ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ် အတွင်း ရှမ်း လက်နက်ကိုင် ၂ ဖွဲ့ တိုက်ပွဲကြောင့် လူဦးရေ ၁၀၀၀ ကျော် တိုက်ပွဲ ရှောင်နေကြရပြီး ယနေ့ချိန်ထိ နေရပ် မပြန်နိုင်သေးကြောင်း သိရသည်။
ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS/SSA)နှင့် ရှမ်းပြည် တိုးတက်ရေး ပါတီ(SSPP/SSA)တို့ကြား သီပေါ မြို့နယ် နားမခေါ် ကျေးရွာ အနီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်း တို့က တိုက်ပွဲ ဖြစ်ပွား ခဲ့ကြရာ အနီးအနားရှိ ကျေးရွာများမှ ဒေသခံ ၁၃၉၁ ဦး တိုက်ပွဲ ရှောင်နေကြရသည်။
အဆိုပါ တိုက်ပွဲရှောင်များသည် ယနေ့အချိန်အထိ နေရပ် မပြန်နိုင်သေးကြကြောင်း တိုက်ပွဲရှောင်များကို ကူညီပေးနေသည့် သီပေါရှိ နယ်စည်းမခြား ပရဟိတ အဖွဲ့မှ ကိုမျိုးက ပြောသည်။
“အခု လောလောဆယ်တော့ သူတို့ တချို့တဝက် နည်းနည်းပါးပါးလေးတော့ ပြန်ကုန်ကြတယ်။ အခု လက်ရှိ ကျန်တာက ၁၃၉၁ ဦးပေါ့။ သူတို့ကတော့ နေရပ် မပြန်နိုင်သေးတာကတော့ အရင်ဖြစ်တဲ့ အဖွဲ့တွေက အခုထိ ရွာနားတွေမှာ ရှိနေလို့ ပြောတယ်။ ဒါကြောင့် မပြန်ရဲသေးတာပေါ့”ဟု ၎င်းက ဆိုသည်။
လက်ရှိ သီပေါမြို့နယ် အတွင်း ရှိနေသော တိုက်ပွဲရှောင် ၁၃၉၁ ဦးသည် တုန်ကျိုင်း ကျေးရွာ၊ ဟိုနား၊ မန်ဟုန်၊ တာလုံ၊ ကျစ်ခုံ၊ ပန်ဟိုက်၊ နားမခေါ် စသည့် ကျေးရွာတို့မှ ဖြစ်ကြောင်း သိရသည်။
နမ့်လန်ရှိ မဇ္ဈိမ အလယ်တိုက်ဘုန်းကြီး ကျောင်းတွင် ၇၈ ဦး၊ ပန်ဆယ် ဘုန်းကြီးကျောင်းတွင် ၈၅ ဦး၊ သီပေါ ဘိုးတော် ကျောင်းတွင် ၁၈၇ ဦး၊ နားမခေါ် ဘုန်းကြီးကျောင်းတွင် ၅၆၇ ဦး၊ နမ့်ယား ကောင်းဟုန်း ဘုန်းကြီးကျောင်းတွင် ၂၂၁ ဦး၊ ပန်ယုဘုန်းကြီး ကျောင်းတွင် ၄၀၊ တုံခါ ကျေးရွာတွင် ၆၆ ဦး၊ မြန်မာရပ် ရွှေစေတီ ဘုန်းကြီးကျောင်းတွင် ၃၅ ဦး ဟု ကိုမျိုးက ပြောပြသည်။
လက်ရှိ သီပေါမြို့နယ် အတွင်း RCSS နှင့် SSPP ကြား တိုက်ပွဲ ဖြစ်ပွားမှု မရှိတော့ သော်လည်း ဒေသခံ တိုက်ပွဲရှောင်များ သည် ထို ၂ ဖွဲ့ ရွာအနီး တပ်စခန်း ချ၍ လှုပ်ရှားနေသည့် အတွက် မပြန်ရဲဘဲ ဖြစ်နေကြောင်း သီပေါ အမှတ်(၂) မဲဆန္ဒ နယ် မှ ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းခမ်းအောင် က ပြောသည်။
“အခု လောလောဆယ်ကတော့ ရွာသားတွေက သူတို့က သိပ်မပြန်ရဲသေးဘူး။ အဲဒီလို ဖြစ်နေတယ်။ စစ်ရေး လှုပ်ရှားမှု တွေ က နည်းနည်းရှိနေသေးလို့ ရွာသားတွေက ကြောက်နေကြတာ။ တိုက်ပွဲကတော့ မရှိတော့ပါဘူး”ဟု ၎င်းက ပြော သည်။
ထို တိုက်ပွဲရှောင် ၁၀၀၀ ကျော် စားဝတ် နေရေးအတွက် ဒေသခံ ပြည်သူ လူထုနှင့် သီပေါမြို့ ပတ်ဝန်းကျင်ရှိ အဖွဲ့ အစည်း များက လာရောက် လှူဒါန်းမှုဖြင့် ထောက်ပံ့ပေးထားကြောင်း၊ ရေရှည် ဆိုလျှင် အခက်အခဲများ ရှိလာနိုင်ကြောင်း သိရ သည်။
ဦးစိုင်းခမ်းအောင်က“ဒေသခံ ပြည်သူလူထုတွေက ဝိုင်းဝန်းပြီးတော့ ကူညီ ထောက်ပံ့ပေးတာပေါ့။ နောက်တခု ဘေးပတ် ဝန်းကျင်က အဖွဲ့အစည်းတွေက လာကူညီ
ပါတယ်။ သူတို့ရဲ့ စားရေး သောက်ရေးပေါ့။ အဲဒါတော့ နည်းနည်း အခက်အခဲ ရှိ ပါတယ်။ အဝတ်အထည်ကတော့ သိပ်မရှိပါဘူး။ တချို့လည်း ဒီတိုင်းထွက်လာတော့ မပါလာကြဘူး၊ အိပ်ယာတွေလည်း မပါလာဘူးပေါ့”ဟုလည်း ပြောပြသည်။
ထို့ပြင် ဆောင်းရာသီ ဖြစ်သည့် အတွက် အနွေးထည်များနှင့် စောင်များလည် လိုအပ်နေကြောင်း ၎င်းက ပြောဆိုသည်။