ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် အမာမြို့ ဒေးဒလူကျေးရွာအုပ်စု ချောင်းဝကျေးရွာတွင် ယမန်နေ့ ဇန်နဝါရီလ ၃ ရက် နေ့လည်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် နေအိမ် ၁၆၇ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူဦးရေ ၇၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြောင်း သတင်းရရှိသည်။
“ကျနော်တို့ ကောက်ယူထားတဲ့စာရင်းအရ မီးလောင်ကျွမ်းမှုကြောင့် နေအိမ် ၁၆၇ လုံးပျက်စီးဆုံးရှုံးပြီးတော့ လူဦးရေ ၇၀၀ နီးပါးလောက် မီးဘေးသင့်ခဲ့ကြပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး သဘာဝဘေးစီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းစိုးက ဧရာဝတီကို ပြောသည်။
ချောင်းဝကျေးရွာ အမှတ် ၃ ရပ်ကွက်ရှိ နေအိမ်တအိမ်မှ နေ့လည် ၂ နာရီခန့်တွင် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ဖျာပုံခရိုင်မီးသတ်စခန်းမှ မီးသတ်ယာဉ် ၂ စီး၊ ဒေါ်ငြိမ်းနယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ် ၁ စီး၊ အပေါ့စားစက် ၄ လုံးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ညနေ ၃ နာရီ ၂၀ မိနစ် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း ဖျာပုံခရိုင် မီးသတ်ဌာနထံမှ သိရသည်။
“ချောင်းဝရွာက ပင်လယ်ကမ်းစပ်နံဘေးမှာရှိတဲ့ရွာပါ။ အိမ်တွေကလည်း ဝါးဓနိအိမ်တွေများပြီး တအိမ်နဲ့တအိမ် ကပ်နေပြီး နံရံပဲခြားတော့ မီးလောင်တဲ့အချိန်မှာ ထိခိုက်မှုဆုံးရှုံးမှုများသွားတာ။ လတ်တလောမှာ ချောင်းဝကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံမှာ ကယ်ဆယ်ရေးစခန်းဖွင့်ပြီး မီးဘေးဒုက္ခသည်တွေကို နေရာချပေးထားတယ်”ဟု ချောင်းဝကျေးရွာဒေသခံ ဦးမင်းသိန်းက ပြောသည်။
လတ်တလောတွင် မီးဘေးဒုက္ခသည်အိမ်ထောင်စုများကို ဖျာပုံခရိုင် သဘာဝဘေးစီမံခန့်ခွဲမှု ဦးစီးဌာနမှ အရေးပေါ်ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးပါဝင်သည့် ပုံးများကို အိမ်ထောင်စုတစုလျှင် ၁ ပုံးနှုန်း ထောက်ပံ့ပေးထားကြောင်း သိရသည်။
“ဖျာပုံခရိုင် သဘာဝဘေးစီမံခန့်ခွဲရေးဌာနက မနေ့က ညနေပိုင်းမှာတင် ချက်ခြင်းပဲ ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုး ပါဝင်တဲ့ပုံးတွေကို အိမ်ထောင်စုတစုကို ၁ ပုံးနှုန်း ထောက်ပံ့ပေးခဲ့ပါတယ်။ ကျန်ရှိနေတဲ့အိမ်တွေလည်း ဆက်ပြီးတော့ ထောက်ပံ့ပေးသွားဖို့ရှိတယ်။ ဆန်ရိက္ခာနဲ့ အိမ်ဆောက်ပစ္စည်းတွေလည်း ပေးအပ်သွားဖို့ စီစဉ်နေပါတယ်”ဟု ညွှန်ကြားရေးမှူး ဦးသန်းစိုးက ပြောသည်။
လတ်တလော စားနပ်ရိက္ခာအတွက် မီးဘေးသင့်သူတဦးလျှင် တပတ်စာ ဆန်ဖိုးငွေ ၂၁၀၀ ကျပ်နှုန်းဖြင့် ထောက်ပံ့ပေးရန် စီစဉ်နေပြီး နေအိမ်များ ပြန်လည်ဆောက်လုပ်နိုင်ရန်လည်း ဝါးဓနိအိမ်များကို တအိမ်လျှင် ၁ သိန်းကျပ်နှုန်း၊ တိုက်အိမ်၊ သစ်သားအိမ်များအတွက် ၂ သိန်းကျပ်နှုန်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်း သဘာဝဘေးစီမံခန့်ခွဲမှု ဦးစီးဌာနထံမှ သိရသည်။
ယမန်နေ့က ဖြစ်ပွားခဲ့သည့် မီးလောင်မှုအတွင်း ချောင်းဝကျေးရွာ အထက်တန်းကျောင်းခွဲတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာမ ၂ ဦးနှင့် ပညာသင်ကြား နေသည့် ကျောင်းသားကျောင်းသူ ၁၅၇ ဦးတို့၏ ကျောင်းစိမ်းဝတ်စုံများ၊ ကျောင်းသုံးပစ္စည်းများ မီးထဲပါသွားသည့်အတွက် အကူအညီများလိုအပ်နေကြောင်း သိရသည်။
“ကျောင်းသုံးပစ္စည်းတွေ မီးထဲပါသွားတဲ့ ကျောင်းသားကျောင်းသူ ၁၅၅ ဦးနဲ့ ဆရာမ ၂ ဦး ရှိပါတယ်။ ကလေးတွေက ကျောင်းအားကစားလုပ်နေတဲ့အတွက် ကျောင်းဝန်းထဲမှာတော့ ရှိတယ်။ ဒါပေမယ့် သူတို့အိမ်တွေ မီးလောင်သွားတဲ့အတွက် သူတို့ကိုယ်မှာရှိတဲ့ ယူနီဖောင်းတစုံကလွဲပြီး ကျန်တာအကုန်လုံး မီးထဲပါသွားတာ။ ကလေးတွေအတွက် အဓိကလိုအပ်နေတာက ဆောင်းတွင်းဖြစ်တဲ့အတွက် အနွေးထည် လိုမယ်။ ကျောင်းစိမ်းဝတ်စုံတွေလိုမယ်။ ထမင်းချိုင့်လိုမယ်။ အဲဒါတွေ အဓိက လိုအပ်နေတာပါ”ဟု ဒေသခံကျောင်းဆရာ ဦးမင်းသီဟက ပြောသည်။