Myanmar Now သတင်းအေဂျင်စီ အယ်ဒီတာချုပ် ကိုဆွေဝင်းအား ၆၆ (ဃ)ဖြင့် တရားစွဲဆိုမှုတွင် တရားလိုပြသက်သေ ဘဒ္ဒန္တဝိစိတ္တာဘိဝံသ (ဦးဝီရသူ) အား မြို့နယ်သံ ဃနာယက ဥက္ကဋ္ဌရုံးတွင် ကော်မရှင်အဖွဲ့ဖြင့် စစ်ဆေးရန်တင်ပြမှုကို ဥပဒေနှင့်မညီဟုဆိုကာ ကိုဆွေဝင်း၏ရှေ့နေ ဒေါ်ရွက်နုအောင် က ကန့်ကွက်ခဲ့သည်။
တရားလိုပြသက်သေ စာရင်းဝင် ဦးဝီရသူနှင့် မဟာအောင်မြေမြို့နယ် သံဃနာယက အဖွဲ့ဥက္ကဋ္ဌ ဘန္ဒန ္တတိက္ခိန္ဒြိယာ ဘိဝံသ တို့သည် သာသနာ့ အာဇာနည်များ ဖြစ်သည့်အတွက် ဥက္ကဋ္ဌရုံးခန်းတွင်သာ စစ်ဆေးပေးရန် တရား လိုရှေ့နေ၏ တင်ပြမှုနှင့်ပတ်သက်ပြီး ယနေ့ မဟာအောင်မြေမြို့နယ်တရားရုံးချိန်းတွင် အပြန်အလှန်လျှောက်လှဲ ချက်များ ကြားနာခဲ့ခြင်းဖြစ်သည်။
ရှေ့နေ ဒေါ်ရွက်နုအောင် က “လျှောက်ထားမှုကိုက ကျင့်ထုံးဥပဒေ ၅၀၆ နဲ့ကို မညီလို့ ကန့်ကွက်တာ၊ ရုံးတော် က ဘယ်လို အမိန့်ချမလဲပဲ ကြည့်ပြီး ဆက်လုပ်ရမှာပါပဲ” ဟု ယနေ့ရုံးချိန်း အခြေအနေကို ပြောပြသည်။
တရားလိုဘက်က လျှောက်ထားသည့် ဥက္ကဋ္ဌ ဆရာတော်ရုံးခန်း ဓမ္မထေရဝါသ ကျောင်းဆောင်သည် ဦးဝီရသူ သီတင်းသုံးနေထိုင်ရာ မစိုးရိမ်တိုက်သစ် အတွင်း၌ပင် တည်ရှိသည့်နေရာဖြစ်သည်။
တရာလိုရှေ့နေ လျှောက်ထားချက်တွင် ဦးဝီရသူနှင့် ဘန္ဒန ္တတိက္ခိန္ဒြိယာ ဘိဝံသ တို့မှာ သကျသီဟဓမ္မာစရိယ (အဘိဝံသ) ဘွဲ့ရများဖြစ်သည့်အပြင် စာသင်သားသံဃာတော် ၂၅၀၀ ကျော်တို့ကို စာချပေးမှုများ ပြုလုပ်နေကြောင်းလည်း ဖော်ပြခဲ့သည်။
အမှုအားဆက်လက် စစ်ဆေးရန် ဇန်နဝါရီ ၁၆ ရက်နှင့် ၁၇ ရက်နေ့တို့ကို ထပ်မံချိန်းဆိုထားပြီး ဦးဝီရသူအား သီးခြားစစ်ဆေးရန် လျှောက်လဲချက်အား အမိန့်ချမှတ်မည့်အပြင် တရားပြသက်သေဖြစ်သည့် ကိုကျော်စွာထွန်း အပါအဝင် သက်သေ ၄ ဦးအား စစ်ဆေးရန် ချိန်းဆိုထားကြောင်းလည်း သိရသည်။
တရားလွှတ်တော်ရှေ့နေ ဦးကိုနီးအား လုပ်ကြံသတ်ဖြတ်သူများအပေါ် ကျေးဇူးတင်ကြောင်း ဦးဝီရသူမှ ပြောကြားခဲ့ မှုအပေါ် ၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု အတွင်းပါဝင်ခဲ့သည့် ဆရာတော်တပါးက ပါရာဇိက ကျသွားပြီဖြစ်ကြောင်း တုန့်ပြန်မှတ်ချက်ပေးသည့် သတင်းအား Myanmar Now သတင်းဌာနမှ ဖော်ပြခဲ့သည်။
ယင်းသတင်းအား ကိုဆွေဝင်းအနေဖြင့် ၎င်း၏ Facebook လူမှုကွန်ရက်စာမျက်နှာတွင် Share လုပ်ကာ ထပ်ဆင့် ဖော်ပြမှုပြုလုပ်ခဲ့သည့် အပေါ် အခြေခံကာ ကိုဆွေဝင်းအား ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အရေးယူပေးရန် ဦးဝီရသူ၏ တပည့်ဖြစ်သူ ဦးကျော်မျိုးရွှေက ၂၀၁၇ ခုနှစ် မတ်လတွင် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
အမှုနှင့်ပတ်သက်ပြီး ရုံးချိန်းပေါင်း ၅၀ ခန့်ရှိလာသည့်အချိန်တွင် တရားလိုပြသက်သေအနေဖြင့် ၅ ဦးသာ စစ်ဆေးထားနိုင်ပြီး အဓိကသက်သေ ဖြစ်သည့် ဦးဝီရသူအပါအဝင် သက်သေ ၈ ဦးစစ်ဆေးရန်ကျန်နေသေးကြောင်း ဒေါ်ရွက်နုအောင်က ရှင်းပြသည်။