ရက္ခိုင့်တပ်မတော် ( AA ) သည် ဇန်နဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းက ဘူးသီးတောင်မြို့နယ်အတွင်းက နယ်ခြားစောင့် ရဲကင်းစခန်း ၄ ကို တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခြင်းမှာ နောက်ကျောကို ဓားနဲ့ ထိုးခြင်း ဖြစ်ကြောင်း မောင်တော အခြေစိုက် အမှတ် ၁ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ် မြင့်တိုးက ဆိုသည်။
ရဲမှူးချုပ် မြင့်တိုးက “ကျနော်တို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့က တပ်မတော်နဲ့ပူးပေါင်းပြီး ရခိုင်ပြည်နယ် လုံခြုံဖို့၊ ကာကွယ်ပေးဖို့ ပေါင်းစပ်ပြီးတော့ ဆောင်ရွက်တာ ရှိပါတယ်။ ဒါကလည်းပဲ တဘက်က ARSA အကြမ်းဖက်ရန်ကနေ ထိုးဝင်ပြီးတော့ မိမိ ရခိုင်ပြည်နယ်ကို နှောင့်ယှက် လာနိုင်တယ်ဆိုတဲ့ ဟာကို ဦးတည်ပြီးတော့ ဆောင်ရွက်နေချိန်မှာ AA အဖွဲ့က အကွက်ကျကျ စီစဉ်ပြီးတော့ ကျနော်တို့ရဲ့ ရခိုင်ပြည်နယ် တည်ငြိမ်မှုမရှိအောင် ၊ ပျက်ပြားအောင် ဒါ နောက်ကျောကို ဓါးနဲ့ ထိုးတဲ့သဘောလို့ ကျနော် မြင်ပါတယ်။ ဒါသည် လုပ်သင့်သလားဆိုတာလည်း အားလုံး စဉ်းစားကြည့်လို့ ရပါတယ်။ တပ်မတော်စစ်ကြောင်းတွေရဲ့ အလစ်အငိုက် ၊ တပ်မတော်စစ်ကြောင်းတွေ လျှော့ပါးပြီး တခြားတာဝန်ထမ်းဆောင်နေတဲ့ အချိန်အမှာ ကျနော်တို့ ရဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေပဲ ရှိတဲ့ အချိန်မှာ အင်အား အလုံးအရင်းသုံးပြီး လာရောက်တိုက်ခိုက်တဲ့ အနေအထား ဖြစ်ပါတယ်။ ဒါနိုင်ငံရေး အမြတ်ထုတ်တယ်လို့ ထင်ပါတယ် ” ဟု သတင်းမီဒီယာများသို့ ပြောသည်။
တပ်မတော်က ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်တွင် AA အပါအဝင် အပစ်ရပ်လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် ပဏာမအပစ်ရပ်စာချုပ်၊ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် များ ရေးထိုးရန် စစ်တိုင်း ၅ တိုင်းကို ၂၀၁၉ ခုနှစ် ၊ ဧပြီလ ၃၀ရက်ထိ အပစ်ရပ်ဆိုင်းပေးထားသည် ။
အပစ်ရပ်ဆိုင်းထားသည့် စစ်တိုင်းများတွင် AA တပ်များ ရှိသည့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေ မပါဝင်ပါ။
ရဲကင်းစခန်းလေးခု တိုက်ပွဲတွင် ရဲတပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။
ငမြင်းဘော်ရဲကင်း စခန်းမှ တပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ကျောင်းတောင်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံး၊ ၁ ဦး ဒဏ်ရာ ရရှိပြီး ဂုပ္ပိရဲကင်းစခန်း မှ ၃ ဦး ဒဏ်ရာရရှိကာ ခထီးလှ ရဲကင်းစခန်းမှ ၂ ဦးကျဆုံး၊ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်းအပြင် လက်နက်ငယ်မျိုးစုံ အလက် ၄၀၊ ခဲယမ်းမျိုးစုံ ၁၆၁၁၁ တောင့်၊ လက်ကိုင်စကားပြောစက် ၁ လုံးဆုံးရှုံးခဲ့ကြောင်း အစိုးရ ထုတ်ပြန်ကြေညာချက်အရ သိရသည်။
ဘူးသီးတောင်မြို့တွင် ဇန်နဝါရီလ ၆ ရက်နေ့က သတင်းမီဒီယာများနှင့်တွေ့ဆုံရာတွင် ရဲမှူးချုပ် မြင့်တိုးက ကျနော်တို့ကို စခန်းတွေ တိုက်တာနဲ့ပတ်သက်လို့ကတော့ သူတို့ သီးခြား စီစဉ်ပြီး အကွက်ချ စီစဉ်ပြီး လာရောက်တိုက်ခြင်း အနေအထား ဖြစ်ပါတယ်။ တပ်မတော်က လက်နက်ကြီးနဲ့ ပစ်ကူ ပစ်တာလည်း အဲဒီ ငမြင်းဘော်ဘက်မှာ မရှိခဲ့ပါဘူး ။ ယခင်ကလည်း ကျနော်တို့ မတွေ့ခဲ့ရပါဘူး ။ ဒီတိုက်ပွဲ ဖြစ်စဉ် ဖြစ်ပြီးမှဘဲ ကျနော်တို့ စစ်ကူ ပစ်ကူ ဝင်ရောက်လာတဲ့အခါ အမြင်းဘော်စခန်းကိုတော့ ကျနော်ဆီက နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၈ က သွားရောက်ပြီးတော့ စစ်ကူပေး ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။ ကျောင်းတောင်ရဲစခန်းကိုတော့ တပ်မတော်က စစ်ကူပေးပြီးတော့ ရှင်းလင်းပေးတဲ့ အနေအထား ရှိပါတယ်။ သူတို့ တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကူ ပြုပြီး လိုက်တာ တခုပဲ ရှိပါတယ်။လက်နက်ကြီး ပစ်တာ မရှိပါဘူး ” ဟု နယ်ခြားစောင့် ရဲစခန်းမှ လက်နက်ကြီး ပစ်ခတ်ခဲ့မှု မရှိကြောင်းကို ပြောကြားသည်။
ရက္ခိုင့်တပ်မတော် ( AA ) က ယင်းသို့ ရဲကင်းစခန်းများကို ဝင်တိုက်ရခြင်းသည် ၎င်းရဲကင်း စခန်းများတွင် တပ်မတော်စစ်ကြောင်းများက စခန်းတွင် ပူးပေါင်းနေထိုင်ကြပြီး တပ်မတော်နှင့် AA တို့ ဖြစ်ပွားသည့် တိုက်ပွဲများတွင်လည်း အဆိုပါ ရဲစခန်းများမှ လက်နက်ကြီးများဖြင့် ပစ်ကူပေးသည့်အတွက် တိုက်ခိုက်ရခြင်း ဖြစ်ကြောင်း AA သတင်းပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ဆိုသည်။
လက်ရှိအချိန်တွင် ရက္ခိုင့်တပ်မတော် AA ဝင်ရောက်တိုက်ခိုက်မှုကြောင့် ဒဏ်ရာ ရရှိသွားသည့် တပ်ဖွဲ့ဝင် ၆ ဦးကို မောင်တောဆေးရုံ၌ ကုသလျှက်ရှိရာ စိုးရိမ်ရသည့် အခြေအနေ မရှိကြောင်း ဆေးရုံအုပ် ဒေါက်တာ ကျော်မောင်မောင်သိန်းက ပြောသည် ။
ဇန်နဝါရီလ ၄ ရက်နေ့က ရက္ခိုင့်တပ်မတော် AA က ဘူးသီးတောင်မြို့နယ် အတွင်းက ရဲကင်းစခန်း ၄ ခု ဝင်ရောက်တိုက်ခိုက်ခဲ့ရာတွင် ဖမ်းဆီးရမိသည့် တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် ၁၈ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။
ဆက်စပ်ဖတ်ရှုရန် – ဖမ်းဆီးသွားသည့် သုံ့ပန်းများ AA ပြန်လွှတ်