင်ငံတော် အတိုင်ပင်ခံ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) ၊ မြန်မာနိုင်ငံရှေ့နေချုပ်ရုံးတို့ကို  အကူအညီတောင်းစာ ပို့ထားသော်လည်း နိုင်ငံတော်အကြီး အကဲများဘက်မှ အကြောင်းပြန်ကြားခြင်း မရှိသေးဟု သိရသည်။

ဦးအောင်ဆွေဦး၏ ရှေ့နေ ဦးတင်လှိုင်က လာမည့် ဇန်နဝါရီလ ၁၀ ရက် ရုံးချိန်းတွင် တရားလိုပြ သက်သေ စစ်ဆေးမည်ဖြစ်ပြီး အမှုအခြေအနေကိုတော့ အသေးစိတ် ပြောပြနိုင်ခြင်း မရှိသေးပါဟု ဆိုသည်။

ဦးအောင်ဆွေဦးနှင့် ညီမ တော်စပ်သူ ဒေါ်ကြိုင်ကြိုင်ဦး က “သွားတွေ့တော့ အကျဉ်းထောင်မှာ ကျမတို့ မောင်နှမတွေတော့ လွတ်လွတ်လပ်လပ် တွေ့ရပါတယ်။ ကိုကိုတို့ နေတာထိုင်တာလည်း ကောင်းကောင်း မွန်မွန် ရှိပါတယ်”ဟု ပြောသည်။

ABSDF မြောက်ပိုင်း ဒုဥက္ကဋ္ဌ ဦးအောင်ဆွေဦး၊ ရဲဘော် မောင်ဦးနှင့် အရပ်သား ကိုသန်းထိုက်အောင်တို့ကို အမှုဖွင့်ထားသည့် မတရားအသင်း အက်ဥပဒေ၊ ပုဒ်မ ၁၇ (၁)မှာ ပြစ်မှု ထင်ရှားပါက မည်သူမဆို မတရားအသင်းအဖွဲ့ဝင် သို့မဟုတ် ထိုအသင်း၏ အစည်းအဝေးများနှင့် အသင်းနှင့် ဆိုင်သည့် ကိစ္စများတွင် ကူညီလျှင် ၂ နှစ်ထက် မနည်း ၃ နှစ်ထက် မပိုသည့် ထောင်ဒဏ်အပြင် ငွေဒဏ်ကိုပါ ပေးဆောင်ရမည်ဟု ပြဌာန်းထားသည်။

နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃ ၊ ပုဒ်မခွဲ ၁ (ဂ) သည်လည်း  နိုင်ငံတော်လုံခြုံရေးနှင့် နိုင်ငံတော် အစိုးရ၏ အကျိုးစီးပွားကို ထိခိုက်စေရန် ရည်ရွယ်ချက် တစုံတရာဖြင့် မည်သူမဆို အစိုးရ၏ လျှို့ဝှက်သင်္ကေတ၊ စကားဝှက်၊ ရန်သူအတွက် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ အကျိုးဖြစ်စေရန် ရည်ရွယ်သည့်  အထောက်အထားများကို ဖြန့်ချီပါက ပြစ်ဒဏ်ကျခံရမည်ဟု ပြဌာန်းထားသည်။

စစ်ရေးဆိုင်ရာ ကိစ္စရပ်များ ဖြစ်သည့် လက်နက်စက်ရုံ၊ လက်နက်တိုက်၊ ကြည်း၊ရေ၊ လေ တပ်စခန်းများ၊ မြေမြုပ်မိုင်းကွင်းများ၊ သင်္ဘောကျင်းများ၊ သင်္ဘောနှင့် လေယာဉ်များ၊ လျှို့ဝှက်ရုံးလုပ်ငန်းများ နှင့် ပတ်သတ်ပါက ထောင်ဒဏ် ၁၄ နှစ်အထိ ပြစ်ဒဏ်ချနိုင်ပြီး အခြားကိစ္စရပ်များအတွက်လည်း ထောင်ဒဏ် ၃ နှစ်အထိ ချနိုင်သည်ဟု ဥပဒေပြဌာန်းချက်တွင် ပါရှိသည်။

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်ကလည်း ABSDF မြောက်ပိုင်း၊ ဗဟိုကော်မတီဝင် ရဲဘော်မင်းဌေးကို ကချင်ပြည်နယ်၊ ဗန်းမော်-လွယ်ဂျယ်ကားလမ်းရှိ စိန်လုံဂိတ်တွင် တပ်မတော်က ဖမ်းပြီး ၈ လကျော် အချုပ်ထဲတွင် တရားရင်ဆိုင်ခဲ့ရသည်။

၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁ ရက်မှ မတရားအသင်းနှင့် ဆက်သွယ်မှု မမြောက်ဟု မိုးမောက်မြို့နယ် တရားရုံးက ဆုံးဖြတ်ချက်ချသဖြင့် ပြန်လွတ်လာခဲ့သည်။

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်ကလည်း ရိုက်တာ သတင်းဌာနမှ သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးကို ရခိုင်ဒေသဖွံ့ဖြိုးရေး စီမံကိန်းအချို့၏ အစိုးရညွှန်ကြားစာများ၊ ရက္ခိုင့်တပ်မတော် (AA) ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်၏ ဖုန်းနံပါတ်များ ရှိနေခြင်းကြောင့် နိုင်ငံတော်၏ သတင်းအချက်အလက်များကို ပေးပို့နိုင်သည်ဟု ယူဆကာ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃ ၊ ပုဒ်မခွဲ (၁) (ဂ) ဖြင့် တရားရုံးက ထောင်ဒဏ် ၇ နှစ် ချမှတ်ထားသည်။
ABSDF ဒုဥက္ကဌ အပါအဝင် ၃ ဦးကို တပ်မတော်က ၃ ရက်ကြာ ခေါ်ယူ စစ်ဆေးဟု ဆို

ABSDF မြောက်ပိုင်း ဒုဥက္ကဌ အပါအဝင် ၃ ဦးကို မိုးညှင်း ရဲတပ်ဖွဲ့က ဖမ်းဆီးထား

Loading