ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တပ်သားများက ဒေသခံ အရပ်သားများအပေါ် ခြိမ်းခြောက်မှုများပြု လုပ်ခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပန်မြို့နယ်ရှိ ကျေးရွာများမှ ပအို့ဝ် ဒုက္ခသည် ၅၀၀ နီးပါးက သံလွင်မြစ် အရှေ့ဘက်ရှိ ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ရာ ဒေသအတွင်းတွင် ခိုလှုံနေရသည်။
ဘေးကင်းလုံခြုံရေးအတွက် သူတို့၏ နေအိမ်များကို စွန့်ခွာခဲ့ကြသည့် ကျေးရွာသူ ကျေးရွာသားများအတွက် ၁၁၁ ကီလိုမီတာ(၆၉ မိုင်) ခန့်ဝေးသည့် မိုင်းပန်မြို့ဘက်ထက် မြစ်တဘက်ကမ်း UWSA ထိန်းချုပ်သည့် နယ်မြေက အနီးဆုံးလုံခြုံရာနေရာ ဖြစ်သည်ဟု ပအို့ဝ်အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ၏ သတင်းနှင့်ပြန်ကြားရေးအဖွဲ့ဝင်တဦး ဖြစ်သည့် နန်းယဉ်ယဉ်စိုး၏ အဆိုအရ သိရသည်။
RCSS က ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ပြီး နောက်ပိုင်းတွင် မိုင်းပန်မြို့ နယ် နားမွန်ကျေးရွာအုပ်စုမှ ရွာ ၃ ရွာဖြစ်သည့် နောင်ချို၊ မိုက်ပုတ်နှင့် ပန်ပိ တို့မှ ပအို့ဝ် ကျေးလက်ပြည်သူ အနည်းဆုံး ၃၀၀ နီးပါး သံလွင်မြစ် အရှေ့ဘက်ခြမ်းသို့ ထွက်ပြေးကြရသည့်အတွက် RCSS ၏ လုပ်ဆောင်မှုများကို ကန့်ကွက်ကြောင်း PNLO က ဇန်နဝါရီလ ၄ ရက်နေ့က ထုတ်ပြန်ထားသည်။
“ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ RCSS တပ်ဖွဲ့တွေက ရွာသားတွေကို ပန်မီကျေးရွာဘုန်းကြီးကျောင်းကို ဆင့်ခေါ်တယ်။ တကယ်လို့ တယောက်ယောက်က PNLO သို့မဟုတ် တပ်မတော်ကို ကူညီခဲ့ရင် သူတို့ရွာကို မီးရှို့ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်” ဟု နန်းရင်ရင်စိုးက ပြောသည်။ ဒေသခံများမှာ ထိုကဲ့သို့သော ခြိမ်းခြောက်မှုမျိုးကို တွေ့ ကြုံနေရသည်မှာ ကာလ ကြာမြင့်ခဲ့ပြီ ဖြစ်သည်ဟုလည်းဆိုသည်။
အဆိုပါ ကျေးရွာများထဲမှ တခုဖြစ်သည့် ပန်ပိကျေးရွာတွင် နိုဝင်ဘာလအတွင်းက ဘုန်းတော်ကြီးကျောင်း တကျောင်း မီးလောင်ကျွမ်ခဲ့ပြီး ကိုရင် ၂ ပါး ပျံလွန်ခဲ့သည်။ ထိုဖြစ်ရပ်အပြီးတွင်လည်း RCSS က ဒေသခံများကို အလားတူ ခြိမ်းခြောက်မှု များ ပြုလုပ်ခဲ့သည်ဟုလည်း ဆိုသည်။
UWSA ထိန်းချုပ်သည့် ဒေသကို အမှတ် ၁၇၁ စစ်ဒေသ အဖြစ်သိကြသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ နောက်ဆုံး အပတ်မှ စတင်၍ ထွက်ပြေးလာသည့် ပအို့ဝ် ပြည်သူများကို ၎င်းတို့ ကူညီစောင့်ရှောက်ပေးနေခဲ့ကြောင်း UWSA ကပြောသည်။
UWSA ၏ လားရှိုးမြို့ ဆက်ဆံရေးရုံး အရာရှိ ဦးညီရန်းက ပြီးခဲ့သည့် ရက်ပိုင်းတွင်းတွင် ပဋိပက္ခဖြစ်ပွားနေသည့် မိုင်းပန်မြို့နယ် ကျေးရွာများမှ ကျေးရွာသူ ရွာသား အများအပြား ဝဒေသတို့ ဆက်တိုက်ရောက်ရှိလာနေခဲ့သည်ဟု ပြောသည်။ ၎င်းတို့ အဖွဲ့က ယခုအချိန်အထိ ရောက်ရှိပြီးဖြစ်သည့် ကလေးများ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများ အပါအဝင် မိသားစု ၅၀၀ ခန့် အတွက် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပေးနေသည်ဟု သူက ပြော သည်။
“သူတို့ အတွက် ကျနော်တို့က စားစရာနဲ့ နေစရာ ပံ့ပိုးပေးပါတယ်။ ကျနော်တို့ တပ်သားတွေနဲ့ ခိုက်လုံ မြို့ နယ် ပင်းစားရွာသားတွေက သူတို့တွေအတွက် ယာယီ အမိုးအကာတွေ ဝိုင်းဝန်းတည်ဆောက်ပီး ကူညီပေးနေကြတယ်။” ဟု ဦးညီရန်းကပြောသည်။
စစ်ရေး ပဋိပက္ခကို ဖြေရှင်းနိုင်ရေး ညှိနှိုင်းဆွေးနွေးရန်အတွက် နည်းလမ်းရှာဖွေရန် UWSA က RCSS နှင့် PNLO တို့ကို တိုက်တွန်းထားသည်ဟု သူက ဆိုသည်။
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် (NCA) လက်မှတ်ရေးထိုးထားသည့် အဖွဲ့ ၂ ခု ဖြစ်သည့် RCSS နှင့် PNLO တို့ကြားမှ လက်နက်ကိုင် ပဋိပက္ခက ပြီးခဲ့သည့် နှစ် နိုဝင်ဘာလအတွင်းတွင် စတင်ခဲ့ပြီး RCSS တပ်သားများ၏ ပစ်ခတ်မှုကြောင့် ပအို့ဝ် ကျေးရွာသား အများအပြား သေဆုံးခဲ့ရသည့် ဒီဇင်ဘာလနောက်ပိုင်း စစ်ရေးတင်းမာမှုအရှိန် မြင့်တက်လာခဲ့သည်။