မန္တလေး ကျုံးလက်ရန်းများ ပြောင်းလဲ တပ်ဆင်ရာ၌ လေးဘက် လေးတန် ဆင်တူ မဖြစ်ဘဲ မြို့နှင့် လိုက်ဖက် မညီ သည့် လက်ရန်းများ ဖြစ်မည်ကို မန္တလေးမြို့ခံများက စိုးရိမ်နေကြသည်။
ရှေးဟောင်း ယဉ်ကျေးမှု ပညာရှင် တဦး ဖြစ်သူ မန္တလေးမြို့ခံ တမ္မဝတီ ဦးဝင်းမောင်က “မန္တလေးက ခေတ်မီစရာ မလို ပါဘူး။ ရိုးရာ ထိန်းဖို့ပဲ လိုတာပါ။ စတီးနဲ့ လုပ်လုပ်၊ သံမဏိနဲ့ လုပ်လုပ်၊ ဘာနဲ့လုပ်လုပ် ရိုးရာ အစဉ်အလာ အတိုင်း ရှိ သင့်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းက ကျုံးမြို့ရိုး အနီး မလုပ်ဖြစ်ခဲ့သော မန်းသီတာ ဥယျာဉ် တည်ဆောက်ရေးမှ လျာထား ဘတ်ဂျက်များအား ကျုံးလက်ရန်းများ ပြောင်းလဲ တပ်ဆင်ခြင်း လုပ်ငန်း အတွက် အစားထိုး အသုံးပြုခဲ့ပြီးနောက် ဘတ်ဂျက် မလုံလောက် သဖြင့် လူသွားလူလာ အများဆုံး ဖြစ်သည့် ၂၆ လမ်း (ကျုံး တောင်ဘက်ခြမ်း) ရှိ လက်ရန်းများကိုသာ ဦးစားပေး တပ်ဆင်ခဲ့သည်။
ထို့နောက် စီးပွားရေး လုပ်ငန်းရှင် တဦးက ကျုံးအရှေ့ဘက်ခြမ်း လက်ရန်းများ တပ်ဆင်ရန် အတွက် လှူဒါန်းမည်ဟု ၂၀၁၈ နှစ်ကုန်ပိုင်းက အဆိုပြုခဲ့ပြီးနောက် အရှေ့ဘက်ခြမ်း လက်ရန်းများ ပြောင်းလဲ တပ်ဆင်ရန် လုပ်ငန်းကို စတင် ဆောင်ရွက်လျက် ရှိသည်။
မန္တလေးမြို့တော် စည်ပင်သာ ယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ကျုံးအရှေ့ဘက် လက်ရန်း ဒီဇိုင်းနှင့် ပတ် သက်၍ တိုင်းအစိုးရ အဖွဲ့ထံ တင်ပြထားဆဲ ဖြစ်ပြီး ယခုလ အတွင်း ပုံစံ ဒီဇိုင်းကို သိရှိရမည် ဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။
သို့သော် လက်ရှိ အနေအထား အရ အရှေ့ဘက်နှင့် တောင်ဘက်ကျုံး လက်ရန်း ပုံစံ ကွဲလွဲနိုင်မည် ဖြစ်ကြောင်းကို အဆိုပါ ကော်မတီမှ အရာရှိ တဦးက ဧရာဝတီကို ပြောဆိုထားသည်။
အဆိုပါ လက်ရန်းကို သြင်္ကန်မတိုင်ခင် အပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
တောင်ဘက်နှင့် အရှေ့ဘက် ကျုံးတို့တွင် စည်ပင် ဘတ်ဂျက်နှင့် တပ်ဆင်ခဲ့သော လက်ရန်းနှင့် ပုဂ္ဂလိက အလှူရှင်နှင့် တပ်ဆင်မည့် လက်ရန်းတို့မှာ ဒီဇိုင်း တမျိုးစီဖြင့် ပုံစံကွဲသွားမည်ကို မန္တလေး မြို့ခံများက စိုးရိမ်နေကြကြောင်း သိရသည်။
အငြိမ်းစား မန္တလေး ဒုမြို့တော်ဝန် ဦးညွှန့်မောင်က “ယဉ်ကျေးမှု ဆိုတာ မပြောသေးနဲ့ဦး။ မြို့ပြယုဒ် ဖြစ်နေတဲ့ ကျုံး ကြီးရဲ့ လက်ရန်း လေးဘက်လေးတန် ညီမှ မျက်စိ ပသာဒ ဖြစ်မယ်။ ကြည့်လို့ လှမယ်လေ”ဟု ဧရာဝတီကို ပြော သည်။
ကျုံးအရှေ့ဘက် ပလက်ဖောင်းနှင့် လက်ရန်း အတွက် အလှူရှင်က ထိုင်းနိုင်ငံမှ ဗိသုကာ ပညာရှင် ရေးဆွဲသော ဒီဇိုင်း ဖြစ်ပြီး မြို့ရိုးနှင့် ကျုံးအလှ၊ ယဉ်ကျေးမှု လက်ရာများ ပေါ်လွင်ရန် ဖန်တီးထားသည်ဟု ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ လယ်ပိုင်းက မန္တလေး မြို့တော်ဝန်၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။
ထို့ပြင် မြို့တော်ဝန်က လက်ရန်း ဒီဇိုင်း နှစ်မျိုးကို ဖော်ပြခဲ့ပြီး အများပြည်သူများ အကြံပြုနိုင်ရန် အတွက်လည်း ကျုံး ဘေး အနီးတွင် ဆန္ဒပြုပုံးများ ထောင်ထား၍ မဲပေးစေခဲ့သည်။
မြို့ခံ အိမ်ရှင်မ တဦးဖြစ်သူ မထိပ်တင်ငြိမ်းက “အခုလို မော်ဒန် ဆန်နေတာကြီးက ကျုံးနဲ့မြို့ရိုးကို မအပ်စပ်သလို ခံစားရတယ်။ ပထမ တခေါက်ကလည်း မဲပေးပါဆိုလို့ ပေးခဲ့ပေမယ့် နောက်ဆုံးကျ သူတို့ လုပ်ချင်တာလုပ်သွားတော့ အခု အရှေ့ကျုံး အတွက်ကို မဲမပေးတော့သလို မျှော်လင့်ချက်လည်း မထားတော့ဘူး။ အလှအပကို လုပ်ဖို့ လိုသလို လုံခြုံမှုကိုလည်း ထည့်တွက် သင့်တယ်လို့ပဲ ပြောချင်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။
၎င်းက ဆက်လက်၍ “အခုကျ ဒီဘက် ဒီဇိုင်းကြည့်ချင် ဒီဘက်ကျုံးကို ကြွပါ၊ ဟိုဘက် ဒီဇိုင်း ကြည့်ချင်ရင် ဟိုဘက် သွားပါလို့တောင် မန္တလေးကို လာလည်တဲ့ ဧည့်သည်တွေကို ညွှန်းရ မလို ဖြစ်နေပြီ”ဟု ဆိုသည်။
လက်ရှိ၌ ကျုံးအရှေ့ဘက်တွင် လက်ရန်း တပ်ဆင်ရန် အတွက် မြေသား ပြုပြင်မှုများ စတင်လုပ်ကိုင်နေပြီ ဖြစ်ကြောင်း သိရသည်။
အောင်မြေသာစံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ လှမိုးက “ကောင်းတဲ့ အလုပ်လုပ်တာ အား ပေးပါတယ်။ အခုလို ပြောင်းလဲတာက မြို့လူထု သဘောထား ခံယူပြီးမှ လုပ်တာဆိုတော့ ဘာပြဿနာမှ ရှိမယ် မထင် ဘူး။ နေရာတိုင်းတော့ အကြိုက်ချင်း မတူနိုင်တာ ရှိသလို မကြိုက် တဲ့သူက အသံပိုကျယ်မယ်လေ။ သူက တာဝန်မှ မယူရတာကိုး” ဟု ဧရာဝတီကို ပြောသည်။
မြန်မာနိုင်ငံ ဗိသုကာ ကောင်စီမှ ပညာရှင် တဦးက “အသုံးဝင်တဲ့ဘက်က ကြည့်မယ်ဆိုရင် အများသူငှာ အပန်းဖြေဖို့ အတွက် သပ်သပ်ရပ်ရပ် ဖြစ်သွားမယ်။ ဒါပေမယ့် ဗိသုကာ ပညာနဲ့ ကြည့်မယ် ဆိုရင်တော့ သိပ် အမြင်မတော်ဘူးပေါ့” ဟု ဧရာဝတီကို သုံးသပ် ပြောဆိုသည်။
မန္တလေးမြို့သည် ယဉ်ကျေးမှု အမွေအနှစ် ထွန်းကားခဲ့သည့်မြို့တမြို့ ဖြစ်ပြီး ရှေးဟောင်း အမွေအနှစ်နှင့် သက်ဆိုင် သည့် ဧရိယာများတွင် ခေတ်အရ ပြုပြင်ပြောင်းလဲမှုများ လုပ်မည်ဆိုပါက သက်ဆိုင်ရာ ပညာရှင်များ၏ အကြံဉာဏ် များ လိုအပ်ခြင်း၊ ယင်း အကြံဉာဏ်များကို လိုက်နာခြင်းနှင့် မြို့စီမံခန့်ခွဲရေးကို အကောင်အထည် ဖော်နေသူများ က လည်း ထိုသို့ အမြင်မျိုးရှိရန် လိုအပ်သည်ဟု ဗိသုကာ ပညာရှင်များက ထောက်ပြကြသည်။
မန္တလေးမြို့ခံ စာရေး ဆရာ သိုက်ထွန်းသက်က “ဘယ်လိုပဲ ပြုပြင် ပြောင်းလဲပါစေ မန္တလေး နန်းတွင်း၊ မြို့ရိုးတို့နဲ့ ဟာမိုနီ ဖြစ်ဖို့ လိုမယ်လေ။ ရှေးဟောင်းကို အဟောင်းကြီး အတိုင်း သွားလို့မရဘူး ဆိုတာ လက်ခံပါတယ်။ ဒါပေမယ့် နန်းမဆန် ပန်းမဆန်ဆိုရင် ကြည့်မကောင်း သလို မန္တလေးဟန်၊ စံနဲ့တော့ ကိုက်ညီတာမျိုးပဲ ဖြစ်စေချင်တယ်” ဟု ဧရာဝတီကို ပြောသည်။
မန်းသီတာ ဥယျာဉ် တည်ဆောက်ရန် လျာထားသည့် ဘတ်ဂျက်ငွေ ၃ ထောင်ကျော်မှ တိုင်းဒေသကြီး လွှတ်တော်သို့ တင်ပြကာ ကျုံး တောင်ဘက်ခြမ်း စတီး လက်ရန်း ကာရံခြင်းတို့ အတွက် အသုံးပြုထားပြီး ယခု ကဲ့သို့ ပုဂ္ဂလိက လှူဒါန်းမည့် အရှေ့ဘက်ကျုံး လက်ရန်း အတွက် ငွေမည်မျှ အသုံးပြုမည်ကိုမူ ထုတ်ပြန်ထားခြင်း မရှိသေးပေ။