၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှ စ၍ အသက် ၈၅ နှစ် အထက် ဘိုးဘွားများကို တလကျပ် ၁၅၀၀၀ ပေးအပ်ရန် စီစဉ် ဆောင် ရွက်ထားပြီး ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီး ဌာနက သိရသည်။
လူမှုဝန်ထမ်း ဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေးက“စီမံကိန်း ဆွဲထားတာတော့ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်မှာ ၈၅ နှစ်နဲ့ အထက် အဘိုးအဘွားတွေ အတွက်ကို ငွေကျပ် ၁၀၀၀၀ ကနေ ၁၅၀၀၀ တိုးမြှင့်ပြီး ထောက်ပံ့ဖို့ ရှိပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
၂၀၁၈-၂၀၁၉ ဘတ်ဂျက် နှစ်တွင် အသက် ၈၅ နှစ် အထက် အဘိုးအဘွား ဦးရေ ၁၄၀,၀၀၀ ကျော် အတွက် ၁၇ ဘီလီယံ ခန့် တင်ပြ တောင်းခံသော်လည်း၊ တနိုင်ငံလုံးရှိ အဘိုး အဘွား စာရင်းကို ကောက်ယူရာတွင် ၁၆၀,၀၀၀ ရှိနေကြောင်း သိရ သည်။
ဒေါ်စန်းစန်းအေးက“အဘိုးအဘွားဦးရေ တသိန်းလေးသောင်း ဆိုပြီး မှန်းဆပြီး တောင်းတယ်။ တကယ်တမ်း ကောက်လို့ ရတော့ ၁၆၈၅၇၈ ဦး ကောက်လို့ ရတယ်။ လိုအပ်တဲ့ ငွေကို ထပ်တောင်းပါမယ်”ဟု ပြောသည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် အသက် ၉၀ နှင့် အထက် ဘိုးဘွားဦးရေ လေးသောင်းကျော်ကို တလလျှင် ၁ သောင်း ကျပ် နှုန်းဖြင့် လူမှုရေး ပင်စင် ထောက်ပံ့ခဲ့ကာ ယခု ဘဏ္ဍာနှစ်၌ အသက် ကန့်သတ်မှု ဖြစ်သော ၉၀ မှ ၈၅ နှစ် အထိ လျှော့ချ ခဲ့ခြင်း ဖြစ်ပြီး ယခင်ထက် လူဦးရေ ၃ ဆကျော်သို့ တိုးမြှင့်ပေးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပျဉ်းမနားမြို့၊ မြို့ဦး ရပ်ကွက်နေ အသက် ၈၆ နှစ် အရွယ် ဒေါ်မှီ၏ သားဖြစ်သူ ဦးမြင့်ဦးက“အခုလို အလုပ် မလုပ်နိုင်တဲ့ အချိန်မှာ ထောက်ပံ့တယ် ဆိုတာတော့ လှူချင်တာ လှူလို့ ရတာပေါ့။ အစိုးရ အနေနဲ့ သက်ကြီးရွယ်အိုတွေ အတွက် ဆေးဝါးနဲ့ ဖြည့်စွက်စာတွေ ထောက်ပံ့မယ် ဆိုရင်တော့ ပိုပြီး အဆင်ပြေတာပေ့ါ”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် သက်ကြီး ရွယ်အိုများသည် ဝင်ငွေ မဖူလုံမှု၊ ကျန်းမာရေး ပြုစု စောင့်ရှောက်မှု ဆိုင်ရာ ပြဿနာနှင့် လူမှု ရေးဆိုင်ရာ အထီးကျန်မှု ပြဿနာများကို ရင်ဆိုင်နေရသည့် အတွက် ဝင်ငွေ အထောက်အကူ ဖြစ်စေရန် ၂၀၁၇ ခုနှစ်မှ စတင် ၍ အိမ်တိုင်ရာရောက် ပံ့ပိုးပေးခြင်း ဖြစ်သည်ဟု ဆိုသည်။
ယခု အစိုးရ လက်ထက် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်၌ တနှစ်ကို လေးသုတ် ခွဲကာ သုံးလ တကြိမ်နှုန်းဖြင့် ထောက်ပံ့ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။
ခံစားခွင့်ရှိသူ ဘိုးဘွားများ အနေဖြင့် လူမှုဝန်ထမ်းရုံးနှင့် အုပ်ချုပ်ရေး ရုံးများသို့ မှတ်ပုံတင် သို့မဟုတ် အိမ်ထောင်စု စာရင်း များဖြင့် ဆက်သွယ် စာရင်းပေးနိုင်ကာ အကယ်၍ မှတ်ပုံတင်၊ အိမ်ထောင်စု စာရင်း မရှိပါကလည်း အသက် ၈၅ အထက် ဖြစ်ကြောင်း ထောက်ခံပေးမည့်သူ ၃ ဦးနှင့် ရပ်ကွက်လူကြီး ထောက်ခံချက် ပါပါက ထောက်ပံ့ငွေ ပေးအပ် သွားမည်ဟု ဆိုထားသည်။
မှော်ဘီ မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမောင်ဝင်းကလည်း“နောက်တဆင့် အနေနဲ့ အသက် ၈၅ နှစ် အထက်ကို ကျန်းမာရေး အခမဲ့ ပေးနိုင်ဖို့ စီစဉ်နေပါတယ်။ အသက်ကို ၈၀ ထိ လျှော့ဖို့လည်း ဆွေးနွေးနေကြပါတယ်။ ဘတ်ဂျက်နှစ်နဲ့ ဆိုရင် ၂၀၁၉- ၂၀၂၀ လောက် ဖြစ်နိုင်ပါတယ်”ဟု ပြောဆိုသည်။
နိုင်ငံတကာတွင် ငွေကြေး ထောက်ပံ့မှုထက် ကျန်းမာရေး စောင့်ရှောက်မှုများ အခမဲ့ အများဆုံး ဆောင်ရွက်ပေးနေသဖြင့် မြန်မာနိုင်ငံတွင်လည်း ယင်းကဲ့သို့ ဆောင်ရွက်ပေးနိုင်ရန် အတွက် စီစဉ် ဆောင်ရွက်နေကြောင်း ပြည်သူ့ လွှတ်တော် ပြည် သူ့ ငွေစာရင်းကော်မတီ အဖွဲ့ဝင် ဦးအောင်ဝင်းက ပြောပြသည်။
ပျဉ်းမနားမြို့ ၊ အောင်ချမ်းသာ ရပ်ကွက်မှ အသက် ၉၂ အရွယ်ရှိ အဘွား ဒေါ်ယဉ်နု၏ သမီး ဒေါ်သန်းခင်ကလည်း“သူတို့ ထောက်ပံ့တဲ့ ပိုက်ဆံက သိပ်မများဘူး ဆိုပေမယ့် အဲ့ဒီ ထောက်ပံ့ငွေ ရပြီဆိုရင် အရမ်းကို ပျော်တာ။ အန်တီတို့ အနေ နဲ့ လည်း တော်တော်လေး ကျေးဇူးတင်ပါတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် အသက် ၆၀ နှစ် အထက် သက်ကြီးရွယ်အိုသည် ၁၉၇၃ ခုနှစ်တွင် ၆ ရာခိုင်နှုန်း၊ ၁၉၈၃ ခုနှစ်တွင် ၆ ဒသမ ၄ ရာခိုင်နှုန်း၊ ၂၀၁၄ ခုနှစ်တွင် ၈ ဒသမ ၉ ရာခိုင်နှုန်း အထိ တိုးလာကြောင်း၊ သက်ကြီးရွယ်အို ဦးရေ များပြားလာခြင်း သည် စီးပွားရေး ကိစ္စများတွင်ပါ သက်ရောက်မှု ရှိလာသည့်အတွက် ကြိုတင် ပြင်ဆင်ထားသင့်သည့် ကိစ္စတခု ဖြစ် ကြောင်း ၂၀၁၈ ခုနှစ် စက်တင်ဘာလ အတွင်းက ပြုလုပ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီး ရွယ်အိုများနေ့ ဂုဏ်ပြု အခမ်းအနားတွင် လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ် အေးက ပြောကြားသွား သည်။