ငွေကြေး လိမ်လည်မှုများဖြင့် တရားစွဲဆိုခြင်း ခံထားရသည့် ယောဂီဝတ် ဒေါ်နန္ဒမာလာအား ဇန်နဝါရီလ ၃ ရက်က မန္တလေး မြို့ မဟာအောင်မြေ မြို့နယ် တရားရုံး၌ တရားစွဲတင်ခဲ့ပြီးနောက် အာမခံ ပေးခဲ့ကြောင်း သိရသည်။
မဟာအောင်မြေ မြို့နယ် တရားရုံးမှ မြို့နယ် တရားသူကြီး ဒေါ်နီလာသန်းဝင်းက“တရားရုံးကနေ ဖမ်းဝရမ်း ထုတ်ထား တဲ့ သူ ဖြစ်တာကြောင့် တရားရုံးကို လာအပ်တာပါ။ အာမခံပေးလို့ ရတဲ့ ပုဒ်မဖြစ်တော့ အာမခံ ပေးခဲ့ပါတယ်”ဟု ပြောသည်။
ဒေါ်နေဇင်မြင့် ဆိုသူ အမျိုးသမီးထံမှ ငွေကြေး လိမ်လည်သည်ဟု ဆိုကာ ဒေါ်နန္ဒမာလာအား အရေးယူပေးရန် အတွက် ၂၀၁၃ ခုနှစ်က မဟာအောင်မြေ မြို့နယ် တရားရုံးတွင် ဦးတိုက် လျှောက်ထားခဲ့ရာ တရားရုံး လာရောက်ရန် ပျက်ကွက်မှုများကြောင့် ဖမ်းဝရမ်း ထုတ်ထားကြောင်း သိရသည်။
မန္တလေးတိုင်း မှုခင်း တပ်ဖွဲ့ (CID) မှ ဒုရဲမှူး တဦးက“၂၀၁၃ ခုနှစ်က ဒေါ်နေဇင်မြင့် ဦးတိုက် လျှောက်ထားခဲ့တဲ့ အမှုပါ။ ပုဒ်မ ၄၂၀ နဲ့ တရားရုံးက ၂၀၁၅ ခုနှစ်က ဖမ်းဝရမ်း ထုတ်ခဲ့တာပါ။ အခု ဖမ်းမိလို့ တရားရုံးကို လာအပ်တာပါ”ဟု ပြော ပြ သည်။
ယောဂီဝတ် ဒေါ်နန္ဒမာလာ အား ဇန်နဝါရီ ၂ ရက် ညနေ ၆ နာရီကျော်၌ အမြန်လမ်း မိုင်တိုင် ၂၈၄ တွင် ၎င်း စီးနင်း လိုက် ပါလာသော ကိုယ်ပိုင်ယာဉ်ကို ပိတ်ဆို့ ဖမ်းဆီးပြီးနောက် မန္တလေးတိုင်း CID က ထိန်းသိမ်း စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
ထိုကဲ့သို့ စစ်ဆေးရာတွင် ဒေါ်နန္ဒမာလာအား ချမ်းအေးသာစံ မြို့နယ် သံဃနာယက အဖွဲ့က လူဝတ်လဲလှယ် ပေးခဲ့ ကြောင်း သိရသည်။
ဒေါ်နန္ဒမာလာ က“အခုဟာက အတင်း အဓမ္မ လူဝတ်လဲ ခဲ့ကြတာပါ။ တရားရုံးက ကြိုက်နှစ်သက်ရာ အဝတ်အစားနဲ့ အမှု ရင်ဆိုင်နိုင်တယ် လို့ ခွင့်ပေးတာကြောင့် ယောဂီ ဝတ်စုံနဲ့ပဲ အမှု ရင်ဆိုင်သွားမယ်”ဟု ပြောသည်။
အမှုတွင် ယနေ့ မြို့နယ် တရားရုံးမှ ဒေါ်နန္ဒမာလာအား အာမခံပေးပြီးနောက် CID က အခြား အမှုများ စစ်ဆေးရန် ရှိနေ သည့် အတွက် ဆက်လက် ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ် တရားရုံးက အဆိုပါ အမှုအား ဇန်နဝါရီ ၉ ရက်တွင် ထပ်မံ ချိန်းဆိုခဲ့ကြောင်း တရားသူကြီး ဒေါ်နီလာသန်းဝင်း က ဆိုသည်။
ငွေကြေး လိမ်လည်မှုများဖြင့် အမှုဖွင့်ခံထားရသော ယောဂီဝတ် ဒေါ်နန္ဒမာလာသည် တရုတ်နိုင်ငံတွင် အဓိဋ္ဌာန် ဝင်နေ သယောင် သတင်းများ လွှင့်ထားပြီး မြန်မာနိုင်ငံတွင် ရှောင်ပုန်းနေသည်ကို သတင်းရရှိကာ ယခုကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်း၏ Facebook တွင် ရေးသားထားသည်။
မန္တလေးနှင့် ရန်ကုန်တို့ရှိ ရဲစခန်း တချို့မှ ဖမ်းဝရမ်း ထုတ်ထားပြီး လိမ်လည်မှုဖြင့် အမှုဖွင့်ခံထားရမှုများနှင့် ပတ်သက်၍ ဖြေးရှင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လာမည့် ဇန်နဝါရီ ၁၁ ရက်တွင်လည်း မွေးနေ့ အလှူပွဲအား ဒိုက်ဦး မြို့နယ်ရှိ ခေမာသီဝံ ကျောင်းတွင် ပြုလုပ်မည် ဖြစ်ကြောင်းကို ဒေါ်နန္ဒမာလာက ဧရာဝတီသို့ ပြောဆိုထားသည်။
ဒေါ်နန္ဒမာလာ အနေဖြင့် သေနတ် ကိုင်ဆောင်ထားသည့် ပုံ လူမှုကွန်ရက်တွင် ပျံ့နှံခဲ့ပြီးနောက် ၎င်းအပေါ် ဝေဖန်မှုများ ပိုမိုပြင်းထန်ခဲ့ရာ ယင်း သေနတ်မှာ အတုသာ ဖြစ်ကြောင်းလည်း ပြန်လည် ရှင်းလင်းထားသည်။