တနိုင်ငံလုံးကို လွတ်လပ်စွာ သွားလာခွင့်၊ နိုင်ငံရေး ယုံကြည်ချက်များကို လွတ်လပ်စွာ ဆွေးနွေးခွင့်များ ရှိသည့် ကတိ ကဝတ်များပါ အပစ်ရပ် စာချုပ်များကို လက်မှတ် ရေးထိုးထားသော်လည်း မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမို ကရက်တစ် တပ်ဦး (ABSDF) မြောက်ပိုင်း ဒု ဥက္ကဋ္ဌ ဦးအောင်ဆွေဦး၊ ရဲဘော် မောင်ဦးနှင့် အရပ်သား ကိုသန်းထိုက် အောင်တို့ကို တပ်မတော်က မတရား အသင်း ဆက်သွယ်မှုဖြင့် အမှုဖွင့်ကာ အကျဉ်းထောင် အတွင်း ဖမ်းဆီးထားသည်မှာ တလကျော် ရှိပြီ ဖြစ်သည်။
၎င်းတို့ ၃ ဦးသည် ABSDF ရဲဘော် တဦး၏ နာရေးကို ပြန်တမ်းစာ လာဖတ်စဉ် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ဒေသတွင်း တပ်မတော်၏ ခွင့်ပြုချက် မရှိဘဲ ဝင်ထွက် သွားလာသည် ဆိုသည့် အကြောင်းပြချက်ဖြင့် ၂၀၁၈ ခုနှစ်၊ နိုဝင် ဘာလ ၃၀ ရက်က တပ်မတော် ခလရ ၁၅ မှ ဗိုလ်ကြီး သီဟစိုး တိုင်ကြားသဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ခလရ ၁၅ မှ ခေါ်ယူ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဦးအောင်ဆွေဦး၏ ဖုန်းတွင် တပ်မတော်၏ တပ်လှုပ်ရှားမှုများကို KIA အား ပေးပို့ထားကြောင်း တွေ့သည်ဟု ဆိုကာ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်တွင် နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ် မ ၃၊ ပုဒ်မခွဲ (၁) (ဂ) ဖြင့် အရေးယူပေးရန် မိုးညှင်း အခြေစိုက် အမှတ်၂၀၈ မှ ဒုတိယဗိုလ်မှူးကြီး စိုင်းဉာဏ်ဝင်းက ထပ်မံ တိုင်ကြားထားသည်။
အထက်ပါ အခြေအနေများနှင့် ပတ်သက်၍ ABSDF ဥက္ကဋ္ဌ ရဲဘော် သံခဲကို ဧရာဝတီသတင်းဌာနမှ အကြီးတန်း သတင်း ထောက် နန်းလွင်နှင်းပွင့်က ဆက်သွယ် မေးမြန်းထားပါသည်။
မေး။ ။ ဒု ဥက္ကဋ္ဌ ဦးအောင်ဆွေဦးကို နိုင်ငံတော် လျှို့ဝှက်ချက် အက် ဥပဒေနဲ့ အမှု ထပ်ဖွင့်တယ်လို့ သိရပါတယ်။ ABSDF အနေနဲ့ရော ကြားပါသလား။
ဖြေ ။ ။ ကျနော်တို့ ဒီအပေါ်မှာ တရားဝင် ဘာမှ မကြားသေးပါဘူး။ အခုချိန်က လွန်ခဲ့တဲ့ အပတ်က ရမန်ယူတယ်။ လာမယ့် ၁၀ ရက်မှာမှ တရားရုံးမှာ ဆက်ပြီး အမှု စွဲတင်မယ်လို့ သိရတယ်။ အခု ပြောနေတဲ့ အခြေအနေတွေက ဒီအတိုင်းပဲ ကျနော်တို့ ကြားသိရပါတယ်။ တဖက်ကပဲ ကြားနေရတာ ဖြစ်ပါတယ်။
မေး။ ။ ABSDF အနေနဲ့ ဘာတွေများ ဆောင်ရွက်ပေးနေပါသလဲ။
ဖြေ ။ ။ ကျနော်တို့ စဖြစ်ကတည်းကိုက တောက်လျှောက် သက်ဆိုင်ရာ တာဝန်ရှိတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ တပ် မတော် ကာကွယ်ရေး ဦးစီးချုပ်၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC)၊ JMC လို့ ခေါ်တဲ့ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ၊ မြန်မာနိုင်ငံ ရှေ့နေချုပ် စတဲ့ သက်ဆိုင်တဲ့ တာဝန်အရှိဆုံးသူတွေ အားလုံးကို ဒီကိစ္စနဲ့ ပတ်သတ်ပြီး အမြန်ဖြေရှင်းပေးဖို့ တောင်းဆိုတယ်။
စာတွေလည်း ရေးထားတယ်။ ချက်ချင်းလည်း ပြန်လွှတ်ပေးဖို့ပါ။ ဒီကိစ္စတွေကို အမြန်ဆုံး တွေ့ဆုံ ဖြေရှင်းပေးဖို့လည်း ထပ်မံ စာရေးသားထားပြီး ဖြစ်ပါတယ်။
မေး။ ။ ငြိမ်းချမ်းရေး ဆွေးနွေးနေဆဲလည်း ဖြစ်ပြီး အပစ်ရပ် စာချုပ်တွေလည်း လက်မှတ် ထိုးထားတယ်။ မတရား အသင်းလည်း မဟုတ်တော့တဲ့ အချိန်မှာ အခုလို တရားစွဲဆိုခံရတဲ့ အပေါ်နဲ့ KIA ကို သတင်းပေးတယ် ဆိုပြီး အမှုထပ် ဖွင့်တာကို ABSDF အနေနဲ့ သဘောထား ဘယ်လို ရှိပါသလဲ။
ဖြေ ။ ။ ကျနော်တို့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ၁၇ (၁) နဲ့ဲ စွဲစွဲ ၊ အခုပြောနေတဲ့ နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားစေမှုနဲ့ပဲ စွဲစွဲ ဒီကိစ္စတွေက လုံးဝ မဖြစ်သင့်တဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ အခုက တဖက်နဲ့တဖက် ယုံကြည်မှု ရှိရှိနဲ့ သွားနေကြတယ်။ နောက်တခုက ပြောချင်တဲ့ အဓိပ္ပာယ်က နှစ်ဖက် အပစ်အခတ် ရပ်စဲရေး စာချုပ်တွေ ရှိတယ်။
NCA လို့ ခေါ်တဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်တွေကိုလည်း လက်မှတ် ထိုးထားတယ်။ နိုင်ငံရေး ဆွေးနွေးပွဲ တွေကိုလည်း အတူတကွ ကျင်းပဖို့ အတွက် အတတ်နိုင်ဆုံး ပူးပေါင်း ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ ဒီထဲမှာပါတဲ့ ကတိ ကဝတ်တွေ အရ ဆိုရင် ကျနော်တို့မှာ လွတ်လပ်စွာ ခရီးသွားလာခွင့်တွေ ရှိတယ်။ ကျနော်တို့ရဲ့နိုင်ငံရေး ယုံကြည်ချက် တွေကို နိုင်ငံရေး ပါတီတွေနဲ့ပဲ ဖြစ်ဖြစ် လူထုနဲ့ပဲ ဖြစ်ဖြစ် ဆွေးနွေးပိုင်ခွင့် ရှိတယ်။
သတင်း အချက်အလက်တွေ ဆိုတာကလည်း ကျနော်တို့ အတွက် ဘာမှ ထူးဆန်းတဲ့ ကိစ္စ မဟုတ်ဘူး။ ပဋိပက္ခ ဖြစ်နေ ကျတဲ့ အဖွဲ့အစည်းတွေ တိုင်းမှာလည်း ကျနော်တို့ဘက်က သတင်း အချက်အလက်တွေကိုလည်း တဖက်က ရအောင် ယူနေတာပဲ။ ယူနေတဲ့ အခြေအနေတွေ ရှိနေတယ်။
အလားတူပဲ ကျနော်တို့ကို ကျနော်တို့ ကာကွယ်ဖို့ ခုခံဖို့ နောက်တခုကတော့ ကျနော်တို့ ရပ်တည်ရေးနဲ့ သက်ဆိုင်တဲ့ သတင်း အချက်အလက်တွေ ဆိုတာ အဖွဲ့အစည်းတိုင်းနဲ့ မလွဲမသွေ လုပ်ကြရတဲ့ အလုပ် ဖြစ်ပါတယ်။ ဒီအပေါ်မှာ နိုင်ငံ တော် လျှို့ဝှက်ချက် ပေါက်ကြားမှု ဆိုတာက လုံးဝ မဖြစ်သင့်တဲ့ ကိစ္စလို့ ယူဆပါတယ်။
လိုသလိုသာ အမှုတွေ စွဲနေကြ မယ်ဆိုရင်တော့ ကျနော်တို့က ဒီစာချုပ်စာတမ်းတွေ တဖက်နဲ့တဖက် ပေးထားတဲ့ ကတိကဝတ်တွေကို ပြန်လည် ဆန်းစစ်ရမယ့် သဘော ဖြစ်နေပါတယ်။
မေး။ ။ ABSDF မြောက်ပိုင်း တပ်ဖွဲ့တွေက မူရင်းကတည်းက KIA နယ်မြေထဲမှာ အခြေစိုက်တယ်။ ဒီအပေါ်မှာ တပ်မတော်ဘက်က ပြောဆိုတာတွေ ရှိသလို ရှေ့မှာ ရဲဘော် မင်းဌေး ဖမ်းခံရတုန်းကလည်း ပြောဆိုတာတွေ ရှိတယ်။ ဒီအပေါ်မှာရော ဘာများ ပြောချင်ပါသလဲ။
ဖြေ ။ ။ ဒါက သက်သက်မဲ့ ကျနော်တို့ ABSDF ဗဟိုနဲ့ ABSDF မြောက်ပိုင်းကြားမှာ တကယ်ကို တနည်းအား ဖြင့် ပြောရင် ဆက်ဆံမှု ပုံသဏ္ဍာန်တွေက တပ်မတော်ဘက်က တပြေးတည်း ဆက်ဆံနေတာ မဟုတ်ဘူး ဆိုတာ ပြနေတာ ဖြစ်ပါ တယ်။ တဆက်တည်းမှာ ရဲဘော် အောင်ဆွေဦး ဆိုတာ ဦးသိန်းစိန် လက်ထက်မှာ ချုပ်ဆိုခဲ့တဲ့ ပြည်နယ် အဆင့်စာချုပ်၊ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး စာချုပ်တွေမှာ ကိုယ်တိုင် ပါဝင် လက်မှတ် ရေးထိုးခဲ့တာ ဖြစ်ပါတယ်။
အဓိက ပါတဲ့ အကြောင်းအရာ တခုကတော့ ABSDF တပ်ဖွဲ့ဝင်တွေက လက်ရှိ ရှိနေတဲ့ တပ်တည်မြဲနေတဲ့ နေရာတွေမှာ ဆက်လက်ပြီး တည်ရှိခွင့်ရှိတယ် ဆိုတာ သတ်သတ် မှတ်မှတ် စာချုပ်ထဲမှာ ပါပြီးသား ဖြစ်ပါတယ်။
ဒီအပေါ်မှာ ခုလို နဂို တည်းက တည်ရှိပြီးတဲ့ ABSDF မြောက်ပိုင်းက လိုင်ဇာမှာ တည်ရှိခဲ့တာ ဖြစ်ပါတယ်။ တည်ရှိခဲ့တဲ့ ကတိကဝတ်ကို အသိမှတ်ပြုမှုကို ချိုးဖောက်တယ် လို့ပဲ ကျနော် ယူဆပါတယ်။ အဲဒါကြောင့် လုံးဝ မဖြစ်သင့်ဘူး။ ကျနော်တို့ လုံးဝ ကန့်ကွက်ပါတယ်။
မေး။ ။ အကူအညီ တောင်းတာတွေ စာပို့တာတွေ လုပ်ထားတဲ့ အပေါ်မှာ နိုင်ငံတော် အတိုင်ပင်ခံတို့ဘက်က ဘာတွေ ပြန်ပြောတာ ရှိပါသလဲ။
ဖြေ ။ ။ အခုချိန်ထိတော့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် အပါအဝင် JMC –U (ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ-ပြည်ထောင်စု အဆင့်)၊ NRPC ( အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန) တို့ တာဝန်ရှိတဲ့သူတွေက ဒီကိစ္စတွေကို ဝင်ရောက် ညှိနှိုင်း ဖြေရှင်းပေးဖို့ ကျနော်တို့ တင်ပြထားပြီးသား ဖြစ်ပါတယ်။
အဲဒီ အတွက် အစိုးရ အနေနဲ့ကလည်း မဖြစ်သင့်တဲ့ ကိစ္စတွေ အမြန်ဆုံး ရပ်တန့်ပေးဖို့ အမြန်ဆုံး ဝင်ရောက် ဖြေရှင်းပေးပါ လို့ပဲ ပြောလိုပါတယ်။
မေး။ ။ တပ်မတော်နဲ့ တိုက်ရိုက် ဆက်သွယ် ညှိနှိုင်းတာမျိုးတွေရော ရှိပါသလား။
ဖြေ ။ ။ ကျနော်တို့ တင်ပြထားပြီးသားပါ။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကိုလည်း တင်ပြထားပြီးသားပါ။ ဒီကိစ္စတွေကို အမြန်ဆုံး တွေ့ဆုံ ဆွေးနွေး ဖြေရှင်းလိုတယ် ဆိုတဲ့ ဆန္ဒရှိတယ် ဆိုတာ တင်ပြထားပြီးသား ဖြစ်ပါတယ်။
မေး။ ။ နိုင်ငံတော် အတိုင်ပင်ခံဘက်ကရော အကြောင်းပြန်စာ ပေးပါသလား။
ဖြေ ။ ။ အခုထက်ထိတော့ ဘာမှ မပြောသေးပါဘူး။