ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်တွင် ဖြစ်ပွားခဲ့သော ရဲကင်းစခန်း ၄ ခုတိုက်ခိုက် ခံရမှုမျိုး နောင်မဖြစ်စေ ရန် ပြင်ဆင်နေလျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယ ရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး က ကတိပေးပြောဆိုလိုက် သည်။
ဘူးသီးတောင်မြို့နယ်တွင် ဇန်နဝါရီလ ၄ ရက်နေ့က ဖြစ်ပွားခဲ့သော ရဲကင်းစခန်းများ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး ဘူးသီး တောင်နှင့် မောင်တော ဒေသသို့ ဇန်နဝါရီ ၇ ရက်နေ့က ကွင်းဆင်းရောက်ရှိနေစဉ် ယင်းသို့ ပြောဆို သွားခြင်း ဖြစ်သည်။
ရဲချုပ် ဒုတိယ ရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးက“နောင်ဒီလိုမျိုးတွေ မဖြစ်စေရေးအတွက်လည်း လိုအပ်တဲ့ လုံခြုံရေး အရှိန် အဟုန်တွေကို တိုးမြှင့်ဆောင်ရွက်ပြီးတော့ အဓိကအားဖြင့် တိုင်းရင်းသား ပြည်သူလူထုအပေါ် နယ်မြေဒေသ လုံခြုံရေး တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးအတွက် အလေးထားပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း ကျနော့် အနေနဲ့ ကတိပြု တင်ပြအပ်ပါတယ်”ဟု ပြောဆိုသွားသည်။
ရဲကင်းစခန်း ၄ ခု တိုက်ခိုက်ခံရမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး တပ်မတော်နှင့် အစိုးရတို့က တိုက်ခိုက်ခံခဲ့ရမှု ဖြစ်ပွားပြီး ၂ ရက် လအကြာတွင် ထိုစခန်း ၄ ခု အနက်မှ ခထီးလှနှင့် ဂုပ္ပီစခန်း ၂ ခုရှိရာသို့ ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများကို ဖိတ်ခေါ် ခဲ့ပြီး ပစ်ခတ် တိုက်ခိုက်ခံခဲ့ရမှု အခြေအနေများကို ပြသခဲ့သည်။
နယ်ခြားစောင့် ရဲတပ်ဖွဲ့ကတော့ ၎င်းတို့ အနေဖြင့် အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA) ၏ အကြမ်းဖက် တိုက်ခိုက်လာမှုများ၊ စိမ့်ဝင်လာမှုများ မဖြစ်ပွားစေရန် အာရုံစိုက်နေစဉ်တွင် ရဲကင်းစခန်း ၄ ခုကို ရုတ်တရက် ဝင်ရောက် တိုက်ခိုက်ခဲ့သော ရက္ခိုင့် တပ်မတော် (AA) ၏ လုပ်ရပ်အပေါ် ရှုတ်ချသည်ဟု ရဲတပ်ဖွဲ့က ပြောသည်။
လတ်တလော ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ARSA တပ်ဖွဲ့ဝင်များ ဝင်ရောက်တိုက်ခိုက်မှု ရှိလာနိုင်ကြောင်း သတင်း ရရှိ ထားသဖြင့် လုံခြုံရေး သတိရှိစေရန်အတွက် အောက်ခြေတပ်များကိုလည်း အဆင့်ဆင့် ညွှန်ကြား ထားပြီး ဖြစ်ကြောင်း အမှတ် ၁ နယ်ခြားစောင့်တပ်ဖွဲ့မှ ဒုတိယ ကွပ်ကဲရေးမှူး ရဲမှူးကြီး ထွန်းအောင်ကျော် က ပြောပြသည်။
ရဲမှူးကြီး ထွန်းအောင်ကျော် က“ရတဲ့သတင်းပေါ့ အထက်ဌာနကလည်း ချပြတယ်။ ပတ်ဝန်းကျင်မှာ ကျနော်တို့ အမာခံတွေ ကိုယ်နဲ့ ခင်မင်ရင်းနှီးနေတဲ့ ပုဂ္ဂိုလ်တွေကလည်း လှမ်းပြီးတော့ ပေးနေတဲ့ သတင်းတွေ ရတာနဲ့ ကျနော်တို့လည်း အချိန်နဲ့ တပြေးညီ ချပြပြီးတော့မှ တပ်ဖွဲ့ဝင်တွေကို လူ၊ လက်နက် အသင့်ဖြစ်အောင် ဆောင်ရွက်လျက်ရှိပါတယ်”ဟု သတင်း ထောက်များကို ပြောသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့များ အနေဖြင့် ယခင်က ARSA အကြမ်းဖက် အဖွဲ့တဖွဲ့တည်း ကိုသာ အာရုံစိုက်ခဲ့ကြောင်း၊ ယခုအခါတွင် ARSA ကဲ့သို့ AA အဖွဲ့ကိုပါ လုံခြုံရေး သတိဖြင့် စောင့်ကြည့်ကြရန် လိုအပ်လာပြီဖြစ် ကြောင်း သတိပေးလိုက်ပြီး ကင်းစခန်းများ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ လက်တုန့်ပြန်သွားမည်ဟုလည်း ပြောဆိုသည်။
ရဲချုပ် ဒုတိယ ရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး က“အခုလို နောက်ကျောကို ဓားနဲ့ ထိုးခံရတဲ့ အခြေအနေကို ဒီအတိုင်း ထိုင် ကြည့် နေပြီး ခံနေဖို့ မဟုတ်ပါဘူး။ ရှေ့လုပ်သင့်လုပ်ထိုက်တဲ့ဟာ အားလုံးကို တပ်မတော်နဲ့ လက်တွဲပြီး တို့တွေ ဆက်လုပ် သွားရဦးမှာဘဲ”ဟု လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ ၎င်းတို့၏ မိသားစုဝင်များနှင့် တွေ့ဆုံရာတွင် ပြောဆိုသွားသည်။
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်းက ရဲကင်းစခန်း ၄ ခုကို ရက္ခိုင့်တပ်မတော် (AA) က ဇန်နဝါရီလ ၄ ရက်နေ့ မနက်ပိုင်းတွင် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံးကာ ၉ ဦး ဒဏ်ရာ ရရှိကာ တပ်ဖွဲ့ဝင် များနှင့် ၎င်းတို့၏ မိသားစုဝင် စုစုပေါင်း ၁၈ ဦးကိုလည်း ဖမ်းဆီးသွားခဲ့ပြီး ယင်းနေ့ညနေပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။
တိုက်ခိုက်ခံရသည့် စခန်းများမှာ ငမြင်းဘော်၊ ကျောင်းတောင်၊ ခထီးလှနှင့် ဂုပ္ပီကင်းစခန်းတို့ ဖြစ်ပြီး တိုက်ခိုက် ခံရမှုတွင် ငမြင်းဘော် စခန်းတွင် ၉ ဦး၊ ကျောင်းတောင်နှင့် ခထီးလှ စခန်းတို့က ၂ ဦးစီ ကျဆုံးခဲ့သည်။
ငမြင်းဘော်နှင့် ကျောင်းတောင် စခန်း ၂ ခုကို AA က ဝင်ရောက် စီးနင်းခဲ့ပြီး ကထီးလှနှင့် ဂုပ္ပီစခန်းတို့ကိုတော့ စည်းရိုး ကျော် နိုင်ခဲ့ခြင်း မရှိဟု ဆိုသည်။
တိုက်ခိုက်ခံရပြီး နာရီပိုင်း အတွင်းမှာပင် တပ်မတော်က ထိုစခန်း ၄ ခုလုံးထံသွားရောက်ကာ ရဲတပ်ဖွဲ့နှင့် ပူးပေါင်း တိုက်ခိုက် ခဲ့သဖြင့် AA တပ်ဖွဲ့များ ဆုတ်ခွာသွားခဲ့ကြောင်း လက်ရှိအချိန်တွင် ထိုစခန်း ၄ ခုလုံး၏ လုံခြုံရေးကို တပ်မတော် နှင့် ရဲတပ်ဖွဲ့တို့က ထိန်းသိန်းနိုင်လိုက်ပြီ ဖြစ်ကြောင်း အမှတ် ၁ နယ်ခြားစောင့် တပ်ဖွဲ့မှ ဒုတိယ ကွပ်ကဲရေးမှူး ရဲမှူးကြီး ထွန်းအောင်ကျော် က ပြောသည်။