သက်ဆိုင်ရာ နိုင်ငံများက အသိအမှတ်ပြုထားခြင်း မရှိဟုဆိုသော ပြည်ပ တက္ကသိုလ် နှစ်ခုနှင့် ပူးပေါင်းကာ ပြည်ထောင်စု ရာထူးဝန် အဖွဲ့က အစိုးရ အရာရှိများအား သင်ကြားပေးနေမှု ရပ်ဆိုင်း ဟု သမ္မတရုံး၏ ပြောကြားချက် အပေါ် ပြည် ထောင်စု ရာထူးဝန်အဖွဲ့က အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
မလေးရှား နိုင်ငံရှိ EDS တက္ကသိုလ်၊ အမေရိကန် နိုင်ငံမှ Akamai တက္ကသိုလ်တို့နှင့် မြန်မာနိုင်ငံမှ ပြည်ထောင်စု ရာထူးဝန် အဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်နေခြင်းကို ဇန်နဝါရီလ ၄ ရက်မှ စတင်ကာ ရပ်ဆိုင်းလိုက်ကြောင်း ဇန်နဝါရီလ ၇ ရက်တွင် ပြုလုပ်သော သမ္မတရုံး သတင်းစာ ရှင်းလင်းပွဲ၌ သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောခြင်း ဖြစ်သည်။
“ဒီဟာနဲ့ ပတ်သက်လို့ ပြောနိုင်တာက တက္ကသိုလ် နှစ်ခုနဲ့ ရာထူးဝန် အဖွဲ့နဲ့ ပေါင်းပြီး လုပ်တဲ့ဟာတွေ အကုန်လုံးက ၄ ရက်နေ့က စပြီး မရှိတော့ဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စု ရာထူးဝန် အဖွဲ့သို့ ဆက်သွယ် မေးမြန်းရာတွင် အတည်ပြု ပြောကြားနိုင်ခြင်း မရှိသေးကြောင်း ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ အဖွဲ့ဝင်၊ ပြောရေးဆိုခွင့် ရှိသူ ဦးစောဗယ်လင်တိုင်းက ဧရာဝတီကို ဖြေ ကြားသည်။
“အဲဒါတော့ ကျနော်တို့ အခုတော့ မထုတ်ပြန်နိုင်သေးဘူးပေါ့။ ဘယ်တော့လောက် ထုတ်ပြန်နိုင်မလဲ ဆိုတာလည်း အခု တော့ မပြောနိုင်သေးပါဘူး”ဟု ၎င်းက ဧရာဝတီကို ပြောသည်။
လက်ရှိတွင် ယင်း တက္ကသိုလ်များနှင့် ပူးပေါင်းကာ သင်တန်း ဖွင့်လှစ်နေမှုများ ရှိမရှိကို မေးမြန်းရာတွင်လည်း ၎င်းက ပြောကြားခြင်း မရှိပါ။
“အဲဒါလည်း ရုံးမေးမှ သိမယ် ထင်တယ်။ စာတွေ ဘာတွေတော့ ကျနော်တို့ဆီ မရောက်သေးဘူး” ဟု သာ ပြန်လည် ဖြေကြားခဲ့သည်။
ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အနေဖြင့် အဆိုပါ ကိစ္စနှင့် ပတ်သက်၍ သတင်း ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
တက္ကသိုလ် နှစ်ခုနှင့် ပူးပေါင်းမှုကို ရပ်ဆိုင်း လိုက်ကြောင်း သမ္မတရုံး ညွှန်ချုပ် ဦးဇော်ဌေးက ပြောကြားခဲ့သော်လည်း ယင်းတက္ကသိုလ်များနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ရှိနေဆဲ ဖြစ်ကြောင်း ရာထူးဝန် အဖွဲ့၏ ဆောင်ရွက်ချက်များ အပေါ် ဝေဖန် ထောက်ပြ ရေးသားနေသူ ဦးနေယံဦး က ပြောသည်။
ပြည်ထောင်စု ရာထူးဝန် အဖွဲ့လက်အောက်ရှိ ဗဟိုဝန်ထမ်း တက္ကသိုလ်တွင် ဇန်နဝါရီလ ၇ ရက်မှ မတ်လ ၁ ရက် အထိ အဆင့်မြင့် အရာထမ်း စီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ် ၅ ကို ဖွင့်လှစ်ခဲ့ရာ ယင်းသင်တန်းဖွင့်ပွဲ အခမ်းအနား၏ နောက်ခံ စင်မြင့်တွင် ကုလသမဂ္ဂ အဖွဲ့အစည်းများ၏ တံဆိပ်များနှင့် အတူ မလေးရှား EDS တက္ကသိုလ်၏ တံဆိပ်လည်း ပါဝင်နေ သည်ကို တွေ့ရသည့် အတွက် ဆက်လက် ပူးပေါင်းနေသည့် သဘော သက်ရောက်ပြီး သမ္မတရုံး၏ ပြောကြားချက်နှင့် ကွဲ လွဲ နေသည်ဟု ဦးနေယံဦးက ဝေဖန်သည်။
ဦးနေယံဦးသည် နိုင်ငံံတကာ ဆက်ဆံရေး သုတေသန အဖွဲ့အစည်းတခု ဖြစ်သည့် Pacific Forum တွင် မြန်မာ့ အရေး လေ့လာသူ သုတေသီ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး လက်ရှိတွင် အင်္ဂလန်နိုင်ငံ၊ အောက်စဖို့ဒ် တက္ကသိုလ်တွင် ပြည်သူ့ရေးရာ မူဝါဒ Public Policy တက်ရောက် ပညာသင်ကြားနေကာ ၎င်း၏ လူမှုကွန်ရက် စာမျက်နှာ၌ အဆင့်မမီ သည့် တက္ကသိုလ်များက အစိုးရ ဝန်ထမ်းများကို သင်တန်းများ၊ ဘွဲ့များပေးအပ်နေခြင်းသည် ထိခိုက် နစ်နာသည့် အတွက် ပြုပြင် ပြောင်းလဲရန် ရေးသားနေသူ ဖြစ်သည်။
ပြည်ထောင်စု ရာထူးဝန်အဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်နေသော အမေရိကန်နိုင်ငံ Akamai University နှင့် မလေးရှား နိုင်ငံမှ EDS Business School တို့သည် အရည်အသွေး ပြည့်မီသော တက္ကသိုလ် အဆင့်တွင် ရှိမနေဘဲ အမည်ခံ တက္ကသိုလ်များသာ ဖြစ်ပြီး သက်ဆိုင်ရာ နိုင်ငံများကလည်း အသိအမှတ် ပြုထားသည့် စာရင်းတွင် မပါရှိကြောင်း ၎င်းက ပြောသည်။
ယင်းကဲ့သို့သော တက္ကသိုလ်များနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းကြောင့် နိုင်ငံ အနေနှင့် ထိခိုက် နစ်နာရသည့် အတွက် ယင်း ကိစ္စနှင့် ပတ်သက်ပြီး ပြည်သူများ သိရှိနိုင်ရန် ပြည်ထောင်စု ရာထူးဝန်အဖွဲ့မှ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခြင်း၊ သတင်း ထုတ်ပြန်ခြင်းတို့ ဆောင်ရွက်ရန် လိုအပ်နေကြောင်း ဦးနေယံဦးက ဆိုသည်။
“ဘာကြောင့် ဒီအဖွဲ့တွေနဲ့ တွဲပြီး လုပ်နေတာလဲ။ ပိုက်ဆံတွေ ဘယ်လောက်ကုန်ခဲ့လဲ။ နောက်ကွယ်မှာ ဘယ်လို အကျိုး စီးပွား ဆက်နွယ်မှုတွေ ရှိနေလဲ။ မှန်သည် မှားသည်ကို ပြည်သူကို ရှင်းပြဖို့ လိုတယ်ဗျ၊ အထူးသဖြင့် ဒီမိုကရေစီ အစိုးရလို့ ပြောနေတဲ့ ယနေ့ ခေတ်မှာ တာဝန်ယူမှု တာဝန်ခံမှု ရှိဖို့ လိုတယ်။ အရာရာတိုင်းကို ပွင့်လင်း မြင်သာမှု ရှိရှိနဲ့ပေါ့” ဟု ဦးနေ ယံဦးက ပြောဆိုသည်။
ထို့ပြင် အစိုးရ အဖွဲ့အနေနှင့်လည်း ယင်းကိစ္စနှင့် ပတ်သက်ပြီး ပြည်ထောင်စု ရာထူးဝန် အဖွဲ့ကို စုံစမ်းစစ်ဆေးကာ အပြစ်ရှိသူများကို အရေးယူ သင့်ကြောင်းလည်း တိုက်တွန်း ပြောကြားထားသည်။
“ဒီဖြစ်စဉ်မှာ ပြည်သူ့ ဘဏ္ဍာတွေ အလဟဿ ဆုံရှုံးတယ်။ အဲဒီတော့ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ကို အစိုးရ အဖွဲ့က စုံစမ်း စစ်ဆေးပေးဖို့ လိုတယ်။ ဘတ်ဂျက်တွေ ဘယ်ရောက်သွားလဲ၊ ဘာကြောင့် ဒီအဖွဲ့တွေနဲ့ တွဲလုပ်နေလဲ။ ဒီနောက် ကွယ်မှာ အကျိုးစီးပွား ဆက်နွယ်မှု၊ အကျင့်ပျက်ခြစားမှုတွေ ရှိလားဆိုတာကို စုံစမ်း ဖော်ထုတ်ပြီး လိုအပ်ရင် အရေးယူ ပေးဖို့ လိုတယ်” ဟု ဦးနေယံဦးက ဆိုသည်။
အဆိုပါ တက္ကသိုလ် နှစ်ခုသည် ရာထူးဝန် အဖွဲ့၏ စီစဉ်မှုဖြင့် မြန်မာနိုင်ငံ အဆင့်မြင့် အရာရှိများ ဖြစ်သည့် ညွှန်ကြားရေး မှူးနှင့် ဒု ညွှန်ကြားရေးမှူးချုပ် အဆင့်များကို နိုင်ငံ့ ဝန်ထမ်း ခေါင်းဆောင်မှု စွမ်းရည် ဆိုင်ရာ မဟာဘွဲ့ (Master Of Leadership in Civil Service )ပေးအပ်နေခြင်း ဖြစ်ပြီး အခြားသော သင်တန်းများကိုလည်း သင်ကြား ပေးနေကြောင်း သိ ရသည်။