မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့မရဲစခန်းတွင် မူးယစ် ဆူပူမှုဖြင့် အချုပ်ခံရသူ တဦးသည် ချုပ်နှောင်ခံနေရစဉ်အတွင်း သေဆုံးခဲ့ရာ ရဲတပ်ဖွဲ့တွင် တာဝန်ရှိကြောင်း သေဆုံးသူ မိသားစုဝင်များက ပြောသည်။
ဖြစ်စဉ်မှာ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်ကုန်း (င)ရပ်ကွက်တွင် နေထိုင်သူ အသက် ၂၆ နှစ် အရွယ် ကိုအောင်အောင်သက်သည် ဇန်နဝါရီ ၂ ရက်နေ့ နံနက် ၁ နာရီခွဲအချိန်ခန့်က မူးယစ်ဆူပူမှုဖြင့် ပြည်ကြီးတံခွန်မြို့မ ရဲစခန်းသို့ ရောက်ခဲ့ခြင်းဟု သိရသည်။
“ကျနော့် ညီလေးဟာ အချုပ်သားတွေရဲ့ထိုးကြိတ်ရိုက်နှက်မှု ခံရလို့ အပြင်ထုတ်တယ်၊ ထုတ်တဲ့အချိန်မှာ အဝတ်ဗလာ၊ ဘောင်းဘီတိုတထည်နဲ့ ဘာစောင့်ရှောက်မှု တခုမှ မပေးဘဲ ဆောင်းတွင်း အအေးဒဏ်ထဲမှာ ဒီအတိုင်း ပစ်ထားတယ်၊ စခန်းက ရက်စက်လို့ ညီလေးသေသွားရတယ်၊ CCTVကို ကြည့်တဲ့အခါ အချုပ်သားလေးယောက်နဲ့ ညီလေးရန်ဖြစ်တာသည် သေနိုင်လောက်တဲ့ အခြေအနေ မဟုတ်ဘူး၊ အလုံခြုံဆုံးနေရာမှာ လူတယောက်လုံး သေဆုံးအောင်အထိ ဖြစ်ခဲ့တာက ရဲတပ်ဖွဲ့မှာ တာဝန်အပြည့်ရှိပါတယ်”ဟု သေဆုံးသူ၏ အစ်ကိုဖြစ်သူ ကိုကိုသက်က ပြောသည်။
ရဲမှတ်တမ်းများအရ သေဆုံးသူ ကိုအောင်အောင်သက်သည် ရပ်ကွက်အတွင်း၌ မူးယစ်ဆူပူနေသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က ပြည်ကြီး တံခွန်မြို့မ ရဲစခန်းသို့ အပ်နှံခဲ့ကြောင်း၊ မူးယစ်ဆူပူမှုဖြင့် ပြည်ကြီးတံခွန်မြို့မရဲစခန်းသို့ ရောက်ရှိချိန်တွင် ကိုယ်ခန္ဓာ၌ ဒဏ်ရာ တစုံတရာ မတွေ့ရှိသလို အပေါ်အင်္ကျီဗလာနှင့် အောက်ခံဘောင်းဘီတို တခုတည်းသာ ပါရှိခဲ့ကြောင်း၊ နံနက် ၄ နာရီ ၄၅ မိနစ် အချိန်တွင် အချုပ်ခန်းအတွင်းရှိ အချုပ်သားလေးဦးနှင့် ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါကဲ့သို့ ခိုက်ရန်ဖြစ်ပွားမှုကြောင့် တာဝန်မှူးက ကိုအောင်အောင်သက်အား အချုပ်ခန်း အပြင်သို့ ထုတ်ခဲ့ပြီး နံနက် ၈ နာရီခွဲအချိန်တွင် မိသားစုအား ခေါ်ယူ၍ အမှုမဖွင့်ဘဲ ပြန်လည်အပ်နှံပေးခဲ့သည်ဟု သိရသည်။
“ကျနော်တို့ဆီကို မနက် ၉ နာရီခွဲလောက်မှာ ဒီအိမ်က ကလေး မူးဆူနဲ့စခန်းမှာ ထိန်းသိမ်းထားလို့ မိဘတွေ ခံဝန်နဲ့ လာခေါ် ါဆိုပြီး အကြောင်းကြားလို့ သွားတယ်၊ ဟိုရောက်တော့ စခန်းကြမ်းပြင် ဖျာတပိုင်းတစပေါ်မှာ အပေါ်အင်္ကျီမပါဘဲ အောက်ခံဘောင်းဘီတိုလေးနဲ့ ပက်လက် အိပ်နေတာတွေ့လို့ အမေက သွားကိုင်ကြည့်တော့ အေစက်နေတဲ့အတွက် အသက်ရောရှိသေးလားလို့ မေးတဲ့အခါမှာ စခန်းက လူတွေက ခင်ဗျားသားက မူးပြီးအိပ်နေတာ ညကတည်းက နိုးမရဘူးလို့ ပြောတယ်၊ အဲဒီလိုပြောပြီး စခန်းကနေ ညီလေးကို ကားပေါ်တင်ပေးလိုက်တာပါ”ဟု ကိုကိုသက်က ဆက်လက်ပြောသည်။
မိသားစုမှ သွားရောက်ခေါ်ဆောင်ရာတွင် ကိုအောင်အောင်သက်သည် သတိမရသဖြင့် မိသားစုက ဆေးခန်းသို့ သွားရောက်ပြသရာ အရက်မူးလွန်၍ အိပ်ပျော်နေခြင်းမဟုတ်ဘဲ သတိလစ်မေ့မျောနေခြင်းဖြစ်သောကြောင့် ဆေးရုံသို့ ပို့ ဆောင်ခိုင်းခဲ့ကြောင်း သိရသည်။
“အိမ်ရောက်တဲ့အချိန်တဲ့အခါ မိသားစုက စိုးရိမ်တာနဲ့ ဆေးခန်းပြတော့ ဆရာဝန်က မူးပြီး အိပ်ပျော်နေတာ မဟုတ်ဘူး၊ သတိလစ်နေတာ ဆေးရုံတင်မှ ဖြစ်မယ်ဆိုလို့ ခုတင်(၃၀၀)ဆေးရုံကြီးကို ပို့တယ်၊ စစ်ဆေးတဲ့အခါ ဦးခေါင်းမှာ ပြင်းထန်ဒဏ်ရာတစ်ခုကြောင့် ဦးနှောက်ထဲ သွေးယိုစိမ့်ပြီး ခဲနေတယ်၊ အသက်အန္တရာယ်ရှိလို့ ပြည်သူ့ဆေးရုံကြီးကို ပို့ပါဆိုပြီး ဆေးရုံကြီးကို ဆက်ပို့ပေးပါတယ်၊ ဆေးရုံကြီး ဦးနှောက်နဲ့ အာရုံ ကြော ဌာနကို ရောက်တော့ နှလုံးပဲ ခုန်တယ်၊ အသက်မရှုတော့ဘူး၊ ဆရာဝန်ကြီးက အသက်ရှင်နိုင်ဖို့ ရာခိုင်နှုန်း အတော်နည်းသွားပြီပြောပြီးနောက်ပိုင်း ၃ ရက်နေ့ မနက်ပိုင်းမှာ ဆုံးသွားတယ်” ဟု သေဆုံးသူ၏ ညီဖြစ်သူ ကိုသူဟိန်းသက်က ပြောသည်။
အဆိုပါကဲ့သို့ ကိုအောင်အောင်သက်သေဆုံးရခြင်းကို မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြော ဌာနမှ ဆရာဝန်များက ခေါင်းတွင်ရရှိသည့် ဒဏ်ရာကြောင့် ဦးနှောက်သွေးခဲကာ သေဆုံးကြောင်း သုံးသပ်ထားသည်ဟု သေဆုံးသူ၏ မိသားစုဝင်များထံမှ သိရသည်။
ကိုအောင်အောင်သက် သေဆုံးသည့် ၃ ရက်နေ့ ညနေပိုင်းတွင် ပြည်ကြီးတံခွန်မြို့မ ရဲစခန်းက မိသားစုအား ၆ မိနစ်စာရှိသည့် CCTVမှတ်တမ်းကို ခေါ်ယူပြသခဲ့ကြောင်း သိရသည်။
“ရန်ဖြစ်တယ်ဆိုတဲ့ အချုပ်သားလေးယောက်ရဲ့ အင်အားနဲ့ သေနိုင်စရာမရှိဘူး၊ ရန်ဖြစ်ကြတယ်ဆိုတာမှာလည်း သေနိုင်လောက်တဲ့အခြေအနေ မဟုတ်ဘူး၊ CCTV မှတ်တမ်း ၆ မိနစ်စာ ကြည့်တဲ့အချိန် အပြင်ခေါ်ထုတ်သွားပြီး နောက်ပိုင်းမှာ ဘာမှ မသိရတော့ဘူး၊ ဘာဆက်ဖြစ်တယ်ဆိုတာထက် ရဲအကျင့်ကို လူတိုင်းသိတယ်၊ နောက်ပြီး ညီလေးရဲ့လက်မှာ တုတ်နဲ့ ရိုက်ခံရလို့ ရတဲ့ဒဏ်ရာတွေနဲ့ ခေါင်းမှာ ရဲတွေကိုင်တဲ့ တုတ်နဲ့ ရိုက်ခံထားရတယ်လို့ ယူဆရတဲ့ သုံးလက်မအရွယ် ဖူးရောင်ဒဏ်ရာ တွေ့ရတယ်၊ အဲဒါကြောင့် သူနဲ့ ရန်ဖြစ်တဲ့သူတွေကြောင့် သေတယ်ဆိုတာထက် ရဲတပ်ဖွဲ့ကြောင့် သေရတယ်လို့ ထင်တယ်” ဟု ဦးကိုကိုသက်က ဆက်လက်ပြောသည်။
သေဆုံးသူ ကိုအောင်အောင်သက်သည် မူးယစ်ဆူပူမှုဖြင့် ပြည်ကြီးတံခွန်မြို့မရဲစခန်းသို့ ရောက်ရှိပြီးနောက် ကောင်းမွန်စွာ မနေထိုင်ခြင်းကြောင့် အခြားအချုပ်သားများနှင့် ခိုက်ရန်ဖြစ်ရခြင်းဟု ပြည်ကြီးတံခွန်မြို့နယ် ရဲတပ်ဖွဲ့ မြို့နယ်ရဲ တပ်ဖွဲ့မှူး ရဲမှူး နေမျိုးအောင်က ပြောသည်။
“အရက်မူးပြီး ဆူပူရမ်းကားနေလို့ ထိန်းသိမ်းတဲ့အနေနဲ့ စခန်းကို ခေါ်လာတယ်၊ အချုပ်ခန်းထဲမှာ ကောင်းမွန်စွာ မနေဘဲ မူးပြီး အခြားအချုပ်သားတွေကို လျှောက်ကန်တဲ့အချိန်မှာ လေးယောက်က ဝိုင်းထိုး ရန်ဖြစ်ကျတဲ့အတွက် တာဝန်မှူးက သေဆုံးသူကို အပြင်ထုတ်လိုက်တယ်၊ မနက်ကျတော့ မိသားစုကို ခေါ်ပြီး အမှုမဖွင့်ဘဲ ပြန်အပ်ပေးလိုက်တယ်၊ သေဆုံးသူ အလောင်းကို ရင်ခွဲစစ်ဆေးချက်အရကတော့ ဦးနှောက်သွေးခဲပြီးသေဆုံးသွားတာလို့ သိရပါတယ်”ဟု ပြည်ကြီးတံခွန် မြို့နယ်ရဲတပ်ဖွဲ့ မြို့နယ်ရဲ တပ်ဖွဲ့မှူး ရဲမှူး နေမျိုးအောင်က ပြောသည်။
သေဆုံးသူ အောင်အောင်သက်နှင့် ရန်ဖြစ်ကြသူ အချုပ်သားလေးဦးမှာ မူးယစ်မှုဖြင့် နှစ်ဦး၊ သစ်မှောင်ခိုဖြင့် တဦးနှင့် ယုံကြည်အပ်နှံဖောက်ဖျက်မှုများဖြင့် အချုပ်ကျခံနေရသူများဖြစ်ပြီး အချုပ်ခန်းအတွင်း ရန်ဖြစ်ခြင်းကြောင့် ဇန်နဝါရီ ၂ ရက်နေ့ တာဝန်မှူးက ကျုးလွန်သည့် အချုပ်သားလေးဦးကို ၃၂၅/ ၁၁၄ ဖြင့် အမှုဖွင့်ခဲ့ကြောင်း၊ နောက်တနေ့၌ သေဆုံး သွားသဖြင့် ၃၀၂/ ၁၁၄ တို့ဖြင့် ပြောင်းလဲ အမှုဖွင့်ထားသည်ဟု သိရသည်။
အချုပ်ခန်းအတွင်း ကိုအောင်အောင်သက်နှင့် အခြားအချုပ်သား ၄ ဦးဖြင့် ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်းကို CCTV မှတ်တမ်းများ အရ သိရှိရပြီး အဆိုပါဖြစ်စဉ်အပေါ် ဖြစ်စဉ်အမှန်ပေါ်ပေါက်ရေးအတွက် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ စုံခုံဖွဲ့စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။
“ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တွေရော၊ ကျုးလွန်တဲ့ အချုပ်သားလေးဦးကိုပါ တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဒုတိယ ရဲမှူးကြီးတဦး ဦးစီးတဲ့အဖွဲ့က ဒီနေ့ (ဇန်နဝါရီ ၄ ရက်) နေ့လယ် ၁ နာရီက စုံခုံဖွဲ့စစ်ဆေးခဲ့ပါတယ်၊ ဘယ်လိုအရေးယူမှာလဲဆိုတာတော့ ပြောလို့ မရသေးပါဘူး၊ စုံခုံဖွဲ့စစ်ဆေးပြီးမှ သိရမှာပါ၊ လောလောဆယ်တော့ ကျူးလွန်တဲ့ အချုပ်သား ၄ ဦးကို ၃၀၂/ ၁၁၄ တို့နဲ့ အမှုဖွင့်ထားပါတယ်”ဟု ရဲမှုး နေမျိုးအောင်က ဆက်လက်ပြောသည်။
အချုပ်သား ၄ ဦး၏ အမည်များမှာ မင်းသူ၊ ခိုင်လင်း၊ ဇော်လှိုင်နှင့် သူရကျော်တို့ ဖြစ်ကြောင်း သိရသည်။