ရက္ခိုင့်တပ်မတော် (AA) ၏ ခြိမ်းခြောက်စာပို့ခံထားရသည့် မြောက်ဦးမြို့နယ် တိမ်ညိုရဲစခန်းမှ စခန်းမှူးနှင့် နယ်ထိန်းတို့ လုံခြုံမှု ရှိစေရန် အတွက် တိမ်ညို စခန်းလုံးခြုံရေးကို စနစ်တကျ ဆောင်ရွက်ထား ရှိကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရုံးမှ သတင်း ရရှိသည်။
AA က မြောက်ဦးမြို့နယ် တိမ်ညိုစခန်းမှ စခန်းမှူး ရဲအုပ် ကျော်ကျော်လှ နှင့် နယ်ထိန်းတို့ကို ဇန်နဝါရီလ ၆ ရက်နေ့က ကျည်ဆန် ၁ တောင့်စီနှင့် သတိပေးစာ ပေးပို့လာ သည့်အတွက် လုံခြုံရေး မလှစ်ဟာရန် စနစ်တကျ ဆောင်ရွက် ထားရှိခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းက ပြေသည်။
ရဲမှူးကြီး ကြည်လင်း က “စခန်းမှူးနဲ့ နယ်ထိန်းကို ပေးတာပါ။ စာနှစ်စောင်နဲ့ ကျည်ဆန် ၂ ထောင့်နဲ့ပါ။ လုံခြုံရေး ကတော့ ထုံးစဉ်အတိုင်း လုံခြုံရေး စနစ်တကျ ရှိအောင်လုပ်နေတယ်။ ကျန်တဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုလည်း သတိရှိရှိ နေဖို့ပဲ ညွန်ကြားထားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
တိမ်ညိုစခန်း အနေဖြင့် AA ၏ သတိပေးစာကို ကလေးတဦး လာရောက်ပေး ပို့မှုမှ တဆင့် လက်ခံ ရရှိခဲ့ခြင်း ဖြစ်ကြောင်း ပြည်နယ် ရဲမှူးကြီး ကြည်လင်း က ဆက်လက်ပြောကြားသည်။
“ကလေးလေး တယောက်ကနေ စာလာပေးတာ။ ရိုးရိုးစာ အောက်မေ့ပြီး စာပို့တဲ့ ကလေး ပြန်ထွက်သွားမှ စာကို ဖွင့်ကြည့် လိုက်တော့မှ အဲလို ဖြစ်နေတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ သူတို့အတွက် အထူးအထွေ ကာကွယ်ပေးတာတော့ မရှိဘူး။ ကျနော်တို့က တပ်ဖွဲ့ဝင်တိုင်းကို ကာကွယ်ပေးနေတာ ဖြစ်တယ်။ ကျန်တဲ့ တပ်ဖွဲ့ဝင်တွေနည်းတူ သတိရှိနေဖို့ပါပဲ ” ဟု ရဲမှူးကြီး ကြည်လင်း က ဆိုသည်။
ယင်းသို့ တိမ်ညိုရဲစခန်းမှတဝန်ရှိသူများကို ကျည်ဆန် တတောင့် စီဖြင့် သတိပေးစာပေးပို့ခြင်းမှာ ရုံးချုပ်အနေဖြင့် ညွန်ကြား ထားခြင်း မရှိသော်လည်း အောက်ခြေတပ်မှူးများက အခြေအနေအရ လိုအပ်၍ လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း AA သတင်းပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက ပြောသည်။
ဦးခိုင်သုခ “ဒီကိစ္စကို ကျနော်တို့ကတော့ မသိသေးဘူး။ ရုံးချုပ်ကလည်း ဒီကိစ္စနဲ့ ပတ်သက်လို့ ပြောဆိုတာ မရှိသေးဘူး။ ဖြစ်နိုင်တာကတော့ အောက်ခြေမှာ ရှိတဲ့ တပ်မှူးတွေက အခြေအနေအရ လိုအပ်သလို သတိပေးစာ ပေးပို့တာ ဖြစ်နိုင်တယ်။ အဲဒီလိုမျိုး သတိပေးစာပေးပို့တယ်ဆိုတာကတော့ မဖြစ်သင့်တာတွေ မဖြစ်ရအောင်လို့ပေါ့။ သူက ရွာသားတွေကို နှိပ်စက်ညှဉ်းပမ်း ဖိနှိပ်တာတွေ အနိုင်ကျင့်တာတွေ နည်းနည်း သူနာမည်ကြီးနေတာတွေ ရှိနေတယ်” ဟု ပြောသည်။
အဆိုပါ သတိပေးစာတွင် ရခိုင်ပြည်နယ်အတွင်း အမျိုးသားရေးလုပ်ငန်းစဉ်များနှင့် ULA ကချမှတ်ထား သည့် လုပ်ငန်းစဉ် များကို အကောင် အထည်ဖော် ဆောင်ရွက်နေကြသူများအား တစုံတရာ အနှောင့် အယှက်မပေးရန် အထူးသတိပေး လိုသည်။ အကယ်၍ အနှောင့်အယှက်ပေး မည်ဆိုပါက မည်သူ့ကိုမဆို တိကျ
ပြတ်သားစွာလက်တုန့်ပြန်သွား မည်ဟု ဖော်ပြထားသည်။
ပြီးခဲ့သော ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ် နွားရုံတောင် ရဲကင်းမှူးနှင့် အရပ်သား ၂ ဦးကို AA က ယခုကဲ့သို့ သတိပေးသာပေးပို့ထားခဲ့ပြီး ယခုတကြိမ်ဆိုလျှင် ရဲတပ်ဖွဲ့ဝင်များကို သတိပေးစာ ပေးပို့ထားသည်မှာ ဒုတိယအကြိမ် မြောက် ဖြစ်သည်။