ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်အတွင်း ဖြစ်ပွားသည့် မြေယာအငြင်းပွားမှုနှင့်ပတ်သတ်၍ လုပ်ငန်းရှင်ဘက်မှ လယ်သမားများ ၈ ဦးအား တရားစွဲဆိုထားသောအမှုကို ညောင်တုန်းမြို့နယ်တရားရုံးက ဇန်နဝါရီလ ၃ ရက် နေ့က ကြားနာသည့်ရုံးချိန်းတွင် အမှုမှ တရားသေ လွှတ်ပေးခဲ့သည်။
ညောင်တုန်းမြို့နယ်၊ ဗျောသလန်းအုပ်စုရှိ မြေ ၉၉၉ ဧကကို ၂၀၀၆ ခုနှစ်တွင် ဧရာဝတီတိုင်း အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ စစ်အစိုးရက လုပ်ငန်းရှင် ဒေါက်တာ သန်းထွဋ်အား မြေလွတ်၊ မြေလပ်၊ မြေရိုင်းအဖြစ် ချထားပေးခဲ့ပြီး ၈ နှစ်ကြာသည်အထိ လုပ်ငန်းအကောင်အထည်ဖော်ခြင်း မရှိသည့်အတွက် မူလပိုင်ရှင် လယ်သမားများက ၂၀၁၄ ခုနှစ်တွင် ပြန်လည်ထွန်ယက်စိုက်ပျိုးခဲ့ကြသည်။
ထို့ကြောင့် လုပ်ငန်းရှင် ဒေါက်တာ သန်းထွဋ်ကိုယ်စား ကွင်းတာဝန်ခံ ဦးသိန်းဇော်မှ ၂၀၁၆ ခုနှစ်တွင် ကိုခင်မောင်လွင်အပါအဝင် လယ်သမား ၈ ဦးအား ညောင်တုန်းမြို့နယ်တရားရုံးတွင် မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေ ပုဒ်မ ၂၆၊ ၂၇၊ ၂၈ တို့ဖြင့် တရားစွဲခဲ့ရာ အချိန် ၂ နှစ်ကျော် တရားရင်ဆိုင်ပြီးနောက် ညောင်တုန်းမြို့နယ် တရားသူကြီးက လယ်သမားများအား အမှုမှ တရားသေ လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။
“လုပ်ငန်းရှင်ဟာ ၄ နှစ်အတွင်းမှာ အခင်းဖြစ်နေရာကို အကောင် အထည်ဖော် ဆောင်ရွက်ခြင်းမရှိဘူး။ အဲဒါကြောင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဥပဒေအရ ဒီမြေတွေဟာ အလိုအလျှောက် နိုင်ငံတော်ပိုင်မြေ ပြန်ဖြစ်သွားတယ်။ အဲဒီအပေါ်မှာ လယ်သမားတွေဟာ စားဝတ်နေရေးအတွက် သဘောရိုးနဲ့ သူတို့လယ်တွေကို ပြန်စိုက်တယ်။ ကျေးရွာ လယ်/စီအဖွဲ့ကလည်း လုပ်ငန်းရှင်ဟာ ၄ နှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက် နိုင်ခြင်းမရှိကြောင်း ဆုံးဖြတ်ချက်မှာ ထည့်သွင်းဖော်ပြထားတယ်။ အဲဒီအချက်တွေကို တရားရုံးတော်က သုံးသပ်ပြီး လယ်သမားတွေကို တရားသေလ ွှတ်ပေးလိုက်တာပါ”ဟု လယ်သမားများ၏ ဥပဒေအကျိုးဆောင် တရားလွှတ်တော် ရှေ့နေ ကိုငြိမ်းချမ်းမျိုးက ဧရာဝတီကို ပြောသည်။
မြန်မာနိုင်ငံရှိ မြေယာပြဿနာဖြစ်ပွားသည့်ဒေသ အများအပြားတွင် လုပ်ငန်းရှင်မှ မူလပိုင်ရှင် လယ်သမားများအား တရားစွဲဆိုသည့်အမှုများစွာ ရှိနေပြီး အမှုအများစုတွင် လယ်သမားများကို ထောင်ဒဏ်၊ ငွေဒဏ်များ ချမှတ်လေ့ ရှိကြောင်း၊ ယခုလို မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေအပေါ် အခြေပြု၍ တရားခံများအား တရားသေ လွှတ်ပေးသည့် ဖြစ်ရပ်မှာ ညောင်တုန်းမြို့နယ်တွင် ပထမဆုံးဖြစ်ကြောင်း မြန်မာနိုင်ငံ ဥပဒေအထောက်ပြုကွန်ရက် – M Law အဖွဲ့ထံမှ သိရသည်။
“ကျနော်တို့ လယ်သမားတွေမှာ လုပ်ငန်းရှင်ဘက်က တရားစွဲတဲ့အမှုကို ၂ နှစ်လုံးလုံး ရင်ဆိုင်ခဲ့ရတဲ့ကာလမှာ ထမင်းနပ်မမှန်ခဲ့ပါဘူး။ အမှန်အတိုင်းပြောရလို့ ကျနော်တို့ မရှက်ပါဘူး။ တရားရုံးတက်ဖို့ အသွားအပြန် စရိတ် မလောက်မှာစိုးလို့ နေ့ခင်းထမင်းမစားဘဲ တရားရင်ဆိုင်ခဲ့တဲ့နေ့တွေ အများကြီးရှိပါတယ်။ အခုလို ညောင်တုန်း မြို့နယ်တရားသူကြီးက ကျနော်တို့အမှုကို ဥပဒေအတိုင်း တရားမျှတစွာ ဆုံးဖြတ်ပေးတဲ့အတွက် အတိုင်းမသိ ဝမ်းသာမိပါတယ်”ဟု တရားစွဲခံလယ်သမား ကိုခင်မောင်လွင်က ပြောသည်။
ယခုအမှုတွင် ကိုခင်မောင်လွင်အပါအဝင် လယ်သမား ၈ ဦးကို ညောင်တုန်းမြို့နယ်တရားရုံးမှ တရားသေ လွှတ်ပေးခဲ့သော်လည်း လုပ်ငန်းရှင် ဒေါက်တာ သန်းထွဋ်နှင့် ၎င်းကိုယ်စား ကွင်းတာဝန်ခံအလုပ်သမားများမှ မူလပိုင်ရှင် လယ်သမားများအား ၃ ဦး ၂ မှု၊ ၄ ဦး ၁ မှု၊ ၆ ဦး ၁ မှု၊ ၇ ဦး ၁ မှုနှင့် ၈ ဦး ၁ မှု စသဖြင့် လူပေါင်း ၃၁ ဦးကို မြေလွတ်မြေရိုင်းဥပဒေများဖြင့် ညောင်တုန်းမြို့နယ်တရားရုံးတွင် တရားစွဲဆိုထားသည့်အတွက် အဆိုပါ အမှုများအား ထပ်မံ၍ တရားရင်ဆိုင်ရဦးမည်ဖြစ်ကြောင်း တရားစွဲခံလယ်သမားများက ပြောသည်။
ညောင်တုန်းမြို့နယ်တရားရုံး၏ဆုံးဖြတ်ချက်အပေါ် ကြိုဆိုကြောင်းနှင့် မြေလွတ်၊ မြေရိုင်းဥပဒေဖြင့် လယ်သမားများကို တရားစွဲဆိုထားသည့် ကျန်ရှိအမှုများကိုလည်း တရားရုံးများအနေဖြင့် မှန်ကန်တရားမျှတစွာ ဆုံးဖြတ်ပေးမည်ဟု မျှော်လင့်ကြောင်း ညောင်တုန်းမြို့နယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်းက ပြောသည်။
“ညောင်တုန်းမြို့နယ်တရားရုံးရဲ့ဆုံးဖြတ်ချက်ကို ကြိုဆိုပါတယ်။ အစိုးရသစ်တက်လာတဲ့အချိန်မှာ လုပ်ငန်းရှင် တွေကို ယခင်က လုပ်ပိုင်ခွင့်ချပေးထားတဲ့မြေတွေကို ပြန်စိစစ်မယ်လည်းဆိုရော သူတို့နှစ်ပေါင်းများစွာ မလုပ်ဘဲ ပစ်ထားတဲ့မြေတွေကို ပြန်ပြီးထွန်ယက်စိုက်ပျိုးတာတွေ လုပ်တယ်။ သူတို့မလုပ်ဘဲ ပစ်ထားတဲ့မြေတွေကို ဝင်လုပ်တဲ့ လယ်သမားတွေကို တရားစွဲတာတွေ လုပ်တယ်။ လယ်သမားတွေမှာ တရားရုံး စရိတ်တွေ အရမ်းကုန်တယ်။ ဆင်းရဲသားလယ်သမားတွေကို လုပ်ငန်းရှင်က တရားရုံးခေါ် နှိပ်စက်သလို ဖြစ်နေတာ။ မအူပင်ခရိုင်အတွင်းမှာ ဒီလိုမျိုးအမှုတွေ အများကြီး ကျန်သေးတယ်။ တရားရုံးတွေ ကယ်မှပဲ လယ်သမားတွေ သက်သာရာရမယ့် အနေအထား ဖြစ်နေတယ်”ဟု လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်းက ပြောသည်။
လုပ်ငန်းရှင် ဒေါက်တာ သန်းထွဋ်၏ တရားစွဲဆိုမှုကြောင့် ညောင်တုန်းမြို့နယ်၊ ဗျောသလန်းကျေးရွာအုပ်စုမှ လယ်သမား ၃၁ ဦးမှာ ညောင်တုန်းတရားရုံးတွင် အမှုရင်ဆိုင်နေရသလို လုပ်ငန်းရှင် ဒေါက်တာ မြင့်စိန်၏ အော့ချက်(ဒ်) ကုမ္ပဏီမှ တရားစွဲဆိုမှုကြောင့် မအူပင်မြို့နယ်၊ မလက်တိုအုပ်စု၊ ပလောင်ကျေးရွာမှ လယ်သမား ၃၈ ဦးမှာ မအူပင်မြို့နယ်တရားရုံးတွင် တရားရင်ဆိုင်နေရကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်အတွင်းရှိ ညောင်တုန်း၊ မအူပင်၊ ဓနုဖြူနှင့် ပန်းတနော်မြို့နယ်များရှိ မြေဧက ၁ သိန်း ၇ သောင်းခန့်ကို ကုမ္ပဏီပေါင်း ၂၇၀ ကျော်ထံ စစ်အစိုးရက ၂၀၀၀ ခုနှစ်ပတ်ဝန်းကျင်ကာလက လုပ်ကိုင်ခွင့် ချထားပေးခဲ့သည်။ ၂၀၁၆ ခုနှစ် NLD အစိုးရလက်ထက်တွင် အဆိုပါ မြေများအား ပြန်လည်စိစစ်ခဲ့ရာ ကုမ္ပဏီများ အနေဖြင့် မြေဧက ၆ သောင်း ၇ ထောင်ခန့်သာ လုပ်ငန်းအကောင်အထည်ဖော်ထားပြီး ကျန်ရှိမြေဧက ၁ သိန်း ၃ ထောင်ကျော်အား လုပ်ငန်းအကောင်အထည်ဖော်ထားခြင်း မရှိကြောင်း မအူပင်ခရိုင်၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဌာနစာရင်းများအရ သိရသည်။