ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း နယ်ခြားစောင့်ရဲစခန်း ၄ ခုကို ရက္ခိုင့်တပ်မတော် (AA) က ဝင်တိုက်ပြီး စခန်းများမှ ၁၈ ဦးကို ဖမ်းဆီးသွားသည်ဟု သတင်းရရှိသည်။
AA ၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက “ကျနော်တို့က ဝင်ရောက်တိုက်ခိုက်ပြီး စခန်းတွေကို ဖျက်ဆီးရုံလောက်ပါပဲ။ စခန်းကို ဝင်ရောက်တိုက်ခိုက်ပြီး သုံ့ပန်းတွေ ဖမ်းတယ်။ ရန်သူ့အလောင်း ၇ လောင်း သိမ်းဆည်းရမိတယ်။ စစ်လက်နက်ပစ္စည်း အမြောက်အမြားလည်း သိမ်းဆည်းရမိထားပါတယ်”ဟု ပြောသည်။
နယ်ခြားစောင့်ရဲစခန်း ၄ ခုမှ ဖမ်းမိသည့် ၎င်းဦးမှာ AA ဘက်က ဝင်ရောက်တိုက်ခိုက်စဉ် လက်နက်ချ အဖမ်းခံ သဖြင့် ဖမ်းမိလာခြင်း ဖြစ်ပြီး အရပ်သားများ မပါဝင်ဟုလည်း ဦးခိုင်သုခက ဆိုသည်။
ဦးခိုင်သုခက “လက်နက်ချပြီး အညံ့ခံ ဖမ်းမိတဲ့ သုံ့ပန်းတွေကို ကျနော်တို့က နိုင်ငံတကာ ဥပဒေတွေ အတိုင်း ဘာမှ သူတို့ကို အသက်အန္တရာယ် မပြုဘူး။ နှိပ်စက်ညှင်းပန်းမှုလည်း ဘာမှ လုပ်မှာ မဟုတ်ဘူး။ ကျနော်တို့ ကောင်းကောင်းမွန်မွန်ပဲ အချိန်အတိုင်းအတာ တခုထိ ထိန်းသိမ်းထားမှာ ဖြစ်ပါတယ်”ဟုလည်း ပြောသည်။
AAက ဘူးသီးတောင်မြို့နယ် မြောက်ပိုင်းရှိ ခထီးလှ ကျေးရွာ အနီးရှိ နယ်ခြားစောင့်တပ်ရဲစခန်း တခု အပါအဝင် စခန်း ၄ ခုကို ယနေ့ မနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
နယ်ခြားစောင့်တပ်ရဲစခန်း ၄ခုကို ဝင်တိုက်ရခြင်းမှာ အဆိုပါ ရဲစခန်းများအတွင်း နယ်ခြားစောင့်ရဲနှင့် တပ်မတော်၊ တပ်ဖွဲ့ဝင်များ ပူးပေါင်း နေထိုင်နေပြီး AA နှင့် တပ်မတော် တိုက်ပွဲဖြစ်ပွားချိန်များတွင် အဆိုပါ စခန်းများမှ လက်နက်ကြီးများဖြင့် ပစ်ခြင်းကြောင့်ဟု ဦးခိုင်သုခက ပြောသည်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်တွင် တပ်မတော်က စစ်တိုင်း ၅ တိုင်းကို ၄ လကျော် အပစ်ရပ်ဆိုင်းကြောင်း ကြေငြာထားသော်လည်း AA ရှိသည့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် မပါဝင်သည့်အပြင် AA ရှိသည့် နေရာများကို တပ်မတော်က အင်အားအများအပြားဖြင့် တိုက်ခိုက်နေသဖြင့် တုန့်ပြန်တိုက်ခိုက်မှုများ လုပ်ရခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။
တိုက်ခိုက်ခံရသည့် စခန်း ၄ ခု၏ အမည်ကို AA ဘက်မှ အတည်ပြု ပြောဆိုနိုင်ခြင်း မရှိသေးသလို တပ်မတော် ဘက်ကလည်း ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပါ။
တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “နေရာတွေက ဘူးသီးတောင်နဲ့ မောင်တောကြားထဲမှာ ဘူးသီးတောင်ရဲ့ မြောက်ဘက် ကျတယ်။ အတွင်းဘက် ကျတယ်။ စထိတွေ့ကတည်းက တပ်မတော်က သွားကူနေပြီ”ဟု ဧရာဝတီကို ပြောဆိုထားသည်။
ဧရာဝတီမှ တိုက်ပွဲ ဖြစ်ပွားနေသည်များကို မေးမြန်းရန် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မတော်၏ ပြောရေးဆိုခွင့် ရှိသူများကို ဖုန်းဖြင့် ဆက်သွယ်သော်လည်း မရပါ။
ဘူးသီးတောင်မြို့နယ်ရှိ ဒေသခံ အချို့၏ ပြောပြချက်အရ AA ဘက်မှ စခန်းများကို ဝင်တိုက်ပြီးနောက် တပ်မတော်ဘက်မှ ပစ်ခတ်မှုများ ရှိနေသောကြောင့် ခထီးလှရွာမှ ဒေသခံများလည်း ထွက်ပြေးနေရသည်ဟု သိရသည်။
ဧရာဝတီမှ ဒေသခံများ အခြေအနေနှင့် ပတ်သက်၍ ဘူးသီးတောင်မြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ်၊ ပြည်နယ်လွှတ်တော် အမတ်များကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ဖြေဆိုနိုင်ခြင်း မရှိပါ။
AA၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက ၎င်းတို့ ဝင်ရောက်တိုက်ခိုက်ပြီးနောက် တပ်မတော် ဘက်က ရဟတ်ယာဉ် ၂ စင်းဖြင့် လာရောက် ပစ်ခတ်ကြောင်း၊ တိုက်ပွဲကြားတွင် ခထီးလှရွာတွင်း လက်နက်ကျည်များ ကျရောက်ပြီး မနက်ပိုင်းက မီးလောင်နေသည်ဟု ပြောသည်။
ဧရာဝတီ အနေဖြင့် AA ဘက်မှ ပြောဆိုချက်များကို သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။
ဆက်လက်၍ ဦးခိုင်သုခက မနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်သည့် စခန်းများကို ဝင်ရောက် စီးနင်း ထားခြင်းမရှိပဲ ၎င်းတို့ တပ်ဖွဲ့များ ထွက်ခွာသွားပြီ ဖြစ်ပြီး ထိုစခန်းများ၏ အနီးပတ်ဝန်းကျင်တွင် တပ်မတော်နှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဟု ဆိုသည်။
တပ်မတော်နှင့် AA သည် ဘူးသီးတောင်မြို့နယ်အတွင်း ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်မှ စ၍ ယနေ့ထိ တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။
ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော် ၊ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် တို့တွင်လည်း တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားသည်။
တပ်မတော်နှင့် AA တို့၏ တိုက်ပွဲများကြောင့် ဘူးသီးတောင်မြို့နယ်နှင့် ကျောက်တော်မြို့နယ်တို့တွင် ဒေသခံ ၅၀၀၀ ကျော်မှာ ရပ်ရွာများမှ စွန့်ခွာပြီး လုံခြုံသည့် ကျေးရွာများတွင် စစ်ဘေးရှောင်ဒုက္ခသည်များအဖြစ် ခိုလှုံနေရသည်။
AA သည် ၂၀၁၈ ခုနှစ်၊ မေလ ၂၀ ရက်ကလည်း ဘူးသီးတောင်မြို့နယ်အတွင်း ဖြစ်ပွားသည့်တိုက်ပွဲတွင် ဘူးသီးတောင်အခြေစိုက် ခြေလျင်တပ်ရင်း ခလရ ၂၆၃ မှ ဒုတပ်ကြပ် တဦးနှင့် တပ်သား ၂ ဦးတို့ကို ဖမ်းမိ ထားပြီး ကာယကံရှင်များမှ နေရပ်သို့ မပြန်လိုဟုဆိုသည့် အကြောင်းပြချက်ဖြင့် ယနေ့ထိ ထိန်းသိမ်းထားဆဲ ဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန်
AA ဖမ်းထားသည့် တပ်မတော်သား ၃ ဦး လွှဲပြောင်းရေး ICRC ကူညီမည်
တပ်မတော်သား ၃ ဦး AA စစ်သုံ့ပန်း အဖြစ် ဖမ်းဆီးထား