သိမ်းဆည်းမြေများ တောင်သူလက်ထဲ အမြန်ဆုံး ရရှိရန် ကြိုးပမ်းမည်ဟု အစိုးရအဖွဲ့ ဒု ဝန်ကြီးပြော
ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန အနေဖြင့် တောင်သူလယ်သမား၏ လက်ထဲသို့ စွန့်လွတ်မြေများ အမြန်ဆုံး ပြန်လည်ပေးအပ် နိုင်ရေး ကြိုးပမ်းသွားမည်ဟု ပြည်ထောင်စု အစိုးရ အဖွဲ့ရုံးဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဦးတင်မြင့်က ပြောသည်။
နေပြည်တော်ရှိ မြို့တော်ခန်းမတွင် ဇန်နဝါရီ ၄ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည့် ၇၁ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားအပြီး မီဒီယာများ၏ မေးမြန်းမှုကို ၎င်းက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ဒုဝန်ကြီး ဦးတင်မြင့် က “လယ်ယာမြေ နဲ့ အခြားမြေများ သိမ်းဆည်းခံရမှုအပေါ်မှာ တောင်သူလယ်သမားများအတွက် စွန့်လွှတ်မြေများ ပြန်လည်ပေးအပ်တာကိုလည်း ဒီထက်ဒီ ပိုပြီးတော့ ကြိုးပမ်းဆောင်ရွက်မှာဖြစ်ပါတယ်” ဟု ပြောသည်။
အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာနအောက်သို့ ပြောင်းရွှေ့ပြီးနောက် ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးတင်မြင့်သည် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရသည်။
အမျိုးသားဒီမိုကရေစီအစိုးရ လက်ထက် ယခင် အစိုးရများအဆက်ဆက် စီမံကိန်း အကြောင်းပြ သိမ်းဆည်းထားသော မြေယာများ ပိုင်ရှင်ထံ ပြန်လည်အပ်နှံရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လိုသော်လည်း အောက်ခြေ အုပ်ချုပ်ရေး အဆင့်ဆင့် အထူးသဖြင့် ထွေ/အုပ်ဌာနတွင် နှောင့်နှေးကြန့်ကြာနေကြောင်း သတင်းများ ထွက်ပေါ်နေရာ ယခုအခါ မည်မျှသွက်လက်လာမည်ကို လူအများက စိတ်ဝင်စားနေကြသည်။
စွန့်လွှတ်မြေများနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့၏ ညွှန်ကြားချက် မူဝါဒ ၁၂ ချက်၊ စုစုပေါင်း တပ်မတော်အပါအဝင် ဝန်ကြီးဌာနအသီးသီးက လိုက်နာဆောင်ရွက်ရမည့် မူဝါဒ ၅၂ ချက် ရှိကြောင်း ဒုတိယဝန်ကြီးဦးတင်မြင့်က ပြောကြားသည်။
သိမ်းဆည်းမြေများကို ဝန်ကြီးဌာနအသီးသီးမှ နိုင်ငံတော်အကျိုးအတွက်၊ အများပြည်သူအတွက် ကာကွယ်ရေး၊ လုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေး အတွက် သုံးရခြင်း ဖြစ်ကြောင်း၊ အသုံးမပြုသည့် မြေများကို ပြန်လည်စွန့်လွတ်ရာတွင်လည်း တောင်သူများ၏ လက်ထဲသို့ မြန်မြန်ဆန်ဆန်ရောက်ရှိရန် အတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးတင်မြင့်က ပြောသည်။
လက်ရှိတွင် နိုင်ငံတော်အနေဖြင့် စွန့်လွှတ်မြေဧကပေါင်း ၃ သိန်းကျော်ကို တောင်သူများလက်ဝယ်သို့ ပြန်လည်ပေးအပ်ပြီး ဖြစ်ကြောင်းလည်း ဦးတင်မြင့်က ဆက်ပြောသည်။ သို့သော် တနိုင်ငံလုံးတွင် သိမ်းဆည်းထားသည့် မြေဧက အတိအကျကို ထုတ်ပြန်ကြေညာခြင်း မရှိပေ။
တောင်သူလယ်သမား နှင့် အလုပ်သမားရေးရာနှင့် ပြည်သူ့လွှတ်တော် ကော်မတီ ဥက္ကဋ္ဌဟောင်း ဖြစ်သူ ဦးစိန်ဝင်းက “ မြေသိမ်းစဉ် ကလည်း ပြည်ထဲရေးက သူတွေပဲ ကမကထ လုပ်ပြီး သိမ်းခဲ့တာ။ ဘယ်လောက်များ အမှန်တရားကို ထိုးဖောက်ပြီး ဆောင်ရွက်နိုင်မလဲ။ မတရား သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေကို ပြန်လည်ဖြေရှင်းပေးမယ်ဆိုရင် ပါဝင်ပတ်သက်မှု မရှိတဲ့ ပုဂ္ဂိုလ်ကသာ ၁၈၉၄ မြေသိမ်းဥပဒေနဲ့ အညီ မှန်မှန်ကန်ကန် ဖြေရှင်းနိုင်မယ်လို့ ထင်ပါတယ်” ဟု ပြောသည်။
လယ်ယာမြေများအား မတရား သိမ်းဆည်းခံရသည့် အတွက် ယခင်က လယ်ပိုင်ရှင်များမှာ စာရင်းငှားဘဝ နှင့် ရင်ဆိုင်နေရပြီး၊ အလုပ်လက်မဲ့ ဘဝသို့ ရောက်ရှိနေကြကြောင်း၊ စနစ်၏ ရိုက်ခတ်မှုကို ပြည်သူများ လည်စင်းခံနေရကြောင်း ဦးစိန်ဝင်းက ပြောသည်။
နေပြည်တော် ခရိုင်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းမှ လယ်ယာမြေ ၆ ဧက သိမ်းဆည်းခံရသူ ဦးအောင်မြင့်က“ကျနော်တို့မြေ သိမ်းခံရ တာ၂၀၁၀ က။ သိမ်းတုန်းက အလွတ်သိမ်းတာ။ နောက်ပိုင်း တဧက ဘယ်လောက်ပေးမယ်ဆိုပြီး ပြောတယ်။ ကျနော်တို့ မြေပေါ်မှာ သူတို့ပြောတဲ့ စီမံကိန်းဆိုတာမျိုးလုပ်ရင် မပြောပါဘူး။ အခုထိလည်း ဒီအတိုင်းပဲ။ ဒါကြောင့် တောင်သူတိုင်းက ကိုယ့်မြေကိုယ်ပဲ ပြန်ရချင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
စွန့် လွှတ် မြေများကို တောင်သူ လက်ထဲသို့ ပြန်လည်ပေးအပ်ရာတွင် နိုင်ငံတော်သမ္မတ နှင့် အတိုင်ပင် ပုဂ္ဂိုလ်တို့၏ ချမှတ်ထား သည့် ညွှန်ကြားချက်များအတိုင်း ဝန်ကြီးဌာန အသီးသီးမှ လိုက်နာဆောင်ရွက်၍ ပြန်လည်ပေးအပ်သွားမည် ဖြစ်ကြောင်း၊ မြေယာများကို သိမ်းဆည်းရာတွင်လည်း လိုအပ်သ၍သာ သိမ်းဆည်းရန်နှင့် တောင်သူလယ်သမားထံသို့ စွန့်လွတ်မြေအဖြစ် ပြန်လည် ပေးအပ်ရာတွင်လည်း ပိုင်ရှင် အစစ်ထံ ပြန်လည်ပေးအပ်ရမည် ဖြစ်သည်။
“အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဟာ ပြည်သူနဲ့ ရပ်ကွက်၊ ကျေးရွာ၊ မြို့ နယ်၊ ခရိုင်၊ တိုင်းဒေသကြီးအပါအဝင် အဲ့ဒီမှာ ရှိပြီးတော့မှ အများဆုံး ထိတွေ့ရတဲ့ ဌာနဖြစ်ပါတယ်။ အဲ့ဒီ ဌာနတွေနဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို ပိုမိုဆောင်ရွက်နိုင်ရေးအတွက်ပေါ့။ နိုင်ငံ တော် သမ္မတကြီး၊ အစိုးရအဖွဲ့ ကနေပြီးတော့ မှ ဒီအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကို တိုက်ရိုက်ကိုင်တွယ် အုပ်ချုပ်ပြီးတော့မှ အများ ပြည်သူအတွက် ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို ပိုမိုတိုးချဲ့ပြီးတော့ တိုးမြှင့်ဆာင်ရွက်နိုင်ဖို့ဖြစ်ပါတယ် ” ဟု ဒုဝန်ကြီး က ဆက်ပြောသည်။
မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ၏ ဖွဲ့စည်းပုံသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပြဌာန်းချက်ပါအတိုင်း ဆက်ရှိနေမည်ဖြစ်ကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန် – ကြံ့ခိုင်ရေး လက်လျှော့ခဲ့ရတဲ့ ထွေ/အုပ် ကို NLD ဘယ်လို ထိန်းမလဲ