သတင်း

AA ကို စစ်ဆင်ပြီး နှိမ်နှင်းမည်ဟု သမ္မတ ရုံး ပြော

Want create site? Find Free WordPress Themes and plugins.

ရက္ခိုင့်တပ်မတော် AA ကို သောင်းကျန်းသူ နှိမ်နှင်းရေး စစ်ဆင်ရေးများ ပြုလုပ်ပြီး ထိရောက်စွာ ဖြေရှင်းနိုင်ရန် နိုင်ငံတော် သမ္မတ ရုံးမှ ညွှန်ကြားထားပြီး ဖြစ်သည်ဟု ဇန်နဝါရီလ ၇ ရက် ညနေ နေပြည်တော် သမ္မတ အိမ်တော်တွင် ၂ ပတ် တကြိမ် ပြုလုပ်သည့် သတင်းစာရှင်းပွဲ၌ ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

ဦးဇော်ဌေးက “ကျနော်တို့ တပ်မတော်ကို ညွှန်ကြားထားတာက သောင်းကျန်းသူ နှိမ်နင်းရေး စစ်ဆင်ရေးကို ထိရောက်စွာ ဆောင်ရွက်ဖို့ သမ္မတရုံး အနေနဲ့ ညွှန်ကြားထားပြီး ဖြစ်ပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်း နယ်ခြားစောင့်ရဲစခန်း ၄ ခုကို ရက္ခိုင့်တပ်မတော်(AA) ၏ စီးနင်းတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်းအပြင် လက်နက်ငယ်မျိုးစုံ အလက် ၄၀၊ ခဲယမ်းမျိုးစုံ ၁၆၁၁၁ တောင့်၊ လက်ကိုင်စကားပြောစက် ၁ လုံးဆုံးရှုံးခဲ့ကြောင်း အစိုးရက ထုတ်ပြန်ကြေညာသည်။

ယနေ့ ညနေပိုင်းက နိုင်ငံတော်သမ္မတ အိမ်တော်တွင် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ၊ နိုင်ငံတော်၏ အတိုင်ပင်ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် နိုင်ငံတော် အကြီးအကဲများ အစည်းအဝေး ပြုလုပ်ခဲ့ကြောင်းလည်း ဦးဇော်ဌေးက ဆိုသည်။ ယင်းအစည်းအဝေးတွင် မြန်မာနှင့် နိုင်ငံတကာဆက်ဆံရေးအခြေအနေ၊ ပြည်တွင်းလုံခြုံရေးကိစ္စ၊ တပ်မတော်ဘက်မှ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ကြေညာပြီး နောက်ပိုင်းဖြစ်ပေါ်လာသည့် အခြေအနေများ၊ ရခိုင်ပြည်နယ်လုံခြုံကိစ္စများ ဆွေးနွေးခဲ့ကြောင်း ဦးဇော်ဌေးကပြောသည်။

၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ရာမူးမြို့တွင် AAနှင့် ARSA တို့ တွေ့ဆုံပြီး ရခိုင်ပြည်နယ်အတွင်း လှုပ်ရှားမှုနယ်မြေများ ခွဲဝေရေး ဆွေးနွေးခဲ့ကြသည်ဟု ဦးဇော်ဌေးက ပြောသည်။ ARSA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် မြန်မာအစိုးရက ကြေညာထားသည်။

ဦးဇော်ဌေး၏ ပြောဆိုချက်နှင့် ပတ်သတ်၍ AA၏ သတင်းနှင့် ပြန်ကြားတာဝန်ခံ ဦးခိုင်သုခက ARSAနှင့် AA လုံးဝပတ်သတ်ခြင်း မရှိပါဟု ငြင်းဆိုသည်။

ဦးခိုင်သုခက“ဘာအဆက်အစပ်မှလည်း မရှိဘူး။ ဗမာ့တပ်မတော်နဲ့ ဗမာအစိုးရဘက်ကနေ လိုက်ပြီး အတင်းဆက်စပ်နေတာ။ ကျနော်တို့ ရက္ခိုင့်တပ်မတော်ရဲ့ ပုံရိပ်ကို ညှိုးနွမ်းအောင် လုပ်ချင်တဲ့ သဘောပဲ။ ကျနော်တို့ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ပုံဖော်ချင်တဲ့ သဘောနဲ့ နိုင်ငံရေးအရ ညစ်ပတ်တဲ့ အကြံအစည်နဲ့ လုပ်နေတာ”ဟု တုန့်ပြန်သည်။

မူးယစ်ဆေးဝါးနဲ့ ပတ်သတ်သည့် ဘုံသဘောတူအကျိုးစီးပွားများ ရှိခြင်းကြောင့် ARSA နှင့် AA ပူးပေါင်းနေသည်ဟူသည့် ပြောဆိုချက်ကိုလည်း ဦးခိုင်သုခက AAအနေဖြင့် မူးယစ်ဆေးသာမက တရားမဝင်သည့် စီးပွားရေးမျိုးကို တခုမှ လုပ်ထားခြင်း မရှိပါဟု ငြင်းဆိုသည် ။

၎င်းက “ရခိုင်ပြည်နယ်ထဲမှာ မူးယစ်ဆေးဝါးလမ်းကြောင်းကို တကယ်ထိန်းချုပ်ထားတာ ဗမာ့တပ်မတော်ပဲ”ဟု ပြောသည်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း ဇန်နဝါရီလ ၄ ရက် တိုက်ခိုက်မှုအပြီးတွင် တပ်မတော်က လက်နက်နှင့် အင်အားများ တိုးချဲ့နေသဖြင့် AA နှင့် တပ်မတော်ကြား တိုက်ပွဲများ ပြင်းထန်လာနိုင်သည့် အခြေအနေများ ရှိနေသည်ဟုလည်း ဦးခိုင်သုခက ပြောသည်။

ဦးဇော်ဌေးကမူ “အဓိကက ကိုယ့်ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့၊ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ရခိုင်တိုင်းရင်းသားတွေကို ကိုယ်စားပြုပြီး ပါဝင်ဖို့၊ တကယ့် ဖက်ဒရယ်စနစ်ကို သွားတဲ့အချိန်မှာ ရခိုင်ရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ရရှိဖို့၊ ပုံမှန်လမ်းကြောင်းက လုပ်သင့်တယ်။ သို့မဟုတ်ရင် ရခိုင်ပြည်နယ် နောင်လာမယ့် ဆယ်စုနှစ်များစွာအတွင်းမှာ စစ်ပွဲ သံသရာလည်သွားတာ မြင်ချင်လား။ ကျနော်တို့ မေးချင်တယ်” ဟု ဆိုသည်။

ဘင်္ဂလားဒေ့ရ်ှ ဘက်ခြမ်းမှာ AA စခန်း ၂ ခု ရှိပြီး ARSA စခန်း ၃ ခု ရှိကြောင်း၊ ဘင်္ဂလားဒေ့ရ်ှ စစ်သံရုံးဘက်ကို တပ်မတော်ဘက်မှ ကန့်ကွက်ထားကြောင်း ဦးဇော်ဌေးက ဆိုသည်။

ရခိုင်ပြည်နယ် ဆိုသည်မှာ မဟာဗျူဟာကစားပွဲ ကဲ့သို့ နေရာတခု ဖြစ်နေသဖြင့် နိုင်ငံကြီးများ၏ စိတ်ဝင်စားမှုများကို အများဆုံး ရှိနေကြောင်း၊ ယင်းကဲ့သို့ လှည့်ကွက်များထဲတွင် ရခိုင်တိုင်းရင်းသားများ မသိနားမလည်စွာနှင့် ပါသွားမည်ကို စိုးရိမ်ကြောင်း ဦးဇော်ဌေးက ဆက်ပြောသည်။

၎င်းက “ အဲ့ဒီ အပေါ်မှာ သေချာသုံးသပ် အထူးသဖြင့် လွှတ်တော်ထဲမှာရှိနေတဲ့ ရခိုင်တိုင်းရင်းသားကိုယ်စားလှယ်တွေ ဦးဆောင်ဖို့ လိုတယ်။ ရခိုင်ပြည်နယ်မှာ ရှိနေတဲ့ ရပ်မိရပ်ဖတွေ သူတို့တွေက သေချာ စဉ်းစား ပြီး ပြည်သူကို ပြောဖို့ လိုတယ်။ ရခိုင်ပြည်နယ်မှာ လှုပ်ရှားနေတဲ့ လူငယ်၊ CSO တွေ စဉ်းစားဖို့ လိုတယ်” ဟု ပြောသည်။

ရသေ့တောင် မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေ က လောလောဆယ် ထိခိုက်ခံနေရသည်မှာ ရခိုင်တိုင်းရင်းသားများ ဖြစ်နေကြောင်း၊ စစ်ဘေးရှောင်ပြည်သူများ အနေဖြင့် ရာသီဥတု အအေး ဒဏ်ကို အန်တု၍ စစ်ဘေးရှောင်နေရကြောင်း၊ ကျန်းမာရေးအရလည်း ထိခိုက်လာနိုင်ကြောင်း၊ အားလုံးမှာ အဆင်ပြေပြေ နေရခြင်းမျိုး မဟုတ်ဘဲ သစ်ပင်အောက်မှာ တဲဆောက်၍ နေရကြောင်း၊ လက်နက်သံများ ကြားပါက ရွေ့ပြောင်းနေရကြောင်း ဒေါ်ခင်စောဝေက ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading