ရက္ခိုင့် တပ်မတော်(AA)နှင့် ARSA အကြမ်းဖက် အဖွဲ့တို့ ပူးပေါင်းနေသည် ဆိုသော သမ္မတရုံး၏ ထုတ်ပြန် ပြောဆို ချက်သည် သက်သေ အထောက်အထား မရှိဘဲ စွပ်စွဲခြင်းသာ ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသား ခေါင်းဆောင်များက ဧရာဝတီသို့ ပြောဆိုကြသည်။
ဇန်နဝါရီ ၇ ရက်က နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် AA နှင့် ရခိုင်-ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA) တို့သည် ပူးပေါင်းပြီး ရခိုင်ပြည်နယ်တွင် နယ်မြေ ခွဲခြား၍ အစိုးရကို တိုက်ခိုက် မှုများ ပြုလုပ်ခဲ့သည်ဟု သမ္မတရုံး ညွှန်ကြား ရေးမှူးချုပ် ဦးဇော်ဌေး၏ ပြောဆိုချက်သည် ရခိုင် လူ့အဖွဲ့အစည်း အ တွင်း အလွန် ဂယက်ရိုက်လျက် ရှိကြောင်း သိရသည်။
ရခိုင် ပြည်နယ်တွင် ARSA အကြမ်းဖက် တိုက်ခိုက်မှု အန္တရာယ် အတွက် လုံခြုံရေးယူထားသည့် ရဲကင်းစခန်း ၄ ခုကို လွတ်လပ်ရေးနေ့၌ အလစ် အငိုက်တွင် AA က အကြမ်းဖက် ဝင်ရောက် တိုက်ခိုက်ခြင်းသည် “နောက်ကျောကို ဇက်ပိုး သိပ်သည့်” ပုံစံဟု သုံးနှုန်းခဲ့ပြီး ယင်း၂ ဖွဲ့ သည် ဟန်ချက်ညီအောင် သို့မဟုတ် ပူးပေါင်း၍ တိုက်သည့် ပုံစံမျိုးဟု အစိုး ရ ၏ ပြောခွင့်ရသူ ဦးဇော်ဌေးက ပြောကြားခဲ့သည်။
“၂၀၁၈ ခုနှစ် ဇူလိုင် ၂၃ ရက် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ရာဘူးမှာ လုပ်တဲ့ AA နဲ့ ARSA ညှိနှိုင်း အစည်းအဝေးမှာ လုပ်တဲ့ ဆုံးဖြတ်ချက်ကနေ ဖြစ်လာတဲ့ အကျိုးဆက်တွေလို့ ကျနော်တို့က မြင်တယ်။ အဲဒီတော့ AA ကိုလည်း ကျနော်တို့က မေးချင်တယ်။ ဘာအတွက် ဒီလိုမျိုး လုပ်ရတာလဲ။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လာချင်ရင် ကျနော်တို့ ငြိမ်းချမ်းရေး ကော် မရှင်က ခေါ်ထားပြီးသား ဖြစ်တယ်”ဟု ဦးဇော်ဌေးက ဆိုသည်။
ထို့ပြင် AA ကို ထောက်ခံခဲ့သည့် ရခိုင် တိုင်းရင်းသားများ အနေဖြင့်လည်း ရခိုင် အနာဂတ်ကို မည်သည့် ပုံစံ မြင်ချင် သလဲ မြင်ချင်သည့် ပုံစံအတိုင်း ဖြစ်လာမည့် အကျိုးဆက်ကို စဉ်းစားရန်နှင့် အကျိုးဆက်ကို တွက်ချက်ပြီးမှ ထောက်ခံ ကြရန်လည်း ၎င်းက သတိပေးခဲ့သည်။
ယခု ကိစ္စကို ရခိုင်တွင် ရဲစခန်း ၄ ခု အကြမ်းဖက် တိုက်ခိုက် မခံရခင် ကတည်းက ထုတ်ဖော် ပြောဆိုသင့်ပြီး ယခု အချိန် ရောက်မှ ထုတ်ဖော်ခြင်းကြောင့် ရခိုင်လူထုက မယုံကြည်ကြောင်းနှင့် ဦးဇော်ဌေး၏ ရခိုင်လူမျိုးများ အပေါ် သဘော ထားသည်လည်း ငြိမ်းချမ်းရေး မဆန်ကြောင်း ရခိုင်လူမျိုးများက ပြောဆိုကြသည်။
ရခိုင်ပြည်နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က AA နှင့် ARSA ပူးပေါင်းနေသည် ဆိုသည့် ပြောဆိုချက်ကို ရခိုင်များက လုံးဝ မယုံကြောင်း၊ ထို့ပြင် ယခုလ ၇ ရက်က နေပြည်တော် သမ္မတ အိမ်တော်တွင် ပြု လုပ် ခဲ့သည့် အစိုးရ၊ တပ်မတော် ခေါင်းဆောင်များ၏ အစည်းအဝေးတွင် ရခိုင်များကို သတိပေးလိုသည့် ဆုံးဖြတ်ချက် မျိုး ဆုံးဖြတ်မည်ဟု မထင်ကြောင်း ဧရာဝတီသို့ ပြောသည်။
အမှန်တကယ်တွင် ပြောရေး ဆိုခွင့်ရှိသူ ဆိုသည်မှာ အဖွဲ့အစည်း၏ မူဘောင်ထဲမှ စကားများကိုသာ ပြောရမည် ဖြစ် သော်လည်း ယခုအခါ အလွတ်သဘော၊ ပြောဆိုသွားခြင်းသာ ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ရခိုင် အမျိုးသား ပါတီဝင်လည်း ဖြစ်သူ ဦးခင်မောင်လတ်က“အစည်းအဝေးက အစိုးရအဖွဲ့ရဲ့ အာဘော်ကို ပြောတာ ထက် သူပြောချင်တာကို လျှောက်ပြောတာက ပိုများနေတယ်။ ကြည့်ရင် သိပါတယ်။ တော်တော်များများက အဲဒီ သဘောတွေ ပါနေတယ်။ အခုက သူ့ဆန္ဒစွဲနဲ့ ပြောတာ များတယ်။ သူ့မှာ ပြောခွင့်မရှိသလို အဲဒီလိုပြောတာ တရား လည်း မဝင်ဘူး။ ခြိမ်းခြောက်တယ်လို့လည်း ယူဆကြတာပဲလေ။ ငြိမ်းချမ်းရေး မဆန်ဘူး။ အင်အားသုံးမယ့် သဘော လေ”ဟု ပြောသည်။
ARSA နှင့် ပေါင်းမည် ဆိုပါက AA ကို ရခိုင်လူထုက လုံးဝ လက်ခံမည် မဟုတ်ကြောင်း၊ AA ကိုယ်တိုင်လည်း ARSA နှင့် ပေါင်းမည်ဟု မပြောသည့် အပြင် မပူးပေါင်းဟု ကြေညာချက် ထုတ်ပြန်ထား၍ ARSA နှင့် ပေါင်းသည် ဆိုသော အချက်ကို ရခိုင်ပြည်သူများက မယုံကြောင်း မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြော ဆိုသည်။
“အဲဒီတော့ ဒါကို မှားတယ် မှန်တယ် ဆိုတာထက် ကျနော်တို့ ပြောတာကတော့ အရင်ကတည်းက လက်ဦးမှု ယူပြီး ပြောသင့်တယ်။ အခုလို ဖြစ်လာမှ ပြောတာကတော့ မဖြစ်သင့်ဘူး။ အဲဒီလို ဖြစ်လာရင်လည်း AA ကို ရခိုင်ပြည်သူ တွေက လက်ခံမှာ မဟုတ်ဘူး။ အခု ARSA နဲ့ AA နဲ့ ပေါင်းတယ် ဆိုတာ ကျနော်တို့ဘက်က ယုံကြည်မှု မရှိပါဘူး”ဟု ၎င်းက ဆိုသည်။
ရခိုင်လူထုသည် ARSA ကို မုန်းတီးလျက်ရှိပြီး ယင်း အဖွဲ့အစည်းနှင့် AA က လက်တွဲပြီး တိုက်မည် ဆိုသည်မှာ သဘာဝ မကျကြောင်း ဦးဖေသန်းက သုံးသပ်ပြောဆိုသည်။
ရခိုင်လူငယ် ၂၀ ကျော်ဖြင့် စတင်ခဲ့သည့် ရက္ခိုင့် တပ်မတော်(AA)သည် ၉ နှစ်ကျော် ကာလ အတွင်း အင်အား ၇၀၀၀ ဝန်းကျင် အထိ ရောက်ရှိလာကာ ၂၀၁၈ ခုနှစ်မှ စတင်ကာ ရခိုင်ပြည်နယ်တွင် ခြေကုပ်ရယူနိုင်ရေး ကြိုးပမ်း လာပြီး နောက် တပ်မတော်နှင့် တိုက်ပွဲများလည်း ခပ်စိပ်စိပ် ဖြစ်လာခဲ့သည်။
၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင်မူ ဘူးသီးတောင်မြို့နယ် နယ်ခြားစောင့် ရဲစခန်း ၄ ခုကို အင်အား ရာချီနှင့် ဝင် ရောက် စီးနင်းခဲ့ကာ လက်နက် ၄၀ ကျော်နှင့် ကျည်ဆန် ၁၆၀၀၀ ကျော်ကို ယူဆောင်သွားပြီး ဖမ်းဆီးခံရသူ ၁၈ ဦးကို နောက်ပိုင်းမှ ပြန်လွှတ်ပေးခဲ့သည်။
ရခိုင် သယံဇာတနှင့် သဘာဝ ကွန်ရက် ခေါင်းဆောင် တဦး ဖြစ်သူ ဦးထွန်းကြည်က ရခိုင်နှင့် ဘင်္ဂါလီသည် မည်သည့် အချိန်တွင်မှ မတည့်ခဲ့သဖြင့် AA နှင့် ARSA ပေါင်းသည် ဆိုသည်မှာ သမိုင်းတလျှောက် မကြားဘူးကြောင်း၊ တလျှောက် လုံးတွင် ရခိုင်-ဘင်္ဂါလီ အရေးအခင်းဟု ပြောဆိုလာပြီးမှ ရဲစခန်း ၄ ခု အတိုက်ခံရသည့် အခါ ယခုအသံ ထွက်လာခြင်းသည် မမှန်မကန် စွပ်စွဲ ပြောသည့် စကားမျိုး ဖြစ်နေကြောင်း ပြောသည်။
“AA ကို ထောက်ခံနေတာက ရခိုင် ၁၀၀ ရာခိုင်နှုန်းပဲ။ အများဆုံး လျော့တယ် ဆိုရင် ၁ ရာခိုင်နှုန်းပဲ ရှိမယ်။ ဒီထက် ပိုပြီးတော့ AA ကို ထောက်ခံမှု မလျော့ပါဘူး။ မြန်မာနိုင်ငံမှာ ရခိုင်ပြည်နယ်မှ မဟုတ်ဘူး။ ကျန်တဲ့ ပြည် နယ်တွေမှာ လည်း လက်နက်ကိုင်တွေ ရှိပါတယ်။ ကိုယ့်တိုင်းရင်းသား လက်နက်ကိုင်ကို ထောက်ခံတာက ရခိုင်မှတော့ မဟုတ် ဘူး။ KIO ကိုလည်း ကချင်တွေက ထောက်ခံနေတာပဲ”ဟု ဦးထွန်းကြည်က ဆိုသည်။
ရခိုင် ဒေသသည် အင်အားကြီး စူပါ ပါဝါ နိုင်ငံများ ဖြစ်သည့် အမေရိကန်၊ တရုတ်၊ အနောက်အုပ်စု နိုင်ငံများ၊ မွတ် စလင် နိုင်ငံများနှင့် အိန္ဒိယတို့၏ အကျိုးစီးပွား ဆုံချက် ဖြစ်လာနေပြီး လက်နက်ကိုင်များ၏ နောက်ကွယ်တွင် ရှိနေကာ ၎င်းတို့ ကစားသည့် အတိုင်း ဖြစ်ပျက်နေရခြင်း ဖြစ်ကြောင်း ရခိုင်လွှတ်တော် ကိုယ်စားလှယ် တချို့ က ပြောဆို ကြ သည်။
ရခိုင်ပြည်နယ် အရေး အစိုးရဘက်မှ ယခုလို ထုတ်ပြန် ပြောဆိုမှုများသည် ခိုင်လုံသည့် အထောက်အထားပေါ်တွင် အခြေခံရန် လိုအပ်ကြောင်း၊ သတင်းဌာန တခုပင် သတင်းရေးရာ၌ ခိုင်လုံသည့် အထောက်အထားပါရန် လိုအပ်သဖြင့် အစိုးရ တရပ် အနေဖြင့် ပိုပြီး ခိုင်လုံသည့် အထောက်အထားပေါ်တွင် အခြေခံသင့်ကြောင်း နိုင်ငံရေး လေ့လာသူ ဒေါက်တာ ရန်မျိုးသိမ်းက ပြောဆိုသည်။
“လက်ရှိ ရခိုင် အကြပ်အတည်းဟာ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့လည်း ဆက်စပ်နေတယ်။ အင်မတန်မှ သိမ်မွေ့တယ်။ ထိလွယ်ရှလွယ်တဲ့ အနေအထားမျိုး ရှိတယ်။ အဲဒီအတွက်ကြောင့် အမြော်အမြင် ရှိရှိနဲ့ ချင့်ချင့်ချိန်ချိန် ချဉ်းကပ်ပြီးတော့ အဖြေရှာနိုင်ဖို့ လိုအပ်တယ်လို့ မြင်တယ်”ဟု ၎င်းက ဆိုသည်။
AA အဖွဲ့ကမူ ARSA အဖွဲ့ နှင့် လုံးဝ ပတ်သက်မှု မရှိကြောင်း ပြောဆိုထားပြီး သတင်းစာ ရှင်းလင်းပွဲတွင် ဦးဇော်ဌေး ၏ ပြောဆိုချက်များသည် ရခိုင်လူမျိုးများကို ရာဇသံ ပေးကာ ရခိုင် တမျိုးသားလုံးကို စော်ကားသည့် လုပ်ရပ် အဖြစ် သတ်မှတ်ကြောင်း ကြေညာချက် တစောင် ဇန်နဝါရီ ၇ ရက်က ထုတ်ပြန်သည်။
ဆက်စပ် ဖတ်ရှုရန်
AA ကို စစ်ဆင်ပြီး နှိမ်နှင်းမည်ဟု သမ္မတ ရုံး ပြော