မန္တလေး ဒုတိယသဘင်ခေတ်၌ ကျော်ကြားခဲ့သည့် အငြိမ့်မင်းသမီးကြီး မထွေးလေး(အမေထွေး)အား မြုပ်နှံထားသည် ဆို သော တံတားဦး မြင်းဝန်သုဿန်မှ အုတ်ဂူကို နွားကျော်ထ သုဿန်ကို ပြောင်းရွှေ့မည်ဟု မြန်မာနိုင်ငံသဘင် အစည်း အရုံး(ဗဟို)မှ သတင်းရသည်။
အမေထွေးဟု အများသိကြသည့် အငြိမ့်မင်းသမီးကြီး မထွေးလေးသည် ၁၉၂၈ ခုနှစ်တွင် တံတားဦး မြို့၌ ကွယ်လွန်ပြီး မြင်း ဝန်သုဿန်တွင် မြုပ်နှံသည်ဟု ဆိုကြသော်လည်း စာရေးဆရာမကြီး လူထု ဒေါ်အမာ၏ “ပြည်သူချစ်သော အနုပညာ သည်များ” စာအုပ်တွင်မူ ဒေါ်ထွေးလေး၏ အလောင်းကို ဂူသွင်းမြုပ်နှံခြင်းမရှိပါဟု ယင်းစာအုပ်ပြုစုစဉ် တံတားဦးမှ သိမှီ သည့် လူကြီးသူမများအား မေးမြန်းပြောဆိုချက်ကို ကိုးကား၍ ထည့်သွင်းထားသည်။
မြန်မာနိုင်ငံသဘင် အစည်း အရုံးကမူ အဆိုပါ မြင်းဝန်သုဿန်ကို လာမည့် ဇန်နဝါရီကို ၉ရက်နေ့တွင် ဖျက်သိမ်း၍ နေရာ သစ်ကို ပြောင်းရွှေ့မည်ဖြစ်သဖြင့် မင်းသမီးကြီး မထွေးလေး၏ အုတ်ဂူကို ရွှေ့ပြောင်းရခြင်း ဖြစ်သည်ဟု ဆိုသည်။
“သဘင်အနုပညာရှင်တွေနဲ့ပတ်သက်တဲ့ ဒြပ်ရှိ၊ဒြပ်မဲ့ ယဉ်ကျေးမှုတွေကို ထိန်းသိမ်းနိုင်အောင် လုပ် ဆောင်တာပါ၊ ဆုပ်ကိုင် လို့မရတဲ့ အဆို၊ အက၊ အရေး၊ အတီးပညာတွေက ဒြပ်မဲ့ယဉ်ကျေးမှုဖြစ်ပါ တယ်၊ အခုအမေမထွေးလေးအုတ်ဂူကတော့ ဒြပ်ရှိ အမွေအနှစ်ဖြစ်ပါတယ်၊ အခုလိုဒြပ်ရှိ အမွေအနှစ် တွေကို ကျနော်တို့ လက်လှမ်းမီတဲ့ အခြေအနေအရ ဆက်လက် ထိန်းသိမ်းသွားမှာပါ”ဟု မြန်မာနိုင်ငံ သဘင်အစည်းအရုံး(ဗဟို)မှ အတွင်းရေးမှုး ဦးနေဝင်းက ပြောသည်။
အငြိမ့်မင်းသမီးကြီး မထွေးလေး အုတ်ဂူ ပြောင်းရွေ့ထိန်းသိမ်းနိုင်ရေးအတွက် မြန်မာနိုင်ငံသဘင် အစည်းအရုံး(ဗဟို)၏ ဦး ဆောင်မှုဖြင့် မန္တလေးတိုင်းသဘင်အစည်းအရုံးမှ လုပ်ဆောင်သွားမည် ဖြစ်ပြီး မထွေးလေးအုတ်ဂူပြောင်းရွေ့ထိန်းသိမ်းရေး အတွက် ဇန်နဝါရီ ၄ ရက်နေ့က မန္တလေးတိုင်း သဘင်အစည်းအရုံး၊ လောကနတ်ခန်းမတွင် စာနယ်ဇင်းရှင်းလင်းပွဲ ပြုလုပ်ခဲ့ သည်။
လွန်ခဲ့သည့် နှစ်ပေါင်း ၉၀ ကျော်က ကွယ်လွန်ခဲ့သည် မင်းသမီးမထွေးလေး အုတ်ဂူ တံတားဦးမြို့ မြင်းဝန်သုဿန်တွင် တည်ရှိခဲ့ခြင်းကို တံတားဦးဇာတိ ကဗျာဆရာကြီး ဦးကိုလေး (အင်းဝဂုဏ်ရည်) နှင့် မထွေးလေး၏ နောက်ဆုံးအိမ်ထောင်ဖက် ဇီးကန်တောင်ပြုံးသူကြီး ဦးကြာညို၏ ဆွေစဉ် မျိုး ဆက်များ၊ မထွေးလေးကို မမီလိုက်သော်လည်း အုတ်ဂူရှိ စာတမ်းဖတ်လိုက်ရသည့် သက်ကြီးရွယ် အိုများ၏ ပြောကြားချက်များဖြင့် အတည်ပြုနိုင်ခဲ့ခြင်းဟု ဆိုသည်။
အသစ်ပြောင်းရွှေ့မည့် နွားကျော်ထသုဿန်တွင် မင်းသမီးကြီး မထွေးလေးအုတ်ဂူအတွက် သီးသန့် နေရာရွေးချယ် ခွင့်ပေး ထားသော်လည်း မူလအုတ်ဂူ ၆ ပေ ကျော်ရှိအတိုင်း ပြုလုပ်ခွင့်မရဘဲ စည်ပင်သာယာရေးဥပဒေပါအတိုင်း ၂ ပေ ပတ်လည် သာ ခွင့်ပြုပေးထားသည်ဟု သိရသည်။
“ထင်ရှားကျော်ကြား သမိုင်းဝင်သူ ဖြစ်တဲ့အတွက် သီးသန့်နေရာလေးပေးမယ်လို့ စည်ပင်က သဘောတူတယ်၊ မြင်သာတဲ့ နေရာ၊ ကောင်းတဲ့ နေရာပေးမယ်၊ အုတ်ဂူကို မူလအတိုင်း လုပ်ဖို့ တောင်းဆိုခဲ့ပေမယ့် မရခဲ့ပါဘူး၊ အုတ်ဂူ အလုံးလိုက် မပြီး ရွှေ့ဖို့ကလည်း နှစ်ပေါင်း ၉၀ ကျော်ပြီဆိုတော့ မဖြစ်နိုင်ဘူး၊ ဒါကြောင့် ရသလောက်နဲ့ အကောင်းဆုံးဖြစ်အောင် လုပ် သွားမှာ ပါ”ဟု မန္တလေးတိုင်း သဘင်အစည်းအရုံးမှ အတွင်းရေးမှူး ဦးပေါက်ကျိုင်းက ပြောသည်။
မင်းသမီးကြီး မထွေးလေး၊ ရုပ်သေးမင်းသမီးကြီး ဆရာပု စသည့် သဘင်ပညာရှင်ကြီးများသည် မန္တလေး ဒုတိယသဘင် ခေတ်၌ ကျော်ကြားခဲ့ပြီး၊ မထွေးလေးနှင့် ပထမခင်ပွန်းဖြစ်သူ ကိုဘိုးကွန်း တို့သည် မြေဝိုင်းခေတ်မှသည် ဇတ်စင်ဖြင့် ကပြ သူများဖြစ်သဖြင့် ဇတ်စင်နှင့် ဇတ်သဘင်ကို တီထွင်ခဲ့သူများဟု အသိအမှတ်ပြုထားကြသည်။
ကိုယ်ပိုင်အကကို သတ်သတ်မှတ်မှတ် တီထွင်ခဲ့သူ မင်းသမီးကြီး မထွေးလေးကို ၁၈၆၇ ခုနှစ်တွင် ဘိုးတော်ဘုရား၏ မြေးကသည်းမင်းသား ဦးသီဟနှင့် ဒေါ်မမကြီးတို့မှ မန္တလေးမြို့ ဗောဓိကုန်းရပ်ကွက်တွင် မွေးဖွားခဲ့သည်။
ငယ်မည် မခင်ထွေးဟု အမည်တွင်သော်လည်း ငယ်စဉ်က နန်းတွင်း၌ ဆင်ဖြူမရှင်မိဖုရား၊ သမီးတော် မိုင်းနောင်စု ဖုရား ကြီးနှင့်မြတောင် စုဖုရားလတ်တို့ထံတွင် ခစားစဉ် ချစ်စနိုး ထွေးလေးဟု ခေါ်ရာမှ မထွေးလေးဖြစ်ခဲ့သည်။
မထွေးလေး အသက် ၁၄နှစ် အရွယ် ရနောင်မင်းသား မောင်မောင်တုတ်၏ သိမ်းပိုက်ခြင်းခံခဲ့ရပြီး ရနောင်မင်းသား စံအိမ် တွင် စံနေစဉ် မောင်မောင်တုတ်၏ အခြားကြင်ယာတော်များဖြစ်သည့် ဆင်ခိုးမလေး၊ မကွမ်းငုံ၊ တပယ်ခင်ဥတို့ထံမှ အဆို၊ အက ပညာရပ်များ လေ့လာဆည်းပူး သင်ယူခဲ့သည်။
ရနောင်မောင်မောင်တုတ် ကွပ်မျက်ခံရပြီးနောက် နန်းတွင်းတွင် စင်တော်ကောက် ကလေးမင်းသ္မီးအဖြစ်မင်းသား ကိုဘိုး ကွန်းနှင့် တွဲဖက်ကပြခဲ့ရပြီး အရှင်နှစ်ပါးပါတော်မူပြီးနောက် ဇာတ်အဖွဲ့ထောင်၍ လိုက်လံကပြရင်း ကိုဘိုးကွန်းနှင့် နောက်အိမ်ထောင်ပြုခဲ့သည်။
မထွေးလေးသည် သူမ၏ဒုတိယ အိမ်ထောင်ဖက် မင်းသား ကိုဘိုးကွန်းထံမှ သဘင်ပညာသာမက သီပေါမင်း၏ နေမျိုးမဓု သဒ္ဒရွှေတောင်ဘွဲ့ဖြင့် မြှောက်စားချီးမြှင့်ခံခဲ့ရသော မဟာစင်တော်ကြီး ဆရာပုထံမှလည်း သဘင်ပညာများ ဆည်းပူး သင် ယူခဲ့သလို ကိုဘိုးကွန်း ကွယ်လွန်ပြန်ရာ လက်ထောက်မင်းသား အီကင်း ကိုမောင်ကြီးနှင့် တတိယမြောက် အိမ်ထောင် ထူထောင်ခဲ့ပြန်သည်။
မထွေးလေး အသက် ၅၀ အရွယ်တွင် အီကင်းကိုမောင်ကြီး ကွယ်လွန်ပြန်ရာ နောက်ဆုံးအိမ် ထောင်ဖက် အင်းဝတံတား ဦးမှ ဇီးကန်တောင်ပြုံးသူကြီး ဦးကြာညိုနှင့် လက်ဆက်ခဲ့သည်။
စတုထ္တမြောက် အိမ်ထောင်ဖက် ဇီးကန်တောင်ပြုံး သူကြီး ဦးကြာညိုမှာ မထွေးလေးကို မြတ်နိုး၍ ယူခြင်းထက် ပစ္စည်းဥစ္စာ မက်၍ ယူခြင်းဖြစ်ကြောင်း၊ အမေထွေး၏ ဈာပနကို တပည့်ဖြစ်သူ မင်းသမီးကြီး ဒေါ်သြဘာသောင်းက သွားရောက်သည့် အခါ သူကြီး ဦးကြာညို၏ ဇနီးကြီးဖြစ်သူ သူကြီးကတော် အရီးဆောင်းက ဖလားကြီးတလုံးဖြင့် ငွေကူခံနေသည်ကို တွေ့ရ ၍ စိတ်မချမ်းမသာ ဖြစ်ရသည့်အတွက် ဒေါ်သြဘာသောင်း အနေဖြင့် ငွေကူခြင်းပင် မပြုခဲ့ကြောင်း ပြည်သူချစ်သော အနုပညာသည်များ” စာအုပ်တွင် ဖော်ပြထားသည်။
အငြိမ့်မင်းသမီးကြီး မထွေးလေး အုတ်ဂူကို နွားကျော်ထသုဿန်သို့ ပြောင်းရွေ့နိုင်ရန်အတွက် ဇန်နဝါရီ ၆ ရက်တွင် နေရာသစ်၌ အုတ်ဂူသစ်ကို စတင်တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။