ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းကြောင့် ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ် အချို့တွင် မနက်ဖြန်အထိ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန (မိုး/ဇလ) မှ ထုတ်ပြန်ထားသည်။
အဆိုပါလေဖိအားနည်း ရပ်ဝန်းကြောင့် ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် ဒေသအလိုက် မိုးကြီးနိုင်ပြီး နေပြည်တော်၊ မန္တလေးတိုင်း၊ ကယားပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။
မိုး/ဇလ မှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက “လေဖိအားနည်းရပ်ဝန်းကနေ ပြန့်ထွက်လာတဲ့ တိမ်တိုက်တွေက တနိုင်ငံလုံးမှာ ဖုံးနေတဲ့အတွက်ကြောင့် မို့ ဒီနေ့တစ်ရက်ရယ် မနက်ဖြန် တစ်ရက် ရယ်မိုးရွာမယ်ပေါ့။ ၁၀ ရက်နေ့ကတော့ နည်းနည်းလျော့သွားမယ်” ဟု ပြောသည်။
ဆက်လက်ပြီး ဦးကျော်မိုးဦးက “ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနဲ့ အရှေ့အလယ်ပိုင်းမှာ ဖြစ်နေတဲ့ လေဖိအား နည်းရပ်ဝန်းဟာ လက်ရှိမှာတော့ မြစ်ဝကျွန်းပေါ်နဲ့ ရခိုင်ကမ်းရိုးတန်းမှာ တည်ရှိနေတယ်။ လက်ရှိမှာတော့ ဧရာဝတီတိုင်း ဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့ဟာ လေဖိအားနည်းရပ်ဝန်း အဝန်းဝိုင်းထဲမှာ ရောက်နေတဲ့ အတွက်ကြောင့်မို့လို့ လေဖိအား နည်းရပ်ဝန်းရဲ့ သက်ရောက်မှုကို ခံစားရနိုင်တယ်” ဟု ဆိုသည်။
ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် အရှေ့တောင်ပိုင်းတွင် ဇန်နဝါရီလ ၇ ရက်နေ့က ဖြစ်ပေါ်ခဲ့သော မုန်တိုင်း ငယ် (Depression)သည် ယနေ့မနက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း အဖြစ် အားလျော့ခဲ့ခြင်း ဖြစ်သည်။
ယင်းလေဖိအားနည်းရပ်ဝန်းသည် ရခိုင်ပြည်နယ် တောင်ပိုင်းနှင့် ဧရာဝတီတိုင်း မြောက်ပိုင်း ကမ်းခြေ ကို ဖြတ်သန်းရင်း ဆက်လက် အားလျော့သွားမည်ဟု မိုး/ဇလ ပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။
လာမည့် ၃၆ နာရီအတွင်းတွင် မြန်မာတနိုင်ငံလုံးနီးပါး မိုးရွာသွန်းနိုင်ကြာင်း ကိုလည်း ထုတ်ပြန်ထားသည်။
ယနေ့မနက်ပိုင်းတွင် မွန်ပြည်နယ်၊ ရေးမြို့နယ် ကုလားကုတ်ကျေးရွာအုပ်စု၊ အောက်ဆိပ်ကျေးရွာ၌ လေပြင်း တိုက်ခတ်မှုကြောင့် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် လူနေအိမ်များ ထိခိုပျက်စီးခဲ့ သည်။