မန္တလေးတိုင်း ဒေသကြီးတွင် ၂၀၁၈ ခုနှစ်အတွင်း မီးလောင်မှုကြောင့် ကျပ်သိန်း ၄၃၀၀ကျော် ဆုံးရှုံးခဲ့ပြီး သေဆုံးသူ ၈ဦး ရှိခဲ့ကြောင်း တိုင်း မီးသတ် ဦးစီးဌာန၏ မီးလောင်မှု မှတ်တမ်းများ အရ သိရ သည်။
၂၀၁၈ ခုနှစ် အတွင်း မီးလောင် ဆုံးရှုံးမှု တန်ဖိုးသည် ၂၀၁၇ ခုနှစ် ထက် ကျပ်သိန်း ၁ ထောင်ကျော် ပို၍ များပြားခဲ့သည် ဟု ဆိုသည်။
တိုင်း မီးသတ် ဦးစီးမှူး ဦးသန်းဇော်ဦး က “အရင်နှစ်ကနဲ့ ယှဉ်ရင် မီးလောင်မှု အကြိမ်ရေလည်း ပိုများတယ်။ ဆုံးရှုံးမှု တန်ဖိုးလည်း ပိုများတယ်။ မီးလောင်မှုတွေကို ကြည့်မယ် ဆိုရင် ပေါ့ဆမီးနဲ့ လျှပ်စစ် ရှော့ကြောင့် ဖြစ်ရတာတွေက ပိုများ ပါတယ်။ ကျနော်တို့ မီးသတ်တပ်ဖွဲ့ကတော့ မီးဘေး ကြိုတင် ကာကွယ်ရေး လုပ်ငန်းတွေ ရပ်ကွက် အဆင့်ထိ အသိပညာ ပေးတာတွေ လုပ်ဆောင်နေတယ်။ အဓိက တကယ် လိုက်နာမှာကတော့ ပြည်သူတွေပါပဲ”ဟု ပြောသည်။
၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက် အထိ မန္တလေးတိုင်း၌ စုစုပေါင်း မီးလောင်ကျွမ်းမှု ၂၁၅ ကြိမ် အထိ ဖြစ်ပွားခဲ့ပြီး မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ ၂၅၈ အိမ်ဆုံးရှုံးခဲ့ကာ သေဆုံးသူ ၈ ဦး ၊ ဒဏ်ရာ ရရှိသူ ၁၆ ဦး၊ ဒုက္ခသည် ၃၄၂ ဦး၊ ဆုံးရှုံးမှု တန်ဖိုး ကျပ်သိန်း ၄၃၀၀ ကျော် ရှိခဲ့ကြောင်း မီးသတ် ဦးစီးဌာန၏ မှတ်တမ်းများ အရ သိရသည်။
၂၀၁၇ ခုနှစ်က မန္တလေးတိုင်း ဒေသကြီး အတွင်း မီးလောင်ကျွမ်းမှု ၂၀၂ ကြိမ် ဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် အိမ်ခြေ ၂၅၀ မီးလောင် ဆုံးရှုံးခဲ့ကာ သေဆုံးသူ ၆ ဦး ၊ ဒဏ်ရာ ရရှိသူ ၁၃ ဦး၊ ဒုက္ခသည် ၅၇၆ ဦး ရှိခဲ့သလို ဆုံးရှုံးမှု တန်ဖိုး ကျပ်သိန်း ၂၉၃၀ ကျော် ရှိခဲ့ကြောင်း မန္တလေးတိုင်း မီးသတ် ဦးစီးဌာန၏ မှတ်တမ်းများ အရ သိရသည်။
မန္တလေး ခရိုင် အရန် မီးသတ်ကြီးကြပ်မှု ကော်မတီမှ ဦးဝင်းစိန်က“မီးသတ် တပ်ဖွဲ့အနေနဲ့ အရေးပေါ် အခြေအနေတွေမှာ မီးငြှိမ်းသတ်ရေး အပြင် ကယ်ဆယ်ရေး လုပ်ငန်းတွေလည်း လုပ်ပေးနေရပါတယ်။ ကယ်ဆယ်ရေး လုပ်ငန်းတွေ အတွက် တပ်ဖွဲ့ဝင်တွေကို လေ့ကျင့်ပေးထားတာတွေ ရှိပေမယ့် ခေတ်မီ ပစ္စည်းတွေလည်း လိုအပ်ချက် ရှိနေသေးတယ် ”ဟု ပြော သည်။
၂၀၁၈ ခုနှစ် အတွင်း မီးလောင်မှု ဖြစ်စဉ်များကြောင့် မန္တလေး ခရိုင်တွင် ၃ ဦး၊ ပြင်ဦးလွင် ခရိုင်တွင်၂ ဦး၊ မိတ္ထီလာ ခရိုင် တွင် ၃ ဦး စုစုပေါင်း ၈ ဦး သေဆုံးခဲ့ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားရခြင်းမှာ မီးဖိုမီး၊ ပေါ့ဆမီး၊ လျှပ်စစ်မီး၊ မသမာ သူရှို့မီး၊ တောမီး၊ အလိုအလျောက် မီးလောင်ကျွမ်းခြင်း တို့ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ လျှပ်စစ်မီးကြောင့် လောင်ကျွမ်းရသည့် မီးလောင်မှု အများဆုံးဟု သိရသည်။
၂၀၁၈ ခုနှစ် အတွင်း လအလိုက် မီးလောင်မှု စာရင်းများ အရ ဇန်နဝါရီ ၁၅ ကြိမ်၊ ဖေဖော်ဝါရီ ၂၃ ကြိမ်၊ မတ် ၂၂ ကြိမ်၊ ဧပြီ ၂၈ ကြိမ်၊ မေ ၃၀ ကြိမ်၊ ဇွန် ၁၃ ကြိမ်၊ ဇူလိုင် ၁၃ ကြိမ်၊ သြဂုတ် ၄ ကြိမ်၊ စက်တင်ဘာ ၁၆ ကြိမ်၊ အောက်တိုဘာ ၁၂ ကြိမ်၊ နိုဝင်ဘာ ၂၁ ကြိမ်၊ ဒီဇင်ဘာ ၁၈ ကြိမ် ဖြစ်ပွားခဲ့သည်။
“လအလိုက် မီးလောင်မှု ဖြစ်စဉ်တွေကို သုံးသပ်ကြည့်ပါက ပွင့်လင်း ရာသီအစပိုင်းမှာ ပိုများတယ်၊။မတ်၊ ဧပြီတွေမှာ ပိုများ တာပေါ့။ တလကို မီးလောင်မှုက အနည်းဆုံး ၁၀ ကြိမ် အထက်မှာ ရှိတယ်။ မေလမှာ အကြိမ် ၃၀ အထိ အများဆုံး ဖြစ်ပွားခဲ့တယ်” ဟု ဦးသန်းဇော်ဦးက ဆက်လက် ပြောသည်။
မန္တလေးတိုင်း ဒေသကြီး၏ ခရိုင် ၇ ခုတွင် ၂၀၁၈ ခုနှစ် အတွင်း မန္တလေး ခရိုင် အတွင်း မီးလောင်မှုအကြိမ်ရေ ၈၅ ကြိမ်ဖြစ် ပွားခဲ့ ပြီး အများဆုံး ဖြစ်ပွားသည့် ခရိုင်ဖြစ်ကြောင်း၊ ထို့အပြင် ပြင်ဦးလွင် ခရိုင်တွင် ၂၈ကြိမ်၊ ကျောက်ဆည် ခရိုင်တွင် ၁၈ ကြိမ်၊ မြင်းခြံခရိုင်တွင် ၂၃ ကြိမ်၊ မိတ္ထိလာ ခရိုင်တွင် ၂၉ ကြိမ်၊ ညောင်ဦး ခရိုင်တွင် ၁၇ ကြိမ်၊ ရမည်းသင်း ခရိုင်တွင် ၁၅ ကြိမ် ဖြစ်ပွားခဲ့သည် ဟု သိရသည်။
အဆိုပါ မီးလောင်မှု ဖြစ်စဉ်များတွင် မီးဖိုမီးကြောင့် ၃၈ ကြိမ်၊ ပေါ့ဆမီး ၆၉ ကြိမ်၊ အလိုအလျောက်မီး ၃ ကြိမ်၊ လျှပ်စစ်မီး ၇၄ ကြိမ်၊ မသမာသူ ရှို့မီး ၂၈ ကြိမ်၊ တောမီး ၃ ကြိမ် ရှိခဲ့သည်ဟု ဆိုသည်။
ဖြူစင်မေတ္တာ လူမှု ကူညီရေး အသင်းမှ ဆရာတော် ဦးသောဘိတက “နိုင်ငံတကာ မီးသတ်တပ်ဖွဲ့တွေကို လေ့လာပြီး လို အပ်ချက်တွေ ဖြည့်ဆည်းခြင်းကို ကြိုတင် လုပ်ဆောင်နိုင်ရင် အကောင်းဆုံးပေါ့။ နောက်ပြီး မီးလောင်မှု ဖြစ်လာပြီဆိုရင် လူ အင်အားထက် မီးသတ်ကားတွေ များများနဲ့ မြန်မြန်ရောက်ဖို့ လိုအပ်တယ်။ အခုဆိုရင် နိုင်ငံတဝန်းလုံးမှာ ပရဟိတ အဖွဲ့ တွေ အများကြီးပါ။ ကူညီလုပ်ပေးမယ့် လူအရင်းအမြစ်တွေ ရှိတယ်။ ကယ်ဆယ်ရေးတွေ ပြုလုပ်နိုင်ဖို့ဆိုရင် ခေတ်မီ ကယ် ဆယ်ရေး ပစ္စည်းတွေ ရှိဖို့ လိုတယ်’’ ဟု မိန့်ကြားသည်။
ယခုအခါ မန္တလေးတိုင်း ဒေသကြီး အတွင်း၌ ခရိုင် မီးသတ် စခန်း ၇ ခု၊ မြို့နယ် မီးသတ် စခန်း ၂၈ စခန်း၊ နယ်မြေ မီးသတ် စခန်း ၆၄ စခန်း ရှိပြီး သန္ဓေ တပ်ဖွဲ့ဝင် ၁၀၂၇ ဦး၊ အရန် မီးသတ် တပ်ဖွဲ့ဝင် ၃၅၈၄၆ ဦး၊ သီးသန့် မီးသတ် တပ်ဖွဲ့ဝင် ၂၂၆၆ ဦး ဖြင့် မီးဘေး လုံခြုံရေးနှင့် ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။